မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်း တတိယအကြိမ် ဗဟိုကောင်စီ အစည်းအဝေး ကျင်းပ

 

မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်း တတိယအကြိမ် ဗဟိုကောင်စီ အစည်းအဝေး ကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၁၅

      မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်း တတိယအကြိမ် ဗဟိုကောင်စီ အစည်းအဝေးကို ယနေနံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေသန ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ    မြန်မာနိုင်ငံ ဆေးကောင်စီနာယက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒေါက်တာသက်ခိုင်ဝင်းနှင့်   နာယကအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီး  ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊  မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ခင်မောင်အေးနှင့် ကောင်စီဝင်များ တက်ရောက်ကြသည်။

ဦးစွာ  ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှ မွေးထုတ်ပေးသည့် ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်များ၏(Professional Ethics) ကျင့်ဝတ်ပိုင်းဆိုင်ရာများကို သက်ဆိုင်ရာ ကောင်စီများက ထိန်းကျောင်း ပေးရန် အရေးကြီးကြောင်း၊ ယခုအခါ မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်းသည် ယခုနှစ်ကုန်ပိုင်းတွင်  ကုန် ဆုံးမည်ဖြစ်သဖြင့်   တတိယလေးနှစ် သက်တမ်းအတွက်   ကောင်စီဝင်များ ရွေးချယ်တင်မြှောက်ရန် ရှိသဖြင့် မြန်မာနိုင်ငံဆေးကောင်စီ    သက်တမ်းအသစ်အတွက် ရွေးချယ်ရာတွင်     မြန်မာနိုင်ငံ ဆေးကောင်စီအတွက် ကောင်းမွန်သော လက်ဆင့်ကမ်းမှုဖြစ်ရန် အတွက် တိုင်ပင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌက မြန်မာနိုင်ငံ ဆေးကောင်စီအနေဖြင့် ဆရာဝန်မှတ်ပုံတင်ခြင်း၊   ဆေးကုသခွင့်လိုင်စင်များ သက်တမ်းတိုးခြင်း၊ အထူးဆေးကုသခွင့် လိုင်စင်ခွင့်ပြုခြင်း၊ ယာယီသိမ်းဆည်းထားသည့် ဆေးကုသခွင့်လိုင်စင်များ ပြန်လည်ထုတ်ပေးနေမှု အခြေအနေများ၊ Continuing Professional Development for Medical Doctors နှင့် ပတ်သက်၍ ဆောင်ရွက်မည့် အခြေအနေနှင့်  Medical School Accreditation ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို လည်းကောင်း၊ ကောင်စီဝင် ဒေါက်တာရဲမြက စဉ်ဆက်မပြတ် ဆေးပညာ သင်ကြားရေးနှင့် ပတ်သက်၍ စီစဉ်ထားရှိမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးဌာနမှူးများ၊ ကောင်စီဝင်များက  သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် မြန်မာနိုင်ငံဆေးကောင်စီက အမျိုးသား သဘာဝဘေးဆိုင်ရာ  စီမံခန့်ခွဲမှုကော်မတီအတွက်   ငွေကျပ်သိန်း ၁၅၀ နှင့် ရေဘေးသင့်ကျန်းမာရေး ဝန်ထမ်းများအတွက် အလှူငွေကျပ်သိန်း ၁၅၀ စုစုပေါင်း   ငွေကျပ် သိန်း ၃၀၀  ကိုလည်းကောင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီက  အမျိုးသားသဘာဝ ဘေးဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအတွက်  ငွေကျပ် ၂၅ သိန်းနှင့် ရေဘေးသင့်ကျန်းမာရေး ဝန်ထမ်းများအတွက်       အလှူငွေကျပ်သိန်း ၅၀ စုစုပေါင်း ငွေကျပ်  ၇၅ သိန်းကို လည်းကောင်း၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်က  ရေဘေးသင့်ကျန်းမာရေး ဝန်ထမ်းများအတွက် အလှူငွေ ကျပ် ၈၆ သိန်း ၄ သောင်းကျပ်ကို လည်းကောင်း ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး မှတ်တမ်းတင် ဂုဏ်ပြုလက်မှတ်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

Dates: 
Monday, September 16, 2024 - 05:30