နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းပွဲပြုလုပ်
နေပြည်တော်၊ ၂၀၂၄ စက်တင်ဘာလ-၁၆
နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ကျင်းပပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဝင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး သွေးအလှူရှင်များ အတွက် အဟာရဖြည့်စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။
အဆိုပါသွေးလှူဒါန်းပွဲတွင် ရဲတပ်ဖွဲ့ဝင် ၃၂ ဦးနှင့် မှီခိုသူမိသားစုဝင် ၁၃ ဦး စုစုပေါင်း ၄၅ ဦးတို့က အိုသွေး ၁၉ ပုလင်း၊ အေသွေး ၁၄ ပုလင်း ၊ ဘီသွေး ၁၁ ပုလင်း နှင့် အေဘီသွေး ၁ ပုလင်းတို့အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။