အနောက်အုပ်စုက ယူကရိန်းကို နယ်ရုပ်တစ်ရုပ်လိုပဲ ထိုးကျွေးလိုက်လေပြီလား

 

အနောက်အုပ်စုက ယူကရိန်းကို နယ်ရုပ်တစ်ရုပ်လိုပဲ ထိုးကျွေးလိုက်လေပြီလား

 

  ကြိုတင်မျှော်လင့်နိုင်သော၊ ကြိုတင်မျှော်လင့်ထားခဲ့သော အရာကဖြစ်ပေါ်လာခဲ့ပြန်ပါပြီ။ ဘယ်လို အကြောင်းအရာလဲဆိုရင် အမေရိကန်နဲ့ဗြိတိန်တို့က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးပြီး ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်ရာမှာအသုံး ပြုခွင့်ပေးလိုက်ခြင်းပါပဲ။ ဒီလိုအခြေအနေဟာ စစ်ပွဲ ကိုပိုပြီးကြာရှည်စေမယ်၊ ယူကရိန်းကို ပိုပြီးအထိနာ စေမယ်ဆိုတာသိသိကြီးနဲ့ အနောက်အုပ်စုက အခုလို လုပ်ရပ်တွေကို လုပ်လာတာလို့ သုံးသပ်လို့ရပါတယ်။ ဒါဆိုရင် သူတို့ကဘာကြောင့်များ တင်းမာမှုတွေပိုပြီး ဖြစ်ပေါ်လာအောင် လုပ်နေရတာလဲ။

အနောက်အုပ်စုအနေနဲ့ အခုလိုအခြေအနေမျိုး မရောက်ရောက်အောင် လှမ်းလာလိမ့်မယ်ဆိုတာကို အစောကြီးကတည်းက ကြိုတင်တွက်ဆ ထားပြီးသားပါ။ အရင်တုန်းကတော့ ယူကရိန်းကို ထောက်လှမ်းရေး သတင်းတွေပေးတယ်။ ကြေးစားစစ်သည်တွေ စေလွှတ်တယ်။ စစ်ရေးအကြံပေးတွေပို့ပေးတယ်။ ဒီလောက်နဲ့ ရုရှားကိုအလဲမဖြိုနိုင်တဲ့အခါမှာ အမျိုးမျိုးသောတင့်တွေ၊ သံချပ်ကာယာဉ်တွေ၊ ဒုံးကျည်ပစ်လွှတ်မှုစနစ်တွေနဲ့ မကြာသေးမီကဆိုရင် F-16 တိုက် လေယာဉ်တွေကိုတောင်မှ ပေးပို့ထောက်ပံ့ပေးခဲ့တာပါ။ အဲဒီတိုက်လေယာဉ်တွေထဲက တစ်စင်းကတော့ ယူကရိန်းဆီရောက်ပြီး မကြာမီမှာပဲ ပျက်ကျသွားပါ တယ်။

အခုတော့ Storm Shadow ဒုံးကျည်ကို အသုံးပြုဖို့အတွက် အချိန်ကျရောက်လာပြန်ပါပြီ။ အဲဒါပြီးရင် တာဝေးပစ်ဒုံးကျည် အမျိုးအစားဖြစ်တဲ့ ATACMS ဒုံးကျည်တွေကို အသုံးပြုလာပါတော့မယ်။ ဒီလိုဒုံးကျည်တွေ အသုံးပြုဖို့အတွက် သူတို့ပြလာတဲ့အကြောင်းကတော့ အီရန်နိုင်ငံက ရုရှားနိုင်ငံကို တာတိုပစ်အမြင့် ပျံဒုံးကျည်တွေ ပို့ဆောင်ပေးနေတယ်ဆိုတဲ့ အခြေအမြစ်မရှိ စွပ်စွဲချက်တွေပါပဲ။ ဒီလိုစွပ်စွဲလာသူက အမေရိကန်နဲ့ အပေါင်းအပါတွေပါ။ အီရန်ကတော့ သူတို့ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

အမေရိကန်တွေဆိုတာ နိုင်ငံတစ်နိုင်ငံကို ပျက်စီးစေချင်ပြီဆိုရင် ပြင်းထန်တဲ့ ကောလာဟလတွေ၊ စွပ်စွဲချက်တွေနဲ့ အရင်စွပ်စွဲပါတယ်။ ပြီးတော့မှ အဲဒီနိုင်ငံမှာ ဒီလိုတွေရှိနေလို့ ကျွန်တော်တို့က အခုလိုလုပ်ရတာပါဆိုပြီး အသံကောင်းဟစ်တာပါ။ အီရတ်မှာဆို ရင်လည်း အဖျက်စွမ်းအားပြင်း လက်နက်တွေရှိနေတယ်။ အဲဒီလက်နက်တွေနဲ့ အစ္စရေးကို တိုက်ခိုက်ရာမှာ အသုံးပြုနေပါတယ်လို့ ပြောပြီး ကျူးကျော်မှုတွေ လုပ်ရာမှာ အီရတ်ဆိုတာ လက်ရှိမှာပြာပုံဘဝကနေ မနည်းရုန်းကန်ထနေရတဲ့ အခြေအနေကို ရောက်သွားပါတယ်။ တကယ်လို့များ အီရန်က ဒုံးကျည်တွေကို ပို့ဆောင်ပေးနေတယ် ဆိုစေဦးတော့။ ဒါဟာ အချုပ် အခြာအာဏာပိုင် နိုင်ငံများကြားက လုပ်ပိုင်ခွင့်တစ်ခုသာဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ဘာမဟုတ်တဲ့ ဒီလိုကိစ္စတွေကို ပြဿနာတစ်ရပ်အဖြစ်ရှုမြင်ခြင်းကြောင့်လည်း အခုလိုအချိန် ကမ္ဘာတစ်ဝန်းမှာ သူတို့ မွှေးတဲ့မီးတွေ လောင်ကျွမ်းနေရတာပါ။

ယူကရိန်းအရေးကိုပြန်ဆက်ရရင် အနောက်အုပ်စုအနေနဲ့ ယူကရိန်းနိုင်ငံကို အခုလိုမျိုး တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်ပေးလိုက်တာဟာ အဲဒီနိုင်ငံအနေနဲ့ ရုရှားနဲ့ပဋိပက္ခမှာ အရှုံးကြီးရှုံးနေတယ်ဆိုတာကို ရည်ညွှန်းနေပါတယ်။ မကြာသေးခင်ကဖြစ်သွားတဲ့ တိုက်ပွဲများကို ကြည့်မယ်ဆိုရင် ယူကရိန်းဘက်က ခု(စ်)ဒေသကို အသေခံကျူးကျော် တိုက်ခိုက်မှုတွေလုပ်တယ်။ အဲဒီတိုက်ခိုက်မှုတွေကို ရုရှားက ထိန်းချုပ်လိုက်နိုင်တယ်။ ပြီးတဲ့အခါ တန်ပြန်တိုက်စစ်ဆင်နွှဲတယ်။ ယူကရိန်းတို့ရဲ့ထိုးစစ်က အသက်သွေးချွေး ဆုံးရှုံးမှုများစွာနဲ့ စတေးလိုက်ရပေမယ့် မြေပြင်မှာတော့ ရုရှားတို့ရဲ့ တန်ပြန်တိုက်စစ်ကြောင့် ယူကရိန်းအနေနဲ့ အရှေ့ပိုင်းနယ်မြေ အများအပြားကို စွန့်လွှတ်လာနေရတယ်လို့  အမေရိကန်နိုင်ငံရဲ့ သတင်းစာကြီးတစ်စောင်ဖြစ်တဲ့ New York Times သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီအချိန်မှာ အမေရိကန်တို့က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ  အသုံးပြုခွင့်ပေးပေမယ့်လည်း ဇီလန်စကီအစိုးရရဲ့ ရှုံးနိမ့်မှုနဲ့ ပြိုလဲမှုကိုမကယ်တင် နိုင်တော့ပါဘူး။ အထင်ရှားဆုံးတစ်ခု ပြောရမယ်ဆိုရင် ယူကရိန်းမှာ ဒီလိုတာဝေးပစ်ဒုံးကျည် ပမာဏက သိပ်များများစားစား မရှိပါဘူး။ အနောက်အုပ်စုရဲ့နိုင်ငံရေး အခြေအနေတွေနဲ့ ထုတ်လုပ်မှုပမာဏက ယူကရိန်း ကို အမြောက်အမြားပံ့ပိုးပေးစေဖို့ မဖြစ်နိုင်ပါဘူး။ အကယ်၍ ယူကရိန်းက  ကံကောင်းပြီး ရုရှားနိုင်ငံထဲမှာ ပျက်စီးမှုတချို့ဖြစ်သွားစေတယ် ဆိုရင်တောင်မှ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့လမ်းကြောင်းကတော့ ပြောင်းလဲသွားမှာ မဟုတ်တော့ပါဘူး။

