မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ “ချောင်ချောင်”ရွှေဆိုင်နေအိမ်အား ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသား ၆ ဦးကို သက်သေခံပစ္စည်း ရွှေ ၁၀ ပိဿာကျော်၊ ငွေကျပ်သိန်း ၁,၀၀၀ ခန့်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ချောင်ချောင်ရွှေဆိုင်နေအိမ်အား ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသား ဦးကို သက်သေခံပစ္စည်း ရွှေ ၁၀ ပိဿာကျော်၊ ငွေကျပ်သိန်း ,၀၀၀ ခန့်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော်၊ စက်တင်ဘာ ၁၅

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၁ လမ်းနှင့် ၁၀၁(B)လမ်းထောင့်နေ “ချောင်ချောင်” ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးရွှေဝင်း(၅၇)နှစ် (ဘ)ဦးဝမ်ချောင်သည် ၎င်းဖွင့်လှစ်ထားသည့် မန္တလေးမြို့ အတွင်းရှိ “ချောင်ချောင်”ရွှေဆိုင်သုံးဆိုင်သို့ သွားရောက်ရန် ရွှေထည်ပစ္စည်းများနှင့် ငွေသားများအား ကားပေါ်သို့ တင်နေစဉ် 3J/8313 ADVAN အမျိုးအစားမော်တော်ယာဉ်ဖြင့် အမျိုးသား ၇ ဦး (စိစစ်ဆဲ)က သေနတ်များကိုင်ဆောင်ကာ ရောက်ရှိလာပြီး ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ်သိန်း ၁,၀၀၀ ခန့်တို့အား ဓားပြတိုက်လုယက် ယူဆောင်ထွက်ပြေးသွားကြောင်း သတင်းအရ တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်း (ပ)၂၂၀/ ၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ခဲ့သည်။

    အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ဖြင့် အခင်းဖြစ်ရပ်မှတ်တမ်း အထောက်အထားများရယူ၍ နယ်မြေ အတွင်း သတင်းရယူစုံစမ်း ဖော်ထုတ်ခဲ့ရာ စက်တင်ဘာလ ၁၄ ရက်နေ့ ည ၉ နာရီခွဲတွင် ဓားပြတိုက် လုယက်မှု ကျူးလွန်ရာတွင် ပါဝင်သူဖြစ်သည့် ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းရပ်ကွက်နေ ခင်မောင်စိုး (၄၀)နှစ် (ဘ)ဦးကျော်သောင်းအား ချမ်းအေးသာစံမြို့နယ်၊ ရွှေပြည်သာဟော်တယ်ရှေ့၊ လမ်း(၃၀) မြို့ပတ်လမ်းပေါ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် ၎င်းအပါအဝင် နိုင်မင်းဝေ(ခ)ကုလား(ခ)ကျော်ကြီး၊ ကျော်စိုးမင်းထွန်း(ခ) ညီညီစိုး၊ ဇင်ကိုကိုကျော် (ခ)ကရင်ကြီး၊ အောင်ဇော်ထွန်း(ခ)အငယ်ကောင်၊ လှိုင်းထက်အောင်(ခ) တောဝက်(ခ) ဝက်ကလေးနှင့် ချမ်းသာ(ခ)ရွှန်းထက်မောင်တို့ ၇ ဦးက ကျူးလွန်ခဲ့ကြခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

   တရားခံ ခင်မောင်စိုး၏ ထွက်ဆိုချက်အရ ယင်းနေ့ ည ၁၁ နာရီခွဲတွင် ကသာမြို့နယ်၊ သံပုရာကုန်းကျေးရွာနေ နိုင်မင်းဝေ(ခ)ကုလား(ခ)ကျော်ကြီး(၂၇)နှစ် (ဘ)ဦးစိုးဝင်း၊ ပန်းတောင်း မြို့နယ်၊ ကျားအိုကျေးရွာနေ ကျော်စိုးမင်းထွန်း(ခ) ညီညီစိုး(၄၆)နှစ် (ဘ)ဦးလှထွန်းနှင့် မိတ္ထီလာ မြို့နယ်၊ ကျောက်ဖြူကုန်းကျေးရွာနေ ဇင်ကိုကိုကျော်(ခ)ကရင်ကြီး(၂၉)နှစ် (ဘ)ဦးကျော်ဝင်းတို့ ၃ ဦးအား ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်ရှိ GTM ဟိုတယ်၌ အသီးသီး ထပ်မံဖမ်းဆီး ရမိခဲ့သည်။

    ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်အရ ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်နှင့် ဓားပြတိုက်လုယက် ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းအချို့အား ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာနေ တရားခံ အောင်ဇော်ထွန်း(ခ) အငယ်ကောင်၏နေအိမ်၌ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် စက်တင်ဘာလ ၁၄ ရက်နေ့ ည ၁၂ နာရီခွဲအချိန်တွင် သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ တရားခံ အောင်ဇော်ထွန်း(ခ) အငယ်ကောင်(၂၁)နှစ် (ဘ)ဦးထွန်းလင်း အား မီးခံသေတ္တာအတွင်း ထည့်ထားသည့် သက်သေခံရွှေထည် ပစ္စည်းများနှင့် နေအိမ်ခြံဝင်းအတွင်းမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော မော်တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

     ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၂ နာရီတွင် တရားခံ ခင်မောင်စိုး၏နေအိမ်မှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Glock အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ Kimber Custom အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၁၄ တောင့် နှင့် သက်သေခံ ရွှေထည်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲတွင် ပုသိမ်ကြီး မြို့နယ်၊ မဲကင်းကုန်းကျေးရွာနေ တရားခံ လှိုင်းထက်အောင်(ခ)တောဝက်(ခ) ဝက်ကလေး(၂၅)နှစ် (ဘ)ဦးကျော်သက်အောင်အား ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်တိုးဂိတ်တွင် ထပ်မံဖမ်းဆီးရမိ ခဲ့သည်။

     ဖြစ်စဉ်တွင် ဓားပြတိုက်လုယက်မှု ကျူးလွန်ခဲ့သူ ခင်မောင်စိုးပါ တရားခံ ၆ ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒုစရိုက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများနှင့် ပူးပေါင်းကာ သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့််အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် ထွက်ပြေး လွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန် တရားခံ ချမ်းသာ(ခ)ရွှန်းထက်မောင်(၂၆)နှစ် (ဘ)ဦးခင်မောင်အား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Dates: 
Sunday, September 15, 2024 - 16:09