ပြည်သူအားလုံးပါဝင်လို့ အိုဇုန်းလွှာထိန်းသိမ်းကာကွယ်စို့

 

ပြည်သူအားလုံးပါဝင်လို့ အိုဇုန်းလွှာထိန်းသိမ်းကာကွယ်စို့

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ စက်တင်ဘာ  ၁၆ ရက်)

    နှစ်စဉ် စက်တင်ဘာလ ၁၆ ရက်နေ့သည် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ဖြစ်သည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ ‘‘မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ်ရည်မှန်းချက် အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်စို့’’ဖြစ်သည်။

အိုဇုန်းလွှာပျက်စီးမှုကို ထိန်းသိမ်းကာကွယ်ရေးသည် သက်ရှိ၊ သက်မဲ့အားလုံးတို့အတွက် အရေးပါသည့် လုပ်ငန်းတစ်ရပ် ဖြစ်သည်နှင့်အမျှ  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည်လည်း ထိရောက်သည့် လုပ်ငန်းတစ်ရပ်ဖြစ်လာခဲ့သည်။ အိုဇုန်းလွှာပျက်စီးလာမှုကို  ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းကာကွယ်နိုင်ရန် ရည်ရွယ်၍ အိုဇုန်းလွှာကာကွယ်ရေးနှင့် စပ်လျဉ်းသည့် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း ၁၉၈၅၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် ၁၉၈၇၊ လန်ဒန်ပြင်ဆင်ချက် ၁၉၉၀၊ ကိုပင်ဟေဂင်ပြင်ဆင်ချက် ၁၉၉၂၊ မွန်ထရီရယ် ပြင်ဆင်ချက် ၁၉၉၇၊ ပေကျင်းပြင်ဆင်ချက် ၁၉၉၉ နှင့် ကီဂါလီပြင်ဆင်ချက် ၂၀၁၆ တို့ကိုချမှတ်ပြီး မြန်မာနိုင်ငံအပါအဝင်  ကမ္ဘာ့နိုင်ငံများအားလုံး  ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြသည်။

ကမ္ဘာ့အိုဇုန်းလွှာအပေါက်ကြီး  တည်နေရာမှာ  အန္တာတိကတိုက်၏  အပေါ်တည့်တည့်နှင့်တောင်အမေရိကတိုက်၏ တောင်ဘက်အဖျားပိုင်းဖြစ်သော  အာဂျင်တီးနားနိုင်ငံနှင့် ချီလီနိုင်ငံတို့၏ တောင်ဘက်အစွန်းနေရာများသာဖြစ်သည်။ သို့သော်လည်း စကြဝဠာအတွင်း ကမ္ဘာက မိမိဝင်ရိုးပေါ်၌ လည်နေခြင်းနှင့်နေကို လှည့်ပတ်နေခြင်းတို့ကြောင့် အိုဇုန်းလွှာအပေါက်ကြီးမှ တစ်ဆင့် ဖောက်ထွင်း ဝင်ရောက်လာသော ခရမ်းလွန်ရောင်ခြည်များသည် ရာသီကာလပေါ်မူတည်ပြီး ကမ္ဘာ့နိုင်ငံ အများအပြားသို့ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်သည် ပူပြင်းသောနွေရာသီကာလ၌သာ ကျရောက်သည် မဟုတ်ဘဲ သဘာဝယန္တရားကြီး လည်ပတ်နေမှုကြောင့် ရာသီမရွေး ကျရောက်နိုင်ပြီး ရာသီကာလများ အလိုက် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းအနိမ့်အမြင့် ကွာခြားခြင်းသာရှိသည်။

