အမေရိကန်က တရုတ်ကို စစ်မြှူလေပြီလား

အမေရိကန်က တရုတ်ကို စစ်မြှူလေပြီလား

ယနေ့ကမ္ဘာကြီးက ဘယ်ဆီကို ဦးတည်သွားနေပြီလဲလို့မေးလာရင် ပဋိပက္ခများနဲ့ အကျပ်အတည်းများ ဆီကို ဦးတည်သွားနေပြီလို့ ပြောရလိမ့်မယ်။ ကမ္ဘာကြီးက အဲဒီကို သူ့အလိုလို သွားနေတာတော့ မဟုတ်ဘူး။ ကမ္ဘာ့အင်အားကြီး နိုင်ငံများကသာ ဆွဲခေါ်သွားကြတာပါ။

အခုလက်ရှိမှာဆိုရင်လည်း အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုကသူနဲ့အလှမ်းဝေးကွာလွန်းလှတဲ့ အာရှဒေသကိုဗဟိုပြုပြီး ပဋိပက္ခတွေဖြစ်ပွားလာစေဖို့ ကြံဆောင်နေပြန်ပါပြီ။ အထူးသဖြင့် သူ့ရဲ့နိုင်ငံ ရေး ကိုယ်ကျိုးစီးပွားအတွက် တခြားနိုင်ငံငယ်တွေ၊ ဒေသငယ်တွေကို အသုံးချလာတာပါ။

ဒီနေရာမှာ အသုံးချခံဖြစ်နေတဲ့ ဒေသတစ်ခုကတော့ ထိုင်ဝမ်ကျွန်းပေါ့၊ ထိုင်ဝမ်ကျွန်းဆိုတာ တရုတ် ပြည်မကြီးလက်အောက်ကနေ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ဒေသပါ။

အရင်ဆောင်းပါးတွေတုန်းကလည်း ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ကုလသမဂ္ဂကိုယ်တိုင်ကိုက တရုတ် ပြည်မကြီးကိုရော၊ ထိုင်ဝမ်ကျွန်းကိုရော စုပေါင်းပြီး တရုတ်နိုင်ငံအနေနဲ့ သတ်မှတ်ထားတယ်ဆိုတာပါ။

အရင်တုန်းက တရုတ်ပြည်တွင်းစစ်မှာရှုံးသွားတဲ့ ကူမင်တန်တွေက ထိုင်ဝမ်ကျွန်းကို ထွက်ပြေး သွား တယ်။ သူတို့ရောက်တဲ့နေရာမှာ နိုင်ငံထူထောင်တယ်ဆိုပြီး ကုလသမဂ္ဂမှာ စာတင်တယ်။

ကုလသမဂ္ဂကလည်း ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံဆိုပြီး သတ်မှတ်ပေးလိုက်တယ်။ သာမန်အားဖြင့် ဆိုရင်တော့ ဒီလိုမျိုးသတ်မှတ်ပေးလို့မရပါဘူး။ ဒါပေမဲ့အဲဒီအချိန်တုန်းက ထိုင်ဝမ်ကျွန်းကို အသုံးချလိုတဲ့ အမေရိကန်ကသူတို့ကို ထောက်ပံ့ပေးထားခြင်းကြောင့်သာ ဒီလိုမျိုးသတ်မှတ်ခံလိုက်ရတာပါ။

နောက်ပိုင်းကျတော့ တရုတ်ပြည်မကြီးအစိုးရကသာ တရားဝင်အစိုးရဖြစ်ကြောင်းနဲ့ ထိုင်ဝမ်ကျွန်းသည် လည်း တရုတ်ပြည်မကြီး ရဲ့အုပ်ချုပ်မှုအောက်မှာရှိကြောင်း ကုလသမဂ္ဂက ဆုံးဖြတ်ချက်နဲ့ကို ထုတ်ပြန် လိုက်ပါတယ်။

အဲဒီအချိန်ကနေစပြီး အခုအချိန်အထိ ကမ္ဘာ့နိုင်ငံများရဲ့ သတ်မှတ်ချက်က မပြောင်းလဲသေးပါဘူး။ အဲဒါကတော့ တရုတ်နိုင်ငံဆိုတာ တစ်နိုင်ငံတည်းသာ ရှိတယ်ဆိုတဲ့ အခြေခံသဘောတရားပါပဲ။

အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးလိုလိုက တရုတ်တစ်နိုင်ငံတည်းဆိုတဲ့ မူဝါဒကို လက်ကိုင် ထားပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတွေ ထူထောင်ထားကြပါတယ်။

ဒါပေမဲ့ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတချို့ကတော့ တစ်ဖက်မှာ တရုတ်တစ်နိုင်ငံတည်းဆိုတာကို လက်ခံ တယ်လို့ ပြောပေမယ့် အခြားတစ်ဖက်မှာ ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီး လက်အောက် ကနေ ခွဲထွက်နိုင်အောင် သွေးထိုးမြှောက်ပင့်မှုတွေသာမက လိုအပ်တဲ့ပံ့ပိုးမှုတွေကိုပါ ပေးနေပါတယ်။ အခုဆိုရင် အမေရိကန်က ထိုင်ဝမ်ကျွန်းအနီးအနားမှာ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်နေသလို တစ်ချိန်တည်းမှာပဲ အမေရိကန် လွှတ်တော်အမတ်တွေက ထိုင်ဝမ်ကျွန်းဆီ အလည်အပတ် သွားခြင်း အားဖြင့် အဲဒီကျွန်းကို နိုင်ငံတစ်နိုင်ငံကဲ့သို့ တရားဝင်သတ်မှတ်မှုမျိုးတွေ လုပ်ဆောင်နေပါတယ်။

ဒီလိုမျိုးတွေ လုပ်ဆောင်လာခြင်းဟာ သူတို့ကိုယ်တိုင်ကတိပြုထားတဲ့ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို   လေးစားလိုက်နာပါတယ်ဆိုတဲ့ ကတိပြုချက်ကို ပျက်ပြားအောင် လုပ်ဆောင်နေတာနဲ့ အတူတူပါပဲ။

စစ်ရေးလေ့ကျင့်ခန်း လုပ်တဲ့နေရာက ထိုင်ဝမ်ကျွန်းနဲ့သိပ်မဝေးတဲ့နေရာမှာပါ။

စစ်ရေးလေ့ကျင့်ခန်းမှာပါတဲ့ သူတွေက အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှ မရိန်းတပ်ဖွဲ့များ ဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်ခန်းလုပ်တဲ့ ပုံစံက သတ်မှတ်ထားတဲ့ ကျွန်းတွေဆီကို ရဟတ်ယာဉ်တွေနဲ့ မရိန်း တပ်ဖွဲ့ဝင် တွေနေရာချမယ်။

ပြီးရင်မြေကို သိမ်းပိုက်တဲ့ ပုံစံမျိုးလုပ်မယ်။ အဲဒီကျွန်းတွေအားလုံးကလည်း ထိုင်ဝမ်ကျွန်းကို ဝိုင်းပတ် ထားတဲ့နေရာတွေချည်းပါပဲ။ သူတို့ရဲ့ စစ်ရေးလေ့ကျင့်ခန်းက ဒီလောက်လေးပဲဆိုပေမယ့် ရည်ရွယ်ချက် ကတော့ တော်တော်လေးကို ကြီးမားပါတယ်။

အရင်ဆုံး သတိပြုရမယ့်အချက်က ထိုင်ဝမ်ကျွန်းမှာ ခေါင်းဆောင်အသစ်ဖြစ်တဲ့ လိုင်ချင်းတယ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ရက်ပိုင်းအတွင်းမှာပဲ ဒီစစ်ရေး လေ့ကျင့်ခန်းကို လုပ်တာပါ။

လိုင်ချင်းတယ်ဆိုတာ တရုတ်ပြည်မကြီးအပေါ် သဘောထားတင်းမာပြီး ခွဲထွက်ရေးကိုသာ လိုလားတဲ့ ခေါင်းဆောင်တစ်ဦးပါ။

သူ့သဘောထားကို ပြောရမယ်ဆိုရင် ထိုင်ဝမ်ကျွန်းက အရင်ကတည်းက လွတ်လပ်တဲ့ ဒေသဖြစ်တဲ့ အတွက် သူတို့စိတ်ကြိုက် ဆက်ဆံရေးကို   ထူထောင်သွားမယ်လို့ ဆိုထားသူ ဖြစ်ပါတယ်။

နောက်တစ်ချက်က ဒီလိုမျိုးစစ်ရေးလေ့ကျင့်ခန်းလုပ်မှုဟာ တစ်နှစ်အတွင်း အကြီးမားဆုံး စစ်ရေး လေ့ကျင့်ခန်း ဖြစ်နေတာပါ။ တစ်နည်းပြောရရင် စစ်အင်အားပြတဲ့ လေ့ကျင့်ခန်းလည်း ဖြစ်နေပါတယ်။