ဒီလက်နက်တွေနဲ့ ရုရှားအပေါ် တိုက်ခိုက်မှုတွေ လုပ်လာရင် ရုရှားကလည်း တန်ပြန်တိုက်ခိုက်မှုတွေ လုပ်လာမှာပါ။ အဲဒီတန်ပြန် တိုက်ခိုက်မှုတွေက ယူက ရိန်းကြောင့် သူတို့ခံစားရတာထက် အဆပေါင်းများစွာ ပိုပါလိမ့်မယ်။ ယူကရိန်းအစိုးရအနေနဲ့ကလည်း ကောက်ရိုးမျှင်ကို တစ်မျှင်ပြီးတစ်မျှင် လှမ်းဆွဲတတ် တဲ့ အကျင့်လေးကရှိနေပြန်ပါတယ်။ ဒါကြောင့် ယူကရိန်းအနေနဲ့ ပြည်တွင်းမှာသာမက ပြည်ပမှာပါ ဝါဒဖြန့်မှုတွေလုပ်နိုင်စေဖို့ အတွက် တိုက်ခိုက်မှုကြီးကြီး မားမားတွေကို ဆက်လုပ်လာနိုင်ပါတယ်။ နောက်ဆုံးမှာတော့ အဲဒီတိုက်ခိုက်မှုတွေကြောင့် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ဒေသတွင်းဖြစ်တဲ့ ဥရောပဒေသစစ်ပွဲ သာမက တစ်ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲကြီးအထိပင်ဖြစ်သွားနိုင်ပါလိမ့်မယ်။   ဒီလိုမျိုးကမ္ဘာပျက်လုမတတ် စစ်ပွဲကြီးတွေဖြစ်ပွားခြင်းက ယူကရိန်းအနေနဲ့ အရှုံးကို တွန်းလှန်ပယ်ရှားနိုင်မယ့် နောက်ဆုံး အခွင့်အရေးလို့ သတ်မှတ်ထားပုံရပါတယ်။

အခုအချိန်မှာတော့ ယူကရိန်းနိုင်ငံ အလွန်မှာရှိတဲ့ ထိန်းချုပ်ဖို့ရန်ခက်ခဲသော အန္တရာယ်ကြီးတစ်ခုက ထင်သာမြင်သာ ပေါ်ထွက်လာပါပြီ။ ဒီအခြေအနေကိုမှ မထိန်းချုပ်ကြဘူးဆိုရင်တော့ နောက်ဆက်တွဲ အကျိုးဆက်တွေက မတွေးရဲလောက်အောင်ကို ဖြစ်လာမှာ အသေအချာပါပဲ။ ရုရှားသမ္မတ ဗလာဒီမာပူတင်က တော့ ယူကရိန်းအနေနဲ့ ဒီလိုမျိုးလက်နက်တွေရလာတာဟာ အနောက်အုပ်စု အထူးသဖြင့် NATO အုပ်စုရဲ့ ထောက်ပံ့မှုကြောင့်ဖြစ်တယ်ဆိုတာ မငြင်းနိုင်တဲ့ သက်သေဖြစ်ကြောင်း၊ ယူကရိန်းကသာ တာဝေးပစ် ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်မယ်ဆိုရင် ဒါဟာ NATO နဲ့ရုရှားတို့ကြားစစ်ဖြစ်တာ နဲ့အတူတူပဲဖြစ်ကြောင်း၊ ဒီအချိန်မှာ အနောက်အုပ်စုအနေနဲ့ ဖြေရှင်းချက် ကောင်းကောင်းပေးရမှာဖြစ်ကြောင်းနဲ့ ဒီလိုသာမဟုတ်ဘဲ တာဝေးပစ်ဒုံးကျည်နဲ့ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်လိုက်မယ်ဆိုရင် ဒါက လက်ရှိပဋိပက္ခမှာ တိုက်ရိုက်ပါဝင်လာတာလို့ မှတ်ယူရမှာဖြစ်ကြောင်း အတိအလင်း ပြောထားပါတယ်။

အကယ်၍များ အနောက်အုပ်စုက ထောက်ပံ့ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ယူကရိန်းက ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်လာမယ်ဆိုရင် ပိုလန် နဲ့ ရိုမေးနီးယားတို့မှာရှိတဲ့ NATO တပ်ဖွဲ့ရဲ့စစ်စခန်းတွေဟာလည်း ရုရှားရဲ့တရားဝင် စစ်ရေးပစ်မှတ်ကြီးတွေဖြစ်သွားပြီး တိုက်ခိုက်မှုတွေ ခံရမှာမလွဲဧကန်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရုရှားအနေနဲ့ ဒီလိုလုပ်မှာတော့ မဟုတ်ပါဘူး။   သို့သော် တခြားသောနည်းနဲ့ တုံ့ပြန်လာနိုင်ပါတယ်။ အဲဒီနည်းကတော့ အနောက်အုပ်စုရဲ့ ပြိုင်ဘက်နိုင်ငံတွေကို လက်နက်တွေထောက်ပံ့ ပေးလာနိုင်ခြင်း ဖြစ်ပါတယ်။ အခု အနောက်အုပ်စုက ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးနေသလို မျိုးပါပဲ။

