8 Ball ဖိတ်ခေါ်ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် ၃၂ ဦး ရှုံးထွက်အဆင့်သို့တက်ရောက်

ရန်ကုန်၊ Pool

တရုတ်နိုင်ငံ၌ ကျင်းပနေသည့် Jing Dian Grand Prix (8 Ball) ဖိတ်ခေါ် ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်  Pool ကစားသမား ဘုန်းမြင့်ကျော်သည် ၃၂ ဦးရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

အဆိုပါဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပလျက်ရှိပြီး    ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော်သည် အဆင့်သတ်မှတ်ချက်အရ လက်ရည်စစ်ပွဲယှဉ်ပြိုင်ရန် မလိုဘဲ ၆၄ ဦးရှုံး ထွက် အဆင့်မှ စတင် ယှဉ်ပြိုင်ခဲ့ရသည်။

ဒီဇင်ဘာ ၁၀ ရက်ကကျင်းပသည့် ၆၄ ဦးရှုံးထွက်အဆင့်ပြိုင်ပွဲတွင် ဘုန်းမြင့်ကျော်သည် ပြိုင်ဘက် တရုတ် ကစားသမား ကိုအနိုင်ရကာ ၃၂ ဦး ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲ၏ ၃၂ ဦးရှုံးထွက်အဆင့် ပွဲစဉ်ကို ဒီဇင်ဘာ ၁၂ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ဆက်လက်ယှဉ် ပြိုင်ရမည်ဖြစ်သည်။

ဘုန်းမြင့်ကျော်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ယှဉ်ပြိုင်ရမည့်   Elite Tour နောက်ဆုံး အဆင့်ပြိုင်ပွဲ အကြို ပြင်ဆင်မှုအဖြစ် ဖိတ်ခေါ်ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

ဘုန်းမြင့်ကျော်သည် စက်တင်ဘာ နောက်ဆုံးပတ်ကကျင်းပခဲ့သည့် Elite Tour ပြိုင်ပွဲ စတုတ္ထဇုန်ပွဲစဉ်တွင် ဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်နိုင်ခဲ့ကာ ဒုတိယဆု ရရှိသည့်အတွက် ယင်းပြိုင်ပွဲ၏ နောက်ဆုံး အဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်း ဖြစ်ကြောင်း သိရသည်။          

 ကိုရဲ