NUG၊ PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံနေသော နိုင်ငံများသို့ အိတ်ဖွင့် ပေးစာ
ယခုတလော လူမှုကွန်ရက်စာမျက်နှာတွေမှာ မြင်တွေ့ရတဲ့ NUG၊ PDF အဖွဲ့များရဲ့ ရက်စက် ကြမ်းတမ်းစွာ လူမဆန်သည့် အကြမ်းဖက်လူသတ်ခဲ့တဲ့ သတင်းများကို မြင်တွေ့မိပြီး အကြမ်းဖက် အားပေး နေသူများသိစေရန် တာဝန်သိပြည်သူတစ်ဦးအနေနဲ့ ယခုအိတ်ဖွင့်ပေးစာကို ရေးသားလိုက် ရခြင်းဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် မေလ ၈ ရက်ကစပြီး လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့နေတဲ့ PDF အချင်းချင်းသတ်ဖြတ်ခဲ့ကြတဲ့ အကြမ်းဖက်သတ်ဖြတ်မှု ဗီဒီယိုဖိုင်တစ်ခုဟာ မြင်တွေ့ရ သူတိုင်း စိတ်နှလုံး ထိခိုက်ဖွယ်မြင်ကွင်း ဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်ဟာ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူလေးဦးကို လက်နောက်ပြန် ကြိုးတုပ်စစ်ဆေးမေးမြန်းပြီး ရက်စက်စွာ သတ်ဖြတ် ခဲ့တဲ့မှတ်တမ်း ဖြစ်ပါတယ်။ သတ်ဖြတ်ကြသူတွေဟာ အကြမ်းဖက်ခေါင်းဆောင် စနေနဲ့ အဖွဲ့သားများ ဖြစ်ကြပြီး ပြည်သူလူထုဆီကနေ ဓားပြတိုက်ပြီးရရှိလာတဲ့ ငွေကြေးတွေကို ၎င်းတို့အဖွဲ့ထဲက အဖွဲ့ဝင် တချို့က ခိုးယူထွက်ပြေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးစစ်ဆေး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်မှာတော့ ရက်ရက်စက်စက်ခေါင်းဖြတ်၊ နားရွက်ဖြတ် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ခုတ်ထစ်သတ်ဖြတ်နေကြတာကို တွေ့ရပါတယ်။
ဗီဒီယိုဖိုင်ထဲက အကြမ်းဖက်လုပ်ရပ်ဟာ ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်ဖြစ် လက်ခံလို့မရဘဲ လူစိတ် ကင်းမဲ့ကာ သတ်ဖြတ်နေသူများဟာ မူးယစ်ဆေးဝါးသုံးစွဲထားတယ်လို့ ယူဆရပါတယ်။ မြင်တွေ့ ရသူတိုင်း စိတ်နှလုံးမချမ်းမြေ့ရသလို ဒီလိုရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း လုပ်နေသူများ ကိုလည်း အားမပေးသင့်ဘူးလို့ ထင်မြင်မိပါတယ်။
နောက်ထပ်ဖြစ်စဉ် တစ်ခုကတော့ အပြစ်မဲ့ပြည်သူတွေအပေါ် ကျူးလွန်တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆုံရွာကျေးရွာကို ၂၀၂၄ ခုနှစ်မေလ ၉ ရက်က PDF အကြမ်းဖက်သမားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် ခဲ့ကြပါတယ်။ ဒီလိုပစ်ခတ်တိုက်ခိုက်ရတဲ့ အကြောင်းရင်းက သူတို့ရဲ့အကြမ်းဖက်လုပ်ရပ်ကို မထောက် ခံလို့၊ အမြင်မတူလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်ပါတယ်။ ဒီလိုအရပ်သားများသာရှိနေတဲ့ ရွာထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြလို့နေအိမ်တွေပေါ် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပါတယ်။ ကျေးရွာအတွင်းက နေအိမ် ၅၀ လုံးခန့်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ သေဆုံးသူများထဲမှာ ကလေးငယ်များပါဝင်နေပြီး လက်နက်မဲ့ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
