ခြေစမ်းပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ယူ-၂၀ အသင်းနှင့် ကမ္ဘောဒီးယားယူ-၂၀ အသင်းတို့ နှစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်

ခြေစမ်းပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ယူ-၂၀ အသင်းနှင့် ကမ္ဘောဒီးယားယူ-၂၀ အသင်းတို့ နှစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်

ရန်ကုန်    စက်တင်ဘာ    ၁၃

၂၀၂၅  အာရှယူ-၂၀ ပြိုင်ပွဲ   ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်သည့်အနေဖြင့် ထိုင်းနိုင်ငံတွင်  စခန်းသွင်းလေ့ကျင့်မှုများ လုပ်ဆောင်နေသည့် မြန်မာ့လက်ရွေးစင်ယူ-၂၀ အသင်းသည် ယနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ Alpine Football Camp Training ၌  ခြေစမ်းပွဲစဉ်အဖြစ် ကမ္ဘောဒီးယားယူ-၂၀ အသင်းနှင့် ကစားခဲ့ရာ နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးလူစားလဲမှု အများအပြားလုပ်ဆောင်ခဲ့ကာ အပြန်အလှန် ဖိအားပေးမှုများ ရှိခဲ့ပြီး မြန်မာ့လက်ရွေးစင်ယူ-၂၀ အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၄၈ မိနစ်တွင် မင်းမော်ဦးနှင့် ပွဲချိန် ၈၃ မိနစ်တွင် ဝင်းပြည့်မောင်က သွင်းယူပေးနိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင်ယူ-၂၀ အသင်းသည် ၂၀၂၅ အာရှယူ-၂၀ ပြိုင်ပွဲ ခြေစစ်ပွဲအတွက် ပဏာမကစားသမား ၂၄  ဦးဖြင့် စုဖွဲ့ပြီး ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၁၄ ရက်ထိ စခန်းသွင်းလေ့ကျင့်မှုများ လုပ်ဆောင်မည်

ဖြစ်သည်။

‌မြန်မာ့လက်ရွေးစင်ယူ-၂၀အသင်းသည် အာရှယူ-၂၀ ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်တွင် အုပ်စု(I)တွင်    ဂျပန်ယူ-၂၀ အသင်း၊ ကာဂျစ်စတန်ယူ-၂၀ အသင်း၊ တာ့ခ်မင်နစ္စတန်ယူ-၂၀ အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုပွဲစဉ်များကို ကာဂျစ်စတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ် ကြောင်း သိရသည်။                          

စည်သူအောင်

Dates: 
Saturday, September 14, 2024 - 11:31