ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငွေကျပ် ၂ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငွေကျပ် ၂ ဒသမ ၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၁၆

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  စက်တင်ဘာလ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၄၁)ရပ်ကွက်တွင် ကြိုတင်သတင်းရရှိထားသူ ထွန်းထွန်းမြင့် အား စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် ကက်တမင်း ၁ ကီလို၊ Happy Water ၁၀၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင် ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ဘသာဇံ အား ယင်းနေ့ မွန်းလွဲ ၁ နာရီအချိန် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ၄၁(တိုးချဲ့)ရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ရာ ၎င်း၏ ဖော်ထုတ်ချက်အရ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၁)ရပ်ကွက်၊ စကားဝါလမ်းရှိ ဖမ်းမိတရားခံ ထွန်းထွန်းမြင့် ၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၈ သိန်းနှင့် ဘိန်းဖြူ ၅၀ ဂရမ် ဆက်လက် သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာလ ၁၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် လှရွှေ(ခ)အဒူရ်မူန နှင့် ဇော်မင်းနိုင် (ခ)အင်မရန်း တို့ ၂ ဦးအား စိတ်ကြွ ရူးသွပ်ဆေးပြား ၉ ဒသမ ၂ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၄၁ ဘီလီယံကျော်တန်ဖိုးရှိ ကက်တမင်း ၁ ကီလို၊ Happy Water ၁၀၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ သိန်းနှင့် ဘိန်းဖြူ ၅၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Dates: 
Monday, September 16, 2024 - 16:57