NUG အဖွဲ့ရဲ့ ကြိုးကိုင်စေခိုင်းမှုကြောင့် PDF အဖွဲ့များဟာ ဒီလိုလူသတ်အကြမ်းဖက် လုပ်ရပ်များ သာမက စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေကို နှောင့်ယှက် တိုက်ခိုက်ခြင်းဆိုတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း များကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လျက်ရှိတာကို သူတို့ရဲ့ထုတ်ပြန်ချက်တွေနဲ့ လူမှုကွန်ရက် သတင်းတွေမှာ သက်သေအထောက်အထားများနဲ့တကွ မကြာခဏမြင်တွေ့ ကြားသိနေရပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို မှန်ကန်စွာရှုမြင် သုံးသပ်ကြည့်လိုက်ရင် နိုင်ငံရေးရယူလိုမှုကို အကြောင်းပြချက်ပေးပြီး လူသတ်အကြမ်းဖက်လုပ်ရပ်နဲ့ အစွန်းရောက်ဝါဒကို NUG၊ PDF တို့ ကျင့်သုံးနေတာကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ြ့ွ ကို အလွတ် သဘောထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရပြုတ်ကျရေး ဖိအားပေးလိုတာတစ်ခုတည်းနဲ့ NUG၊ PDF တွေရဲ့ စစ်ဘက်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ခြင်း စတဲ့ ကိစ္စရပ်တွေကို လျစ်လျူရှုထားပြီး ပုံသဏ္ဌာန်မျိုးစုံနဲ့ ထောက်ပံ့ဖို့ကြိုးစားနေကြတာ မလုပ်သင့်တဲ့ လုပ်ရပ်များ ဖြစ်ပါတယ်။ ဒီလိုတာဝန်မဲ့ပြီး အကြမ်းဖက်ဝါဒအားပေးရေး လုပ်ရပ်တွေကြောင့် မြန်မာ နိုင်ငံမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ထပ်မံဖြစ်ပွားနေခြင်းဖြစ်ပါတယ်။ ဒီလိုစစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ NUG၊ PDF တွေကို ငွေကြေးထောက်ပံ့ခြင်း၊ နေထိုင်စရာခိုလှုံခွင့်ပေးခြင်းနှင့် အလွတ် သဘောထိတွေ့မှု ပြုလုပ်ပေးနေခြင်းဟာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်များကို အသိအမှတ်ပြုပြီး အားပေးထောက်ခံတဲ့ သဘောသက်ရောက်နေပါတယ်။
PDF တွေအနေနဲ့ စည်းစနစ်မရှိဘဲ ပရမ်းပတာဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်တာကြောင့် လက်နက်မရှိတဲ့ ပြည်သူတွေကို ပစ်မှတ်ထားသတ်ဖြတ်နေတာတင် မကတော့ဘဲ အချိန်ကြာလာတဲ့ အခါမှာ PDF အကြမ်းဖက်အဖွဲ့ အချင်းချင်းလည်း ခေါင်းစဉ်မျိုးစုံနဲ့ အပြန်အလှန်သတ်ဖြတ်မှုတွေ ကျူးလွန် နေကြခြင်းဖြစ်ပါတယ်။
ဒီလိုသတ်ဖြတ်မှုတွေ ကျူးလွန်နေတာကို အမေရိကန်အပါအဝင် NUG နဲ့ PDF တွေကို ထိတွေ့ ဆက်ဆံနေတဲ့ နိုင်ငံများမသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ PDF များရဲ့ အကြမ်းဖက်မှုကျူးလွန်နေတဲ့ ဗီဒီယိုဖိုင်တွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ သိသိသာသာ ပျံ့နှံ့နေတာဖြစ်ပြီး နိုင်ငံတကာအနေနဲ့လည်း သက်ဆိုင်ရာသံရုံး၊ စစ်သံရုံးတွေရဲ့ သတင်းပို့ တင်ပြချက်တွေရှိနေမှာ ဖြစ်ပါတယ်။
အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများကလည်း နိုင်ငံတကာကို သတင်းများ ပေးပို့ပြီး NUG၊ PDF အဖွဲ့များရဲ့ အကြမ်းဖက်လုပ်ရပ်များကို မီးမောင်းထိုးပြပေးနေပါတယ်။ ဒီလိုအကြမ်းဖက် အဖွဲ့အစည်းတွေကို အမေရိကန်နိုင်ငံအနေနဲ့ အဆင်အခြင်ကင်းမဲ့စွာ ထောက်ခံ အားပေး နေတာဟာ အလွန်အံ့သြဖွယ် ကောင်းလှပါတယ်။
အမေရိကန် အစိုးရအဖွဲ့ဟာ ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အကူအညီပေးရေး ရန်ပုံငွေထဲ ကနေ မြန်မာနိုင်ငံက အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွေနဲ့ NUG၊ PDF အဖွဲ့များအတွက် စစ်လက်နက် မဟုတ်တဲ့ ကူညီထောက်ပံ့မှု (Nonlethal Aid) နဲ့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီ (Humanitarian Aid) ပေးအပ်သွားမယ်လို့ ကြေညာထားတာ တွေ့ရပါတယ်။ မည်သို့ပင် Nonlethal Aid လို့ ခေါင်းစဉ်တပ်နေပေမယ့် လက်တွေ့မှာ အမေရိကန်ထောက်ပံ့ငွေများဟာ အကြမ်းဖက်မှုတွေ လုပ်ဖို့နဲ့ လက်နက်ဝယ်ဖို့ ထောက်ပံ့ကြေးဖြစ်သွားတယ်ဆိုတာကို အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံနဲ့ အပေါင်းအပါနိုင်ငံများက NUG၊ PDF အဖွဲ့များရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို လျစ်လျူရှုပြီး သူတို့ကို အားပေးထောက်ခံမှုပြုတယ်ဆိုတဲ့ အချက်ဟာလည်း NUG၊ PDF အဖွဲ့များ အတွက် စိတ်ဓာတ်ခွန်အားများ ရရှိစေကာ ယခုလို ရက်စက်ကြမ်းတမ်းတဲ့ လုပ်ရပ်များကို အတိုင်းအဆ မရှိ အထိန်းအကွပ်မဲ့ ဆက်လက်လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေမှန်တွေကို သေချာစွာ လေ့လာ စိစစ်ဖို့လိုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရဆန့်ကျင်ရေး လော်ဘီသတင်းဌာနတွေရဲ့ ဖော်ပြချက် သတင်းမှားတွေမှာပဲ လမ်းဆုံးမနေကြဖို့ ဒီစာကနေတစ်ဆင့် အသိပေးလိုပါတယ်။ ဒါကလည်း အမေရိကန်ပြည်သူတွေရဲ့ အဖိုးတန်တဲ့ဘဏ္ဍာငွေတွေကို အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်မှု တွေ ဖန်တီးတဲ့နေရာမှာ အသုံးမပြုမိစေဖို့ စေတနာရှေ့ထားပြီး ထောက်ပြ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အလားတူပဲ NUG ကို အလွတ်သဘော ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံများအနေနဲ့လည်း မိတ်ဆွေတို့ရဲ့ လုပ်ရပ်များဟာ PDF အကြမ်းဖက်သမားများကို အားပေးအားမြှောက်ပြုရာ ရောက် တယ်ဆိုတာကို သိစေအပ်ပါတယ်။
NUG၊ PDF အဖွဲ့တွေရဲ့ နိုင်ငံရေးရည်မှန်းချက်ကို လက်နက်ကိုင် အကြမ်းဖက်နည်းလမ်းနဲ့ ရယူဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်ဝါဒ ပုံစံအသစ်ကို ဒေသတွင်းနိုင်ငံများသို့ မပျံ့နှံ့စေရေးအတွက် NUG၊ PDF အကြမ်းဖက်သမားများကို အားပေးထောက်ခံမှုများ မပြုလုပ်ကြရန် တောင်းဆိုချင်ပါတယ်။
ယခုအခါမှာ NUG ခေါင်းဆောင်ပိုင်းအချင်းချင်းနဲ့ လော်ဘီများအချင်းချင်းလည်း ပြည်သူတွေဆီကနေ လိမ်လည်ကောက်ခံထားတဲ့ ငွေကြေးအရှုပ်တော်ပုံတွေ၊ နိုင်ငံ ရပ်ခြားမှာ မိသားစုလိုက်ခေါ်ပြီး တိုက်တွေ၊ ကားတွေဝယ်ပြီး သောက်စားဇိမ်ခံနေကြတဲ့ မြင်ကွင်းတွေနဲ့ပတ်သက်ပြီး ပြည်တွင်း/ပြည်ပက သူတို့ကို ထောက်ခံနေတဲ့သူတွေ ကိုယ်တိုင်အယုံအကြည်မရှိကြတော့တဲ့ အခြေအနေများ ဖြစ်ပေါ်နေပါတယ်။ ၎င်းတို့အချင်းချင်းလည်း အပြန်အလှန်စွပ်စွဲမှုတွေနဲ့ တစ်စထက်တစ်စပြိုကွဲနေပြီဖြစ်သလို ပြည်တွင်းက ပြည်သူအများစုကလည်း NUG၊ PDF တွေရဲ့ လွဲမှားတဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံရေး ရည်မှန်းချက် ကို ရယူဖို့ကြိုးစားနေမှုများကို သိရှိနားလည်ပြီး ထောက်ခံအားပေးမှုတွေ လျော့ကျနေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေး၊ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံ သတ်ဖြတ် နေခြင်းများ ကို ရွံရှာမုန်းတီးနေကြပြီ ဖြစ်ပါတယ်။
ယခုဖော်ပြခဲ့တဲ့ NUG၊ PDF တွေရဲ့ အကြမ်းဖက်လုပ်ရပ်များ အထူးသဖြင့် လူမဆန်စွာ သတ်ဖြတ်နေတဲ့ ဖြစ်စဉ်တွေ မြန်မာနိုင်ငံအတွင်း ထပ်မံမဖြစ်ပွားစေရေး အတွက် ဒီလိုအဖွဲ့အစည်းတွေကို နိုင်ငံတကာ အနေနဲ့ ထောက်ခံအားပေးနေခြင်း မလုပ်သင့်ပါကြောင်း တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ပြည်သူ တစ်ဦးအနေနဲ့ အိတ်ဖွင့်ပေးစာရေးသားပြီး တောင်းဆိုလိုက်ပါတယ်။ ။
အမည်မဖော်လိုသူပြည်သူတစ်ဦး