နောက်တစ်ချက်က ရုရှားအစိုးရတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒီမီထရီပက်စကော့ရဲ့ ပြောဆိုချက်တချို့ကို ကြည့်မယ်ဆိုရင် ယူကရိန်းအစိုးရ အနေနဲ့စိုးရိမ်သင့် တဲ့အချက် ပါဝင်နေတာကိုတွေ့ရမှာပါ။ အဲဒါကတော့ ယူကရိန်းကို ထောက်ပံ့ပေးနေတဲ့ အနောက်အုပ်စုဆိုတာက ငရဲပြည်မှမိတ်ဆွေများ ဖြစ်တယ်လို့ပြောထားတာပါ။ ဒါ့အပြင် အနောက်အုပ်စုရဲ့ ယူကရိန်းအပေါ် ထားရှိတဲ့မူဝါဒကိုကြည့်မယ်ဆိုရင်လည်း ယူကရိန်းဆိုတာ   သူတို့ရဲ့ပထဝီနိုင်ငံရေး လိုဘများအတွက် ထားရာနေစေရာသွားမယ့် နယ်ရုပ်တစ်ရုပ်လောက်သာ သဘောထားကြတာပါ။

ဒီတော့ ယူကရိန်းက ရုရှားကိုတာဝေးပစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်လာပြီဆိုရင် ရုရှားရဲ့လက်တုံ့ပြန်မှုကို အရင်ဆုံးခံစားရမှာက ယူကရိန်းပါ။ ဒီစစ်ပွဲမှာ အနောက်အုပ်စုက ဘယ်လောက်ပဲ   ထဲထဲဝင်ဝင် ပါတယ်ပြောပြော ရှေ့တန်းကနေ အရင်ဆုံးအသေခံပေးရမှာက ယူကရိန်းဖြစ်လို့နေပါတယ်။ သူကနယ်ရုပ် ဆိုတော့ ထိုးကျွေးခံရတဲ့သဘောပါပဲ။ ဒီအခြေအနေ ဖြစ်လာမှာကို အနောက်အုပ်စုက မတွေးထားဘဲမနေပါဘူး။ တွေးထားပါတယ်။ ဒီလိုဖြစ်အောင်ပဲ သူတို့က တမင်ရည်ရွယ်ချက် ရှိရှိလုပ်လိုက်တာပါ။ အဲဒီရည်ရွယ် ချက်ကတော့ ယူကရိန်းအနေနဲ့ ရုရှားနဲ့အပေးအယူ အလျှော့အတင်းလုပ်   ညှိနှိုင်းလာစေဖို့ဖြစ်တယ်လို့ ယူဆရပါတယ်။

ဘာကြောင့်လဲဆိုရင် အရှေ့မှာပြောခဲ့သလိုမျိုးပဲ ယူကရိန်းမှာ ရုရှားကိုပစ်ဖို့  တာဝေးပစ်ဒုံးကျည်တွေ အလုံအလောက်မရှိပါဘူး။ ရသမျှတာဝေးပစ်ဒုံးကျည် တွေနဲ့ပစ်လိုက်မယ် ဆိုရင်လည်း ရုရှားရဲ့လက်တုံ့ပြန် တိုက်ခိုက်မှုတွေနဲ့ မလွဲမသွေ ရင်ဆိုင်ရမှာပါ။ နောက် ဆုံးမှာတော့ ယူကရိန်းနိုင်ငံစိစိညက်ညက်အကြေခံ မလား။ ဆွေးနွေးညှိနှိုင်းပြီး  စစ်ပြေငြိမ်းမလားဆိုတဲ့ ရွေးချယ်မှုနှစ်ခုကိုသာ ရွေးသွားရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာဆိုရင် ယူကရိန်းရဲ့ ဆုံးရှုံးမှုက ပိုမိုကြီးမားလာဖို့သာ ရှိမှာပါ။

ဒါဆိုရင် ဒီစစ်ပွဲကြီးဖြစ်နေရခြင်းရဲ့ နောက်ဆုံးရလဒ်က ဘာလဲ။ အနောက်အုပ်စုကရော သူတို့လိုချင်တဲ့ ပန်းတိုင်မရောက်နိုင်မှန်း သိသိကြီးနဲ့ ဘာကြောင့်မို့ ယူကရိန်းကို ရုရှားဆီမှာ ထိုးကျွေးရတာလဲ။  ယူကရိန်းအစိုးရကရော   ဒီအခြေအနေတွေကို ထည့်သွင်း မစဉ်းစားဘူးလား အစရှိတဲ့မေးခွန်းပေါင်းများစွာကတော့ သမိုင်းမှာကျန်ရှိနေခဲ့တော့မှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အနောက်အုပ်စုဟာ ယူကရိန်းအတွက် ငရဲပြည်ကလာတဲ့ မိတ်ဆွေတွေဖြစ်နေပြီလားဆိုတာ ယုံရတော့ မလိုတောင်ဖြစ်နေပါပြီ။   

Ref: RT