အိုဇုန်းလွှာပျက်စီးရခြင်းသည် လူသားများ၏ ခေတ်မီနေထိုင်မှုဘဝအတွက် တီထွင်အသုံးပြုလာသော ဓာတုပစ္စည်းများကြောင့်ပင်ဖြစ်သည်။ လူသားများ  နေ့စဉ်အသုံးပြုလျက်ရှိသည့် ရေခဲသေတ္တာ၊ လေအေးပေးစက် စသည့်အအေးပေးပစ္စည်းများတွင် ပါဝင်သော ကလိုရင်း၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးအချို့ ပါဝင်သော ဘရိုမင်းနှင့် မီးသတ်ဆေးဘူးများတွင် ပါဝင်သော ဟေလွန်ဒြပ်ပစ္စည်းများသည် အိုဇုန်းလွှာပျက်စီးစေသော အဓိကဒြပ်ပစ္စည်း(Ozone Depleting Substance - ODS)များ ဖြစ်ကြပြီး ယင်းဒြပ်ပစ္စည်းများသည် စထရာတိုစဖီးယားအလွှာရှိ အိုဇုန်းမော်လီကျူးကို ဓာတ်ပြုပျက်စီးစေခြင်းဖြင့် ဝင်ရိုးစွန်းဒေသရှိ အိုဇုန်းလွှာပါးလွှာ၍ အပူချိန်လျော့ကျလာကာ ခရမ်းလွန်ရောင်ခြည့် UV-B ကို စုပ်ယူနိုင်မှု စွမ်းအားလျော့ကျစေခြင်းကို အိုဇုန်းလွှာပျက်စီးခြင်းဟု ခေါ်ဆိုခြင်းဖြစ်သည်။

အိုဇုန်းလွှာပျက်စီးစေသည့် ဓာတုပစ္စည်းအမျိုးအစားပေါင်း ၁၀၀  ကျော်ရှိကြောင်းကို သိပ္ပံပညာရှင်များက ၁၉၇၀ ပြည့်နှစ်ကာလများကတည်းက တွေ့ရှိခဲ့ကြသည်။ အဓိကအားဖြင့် လူတို့ဖန်တီး ထုတ်လုပ်သော ကလိုရင်းနှင့် ဘရိုမင်းတို့ပါဝင်သော ရေခဲသေတ္တာ၊ အေးခဲစက်၊ လေအေးပေးစက်၊ စပရေးဘူး၊ ရေမြှုပ် စသည့်ပစ္စည်းများကို ပိုမိုအသုံးပြုလာခြင်းကြောင့်ဖြစ်သည်။ ယခုအခါတွင် မှန်လုံအိမ်ဓာတ်ငွေ့များ လေထုတွင် များပြားလာမှုကြောင့် ကမ္ဘာကြီးအား ပိုမိုပူနွေးလာစေပြီး ၎င်း၏အကျိုးဆက်အနေဖြင့်ကမ္ဘာ့ပျမ်းမျှအပူချိန် တိုးမြှင့်လာခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။ ကမ္ဘာ့ပျမ်းမျှအပူချိန် တိုးမြှင့်မှုကို အံတုနိုင်ရန်အတွက် လူသားများသည် လေအေးပေးစက်များ၊ ရေခဲသေတ္တာများကို ပိုမိုအသုံးပြုလာကြရာ  အဆိုပါပစ္စည်းများမှ ကလိုရင်းနှင့်ဘရိုမင်း ဓာတုပစ္စည်းများ ထွက်ရှိလာပြီး အိုဇုန်းလွှာပျက်စီးမှုကို ပိုမိုမြန်ဆန်လာစေခဲ့သည်။

ထို့ကြောင့် အနာဂတ် မျိုးဆက်သစ်များအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို လက်ဆင့်ကမ်းပေးနိုင်ရန် လက်ရှိမျိုးဆက်များ၏ တာဝန်ဖြစ်သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများအပြင် အိုဇုန်းလွှာထိန်းသိမ်းခြင်း လုပ်ငန်းသည်လည်း လက်ရှိလူသားတို့ ဆောင်ရွက်ကြရမည့် တာဝန်တစ်ခုဖြစ်သည်။ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး သာယာလှပသော ကမ္ဘာကြီးကို ဖော်ဆောင်နိုင်စေရန်မှာ မြန်မာနိုင်ငံသားများအပါအဝင် ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ တာဝန်ဖြစ်သည့်အပြင်  အိုဇုန်းလွှာအား  နောင်အနာဂတ်မျိုးဆက်များအထိ ကာကွယ် ထိန်းသိမ်းသွားခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို လျော့ကျစေပြီး လူသားနှင့်သဘာ၀ ပတ်ဝန်းကျင်တို့ ဟန်ချက်ညီညီ အချင်းချင်း အကျိုးပြုနေထိုင်သွားရင်း ကောင်းမွန်လှပသော အနာဂတ်ကို အကောင်အထည်ဖော် ဆောင်ရွက်ကြစေရန် ရည်ရွယ်၍  ‘‘မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ် ရည်မှန်းချက်အောင်မြင်ဖို့ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်စို့’’ဆောင်ပုဒ်ကို အလေးထား လိုက်နာလုပ်ဆောင်ကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။

Dates: 
Monday, September 16, 2024 - 05:02