VAR စနစ်ဆုံးဖြတ်ချက်များ မန်ယူအသင်းဂိုးမပေးရမှု ခုနစ်ကြိမ်ရှိနေ
မန်ချက်စတာ၊ ဘောလုံး ဇူလိုင် ၁၆ ရက်ညက ယှဉ်ပြိုင်ကစားခဲ့သော ပဲလေ့စ်နှင့် ပွဲ၌ မန်ယူအသင်းသည် VAR စနစ်ဆုံးဖြတ်ချက်အရ ဂိုးနှစ်ဂိုးပေးရမည့်အရေးက ရှောင်လွှဲနိုင်ခဲ့ရာ ယခုရာသီတွင် VAR စနစ်ကြောင့် ဂိုးမပေးရသည့်အကြိမ်ပေါင်း ခုနစ်ကြိမ်ရှိခဲ့ပြီး ပရီးမီးယားလိဂ်အသင်းများအနက် VAR စနစ်တွင် မျက်နှာသာပေးမှု အခံရဆုံး အသင်းဖြစ်လာခဲ့သည်။ ပဲလေ့စ်နှင့်ပွဲတွင် ပဲလေ့စ်တိုက်စစ်မှူး ဇာဟာကို လင်ဒီလော့ဖ် ဂိုးဧရိယာအတွင်း ပြစ်ဒဏ် ကျူးလွန်မှုကို VAR စနစ် ဆုံးဖြတ်ချက်အရ ပယ်နယ်တီမပေးသကဲ့သို့ ဂျော်ဒန်အယူး၏ ဒုတိယပိုင်း ချေပဂိုးသွင်းမှုကိုလည်း မသိသာသောအနေအထား၌ လူကျွံဘော သတ်မှတ်ပြီး ပယ်ဖျက်ခဲ့ရာ ပဲလေ့စ် အသင်းသားများအပြင် ပြိုင်ဘက်အသင်းပရိသတ်များလည်း ဒေါသ ထွက်ခဲ့ရသည်။ မန်ယူသည် ယခုရာသီတွင် VAR စနစ်ဆုံးဖြတ်ချက်ကြောင့်ပယ်နယ်တီအများဆုံးရသော အသင်း လည်းဖြစ်နေ၍ ပြိုင်ဘက် အသင်းပရိသတ်များ ဒေါသထွက်ခဲ့ရခြင်းဖြစ်သည်။