တက်ညီလက်ညီကူညီကယ်ဆယ်စောင့်ရှောက်

 

တက်ညီလက်ညီကူညီကယ်ဆယ်စောင့်ရှောက်

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ စက်တင်ဘာ  ၁၅ ရက်)

    မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက "မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် အနောက် မြောက်ပိုင်းဒေသများတွင် ဖြစ်ပေါ်ခဲ့သော လေပွေလှိုင်း၏ အရှိန်ကြောင့် စက်တင်ဘာလ ၁၅ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် မိုးကြီးခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း နှင့်မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ကုန်းမြင့်ဒေသ အနီးတွင်နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်း ပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် ဖြစ်ကြောင်း" အသိပေး နှိုးဆော်ထားသည်။

ပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ အရပ်ဒေသအခြေအနေကို ကြိုတင်လေ့လာ ထားကြရမည် ဖြစ်သည်။ မိမိတို့နေရာသည် မြေနိမ့်လား၊ ကုန်းမြင့်လား၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် ရှိနေသလား ဆိုသည့်ပထဝီ အနေအထားကို သိရှိမှတ်သားထားရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည်ဟု သတိပေးချက်ကို အလေးအနက်ထားကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သင့်သည်။ ဤလောကတွင် လူ့အသက်သည်သာ အရေးကြီးဆုံးဖြစ်ပေရာ ပစ္စည်းဥစ္စာများအား စွန့်လွှတ်သင့်က စွန့်လွှတ်ရမည် ဖြစ်သည်။ သက်ရှိထင်ရှားရှိနေသမျှ ပစ္စည်းဥစ္စာများကို ပြန်လည်ရှာဖွေ စုဆောင်းနိုင်သည်။ မိမိအသက်၊ မိမိတို့မိသားစု အသက်ရှင်ရေးသည် ပဓာနအကျဆုံးဖြစ်သည်။ ကျရောက်လာမည့် သဘာဝဘေးအန္တရာယ် အတွက် ကြိုတင်လုပ်ဆောင် ထားသင့်သည်များကိုလည်း နိုင်ငံပိုင် သတင်းမီဒီယာများတွင် ထပ်ခါတလဲလဲ အသိပေးထားပြီးဖြစ်သည်။

လက်ရှိအနေအထားတွင် တောင်တရုတ်ပင်လယ်၌ ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂိ၏ အရှိန်နှင့်ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် စက်တင်ဘာလ ၁ဝ ရက်မှစတင်ကာ နေရာအနှံ့အပြားတွင် မိုးအဆက်မပြတ် ရွာသွန်းမှု များဖြစ်ပွားခဲ့သည်။ မိုးရွာသွန်းမှု များပြားခြင်းကြောင့် ချောင်းရေနှင့်မြစ်ရေများ အဆက်မပြတ်မြင့်တက်လာ ခဲ့သည်။ ထို့ကြောင့်နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်အချို့နှင့်အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှမြို့နယ် အချို့တို့တွင် ရေများဝင်ရောက်လျက် ရှိခြင်းကြောင့် ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းပေးကြရသည်။

နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်း အဖွဲ့များက ရေကြီးရေလျှံမှုဖြစ်ပွားလျက် ရှိသည့်နေရာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အားတက်သရော ဆောင်ရွက်ပေးလျက်ရှိကြသည်။ တပ်မတော်(ကြည်း၊ ရေ၊လေ)မိသားစုဝင်များ၊ စေတနာရှင်ပြည်သူများကလည်း ရေဘေးသင့်ပြည်သူများ စားသောက်ရေး အခက်အခဲ မရှိစေရေးအတွက် ထမင်းဘူးများ၊ ရေသန့်များနှင့် အခြားစားသောက်ဖွယ်ရာများ၊ အဝတ်အထည်နှင့် အခြားအသုံးအဆောင်ပစ္စည်းများကို လိုက်လံဝေငှလျက်ရှိသည်။

မြန်မာနိုင်ငံရှိပြည်သူများသည် သဘာဝဘေးအန္တရာယ် တစ်ခုခုကြုံလာခဲ့လျှင် ကူညီကယ်ဆယ်ပေးနိုင်သူများက ကူညီကယ်ဆယ်မှုများ ပေးခြင်း၊ထောက်ပံ့ လှူဒါန်းနိုင်သူများက ထောက်ပံ့လှူဒါန်းပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်မှာ ဓလေ့ထုံးစံတစ်ခုကဲ့သို့ဖြစ်သည်။ တပ်မတော်သားများ အနေဖြင့်လည်း မိမိတို့တပ်ရင်း/တပ်ဖွဲ့တည်ရှိရာနေရာများတွင်သာမက အခြားလိုအပ်သည့် နေရာများသို့ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ် စောင့်ရှောက်ပေးလျက်ရှိသည်။ တပ်မတော်အကြီးအကဲ အနေဖြင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့နေသည့်ပြည်သူလူထုအား အမိန့်စောင့်စရာမလိုဘဲ သွားရောက် ကူညီမှုပေးရန် ကြိုတင်အမိန့်ပေးထားပြီးလည်း ဖြစ်သည်။ ထို့ပြင်ဆေးဝန်ထမ်း တပ်ဖွဲ့များကလည်း ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်အတွက်လည်း အချိန်နှင့်တစ်ပြေးညီ လက်တွေ့ကုသမှုများ ပေးလျက်ရှိသကဲ့သို့ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရေကြီးရေလျှံခြင်းနှင့်အတူ ဖြစ်ပေါ်တတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါကဲ့သို့ ကူးစက်ရောဂါများ မဖြစ်ပွားရေးအတွက် ကြိုတင်ကာကွယ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း အစားအသောက်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။ ရေကြီးရေလျှံဘေး ဖြစ်ပေါ်သည့်နေရာများသို့ ကူညီကယ်ဆယ်ရေး သွားရောက်ကယ်ဆယ်နေကြသည်မှာ ရေစီးအလွန်သန်လွန်းသည့် ရေပြင်ကျယ်တွင် စက်လှေများဖြင့် စွန့်စွန့်စားစား ကယ်တင်ရခြင်းဖြစ်သည်။ ကူညီကယ်ဆယ်ပေးကြသော တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများ၏ စွမ်းဆောင်မှုမှာ လေးစားထိုက်သည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူဝန်ထမ်းများအနေဖြင့် ပျက်စီးသွားသော လမ်းတံတားများ၊ လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်ရေးတိုင်များနှင့် အဆောက်အအုံများကို အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ပေးခြင်း၊ လမ်းများတွင်ပိတ်ဆို့နေသည့် သစ်ပင်/သစ်ကိုင်းများအား ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူများ အားလုံး တက်ညီလက်ညီကူညီကယ်ဆယ် စောင့်ရှောက်လျက်ရှိသည့်အတွက် ပြည်သူများကိုယ်စား မြဝတီက ကျေးဇူးတင်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။

Dates: 
Sunday, September 15, 2024 - 05:11