အီရန်က သုတေသနဂြိုဟ်တု တစ်စင်းကို လွှတ်တင်

 

အီရန်က သုတေသနဂြိုဟ်တု တစ်စင်းကို လွှတ်တင်

 

တီဟီရန်၊ ပြည်တွင်းရေး

    အီရန်နိုင်ငံက စက်တင်ဘာလ ၁၄ ရက် တွင် သုတေသနဂြိုဟ်တု တစ်စင်းကို ကမ္ဘာ ပတ်လမ်းအတွင်းသို့ လွှတ်တင်လိုက်သည် ဟု နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ထား သည်။

အီရန်နိုင်ငံသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသော်လည်း နိုင်ငံ၏ အာကာသစီမံကိန်းများကို ဆက်လက်ဆောင်ရွက် လာနိုင်နေဆဲဖြစ်သည်။

ယခုဂြိုဟ်တုသည် Chamran-1 အမည် ရှိသုတေသနဂြိုဟ်တုဖြစ်ပြီး Ghaem-100 ဒုံးပျံဖြင့် အောင်မြင်စွာ လွှတ်တင်လိုက်ခြင်း ဖြစ်ကြောင်း   နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားသည်။

ထိုဂြိုဟ်တုသည် အလေးချိန်ကီလိုဂရမ် ၆၀ ရှိပြီး ကမ္ဘာပတ်လမ်းအတွင်း သွားလာ မှု နည်းပညာအတွက် စနစ်များကိုစမ်းသပ်ရန် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အီရန်အီလက်ထရွန်နစ် စက်မှုလုပ်ငန်း က ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သတင်းဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

Ghaem-100 ဒုံးပျံကို အီရန်တော်လှန် ရေး အစောင့်တပ်ဖွဲ့၏   လေကြောင်းအာကာသ အဖွဲ့အစည်းက ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ 

Dates: 
Sunday, September 15, 2024 - 06:20