လိုင်ချင်းတယ်မတိုင်ခင် ထိုင်ဝမ်ကျွန်းခေါင်းဆောင်ဖြစ်တဲ့ ဆိုင်ယင်းဝမ်တောင်မှ တရုတ်ပြည်မကြီးကို   တရုတ်အာဏာပိုင် အဖွဲ့လို့သာ သုံးနှုန်းခဲ့တာပါ။

လိုင်ချင်းတယ်ကတော့ သူတို့ကိုယ်သူတို့ ထိုင်ဝမ်နိုင်ငံဆိုပြီးတော့ တရားဝင်ပုံစံမျိုးနဲ့ သုံးနှုန်းပြီး မိန့်ခွန်း ပြောသွားတာဖြစ်ပါတယ်။ ဒါကြောင့်သေချာတဲ့တစ်ချက်က လိုင်ချင်းတယ်ဟာ အင်မတန်မှ သဘော ထား တင်းမာသူဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

လိုင်ချင်းတယ်အနေနဲ့ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရက်ပိုင်းအတွင်းမှာ တရုတ်ပြည်သူ့ လွတ်မြောက် ရေးတပ်မတော်က ထိုင်ဝမ်ကျွန်းအနီးမှာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့ Joint  Sword-2024A ကိုပြုလုပ်ခဲ့ပါတယ်။ တရုတ်တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်ခန်းမှာတော့ ထိုင်ဝမ်ကျွန်းကို ဝိုင်းပတ် ပိတ်ဆို့တဲ့ ပုံစံမျိုးကို လေ့ကျင့်ကြတာပါ။

တရုတ်ဘက်က အခုလိုမျိုးစစ်ရေး လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာ သူတို့ပေးထားတဲ့ အမည်ဝှက်ကို ကြည့်မယ် ဆိုရင် Joint  Sword-2024A ဆိုပြီး (A) တစ်လုံးပိုပါနေတာကိုသတိထားမိမှာပါ။ ဒါကြောင့် ဒီနှစ်အတွင်းမှာ နောက်ထပ်အလားတူ စစ်ရေးလေ့ကျင့်ခန်းများစွာကို လုပ်ဆောင်ထားဖို့ စီစဉ်ထားဖွယ် ရှိတာတွေ့ရပါတယ်။

တရုတ်တို့အနေနဲ့ ဒီလိုမျိုးလုပ်လာတာကိုလည်း အပြစ်လို့တော့ ဆိုဖွယ်စရာမရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုရင် ထိုင်ဝမ်ကျွန်းခွဲထွက်မှုဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာပဲ့ပါသွားတာနဲ့ အတူတူဖြစ်နေ လို့ပါပဲ။

အခုလိုမျိုးအခြေအနေအထိ ဖြစ်လာရတယ်ဆိုတာကလည်း တကယ်တမ်းတော့ ထိုင်ဝမ်ကျွန်းကို နောက်ကွယ်ကနေသာမက ရှေ့ကနေဗြောင်ကျကျပါ ထောက်ခံအားပေး ကူညီပေးနေတဲ့ အနောက် အုပ်စုများရဲ့ တုံ့ပြန်မှုအပေါ်လည်း များစွာမူတည်နေပါတယ်။

ဥပမာအားဖြင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက “အမေရိကန်အနေနဲ့ အခုလိုမျိုး ပိုနေမြဲ ကျားနေမြဲ အခြေအနေပျက်စီးစေမယ့်   ဘယ်လိုတစ်ဖက်သတ် ပြောင်းလဲမှုမျိုးကိုမဆို ကန့်ကွက် ပါတယ်။ မိမိတို့အနေနဲ့ ထိုင်ဝမ်ကျွန်းရဲ့လွတ်လပ်ရေးကို ထောက်ခံအားပေးခြင်း မရှိပါဘူး။ ရေလက် ကြားခြားပြီးဖြစ်နေတဲ့ မတူကွဲပြားမှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းများနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည် ပါတယ်” ဆိုပြီး သူတို့ရဲ့ဝက်ဆိုက်မှာ တရားဝင် အတိအလင်း ရေးသားထားပါတယ်။

ဒါပေမဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထိုင်ဝမ်ကျွန်းဟာ အစောကြီး ကတည်းက လွတ်လပ်တဲ့နိုင်ငံ ဖြစ်နှင့်နေပြီးသားလို့ဆိုတဲ့ လိုင်ချင်းတယ်ရဲ့ မိန့်ခွန်းအပေါ် တစ်လုံး တစ်ပါဒမျှ ကန့်ကွက်ခြင်းမရှိပါဘူး။

အဲဒီလို မကန့်ကွက်တဲ့အပြင် ထိုင်ဝမ်ကျွန်းရှိ ပြည်သူတွေအနေနဲ့ ကြံ့ကြံ့ခံပြီး ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်မှု အင်အားကို နောက်တစ်ကြိမ် ပြလိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်လို့ ဆိုလိုက် ပါသေးတယ်။

ဒါ့အပြင် နှစ်ဖက်ကြားတူညီတဲ့ အကျိုးစီးပွားများနဲ့ တန်ဖိုးများအတွက် ရှေ့ဆက်တိုးဆောင်ရွက်ကာ   နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်တဲ့ တရားမဝင်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ ထိုင်ဝမ်ရေလက်ကြား အတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်စေရေးတို့အတွက် အတူလက်တွဲ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုပြီး ပြောထားပါသေးတယ်။

ဒါဟာ အမေရိကန်တို့ရဲ့ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး လုပ်ရပ်ကိုဖော်ပြနေတာပါ။ ဆိုလိုတာက ဝက်ဆိုက်မှာ တစ်မျိုးပြောပြီး မြေပြင်မှာ တစ်မျိုးပြောတဲ့ ပုံစံမျိုးပေါ့။

ထိုင်ဝမ်ကျွန်းမှာရှိတဲ့ ဥရောပသမဂ္ဂကိုယ်စားလှယ်ကလည်း ထိုင်ဝမ်ကျွန်းသားတို့ရဲ့ အားမာန်အပြည့်နဲ့ တက်ကြွလွန်းတဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်တဲ့အတွက် ဂုဏ်ယူကြောင်းနဲ့ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို ဆက်လက်တိုးမြှင့် သွားမယ်ဆိုတဲ့ အကြောင်း လူမှုကွန်ရက်မှာ တင်ထားပါသေးတယ်။

ဒါတွေကိုကြည့်ခြင်းအားဖြင့် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုဟာ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လေးစားလိုက်နာ တယ်လို့ဆိုထားသော်လည်း တစ်ဖက်မှာ ထိုင်ဝမ်ကျွန်းကို မြှောက်ထိုး ပင့်ကော် လုပ်ပေးနေတာတွေ့ရမှာပါ။

ဒါကြောင့်လည်း တရုတ်ဘက်က အရင်ကထက်ပိုမိုကြီးမားပြီး ပြင်းထန်တဲ့စစ်ရေးလေ့ကျင့်ခန်းတွေကို   ထိုင်ဝမ်ကျွန်း အနီးပတ်ဝန်းကျင်မှာ လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။ ဒါဟာတရားမျှတတယ်လို့ ဆိုရမှာပေါ့။

အခုထိုင်ဝမ်ကျွန်းနားမှာ အမေရိကန်နဲ့ဖိလစ်ပိုင်တို့က ပူးတွဲစစ်ရေး လေ့ကျင့်ခန်းတွေ လုပ်တယ်ဆိုတာ ကလည်း  တစ်ဖက်က တရုတ်ကို မခံချင်အောင်ရန်စတာနဲ့အတူတူပါပဲ။

အမေရိကန်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းက ဖိလစ်ပိုင်နိုင်ငံမှာ ခြေကုပ်စခန်းတွေ ရရှိထားပါ တယ်။ အဲဒီလိုခြေကုပ် စခန်းတွေရရှိပြီဆိုကတည်းက တရုတ်ကိုဦးတည်တဲ့   စစ်ရေးလေ့ကျင့်ခန်းတွေ ဆက်တိုက်ဆိုသလို လုပ်လာတာပါ။

ဒါကြောင့်   ခြုံငုံသုံးသပ်ရမယ်ဆိုရင် အမေရိကန်ဟာ တစ်ဖက်မှာ ထိုင်ဝမ်ကျွန်းကို ထောက်ပံ့မှုတွေ ပေးပြီး ထိုင်ဝမ်ကျွန်းရဲ့ ခွဲထွက်ရေး ကြိုးပမ်းမှုကို ထောက်ခံအားပေးနေတယ်။

နောက်တစ်နေရာမှာကျတော့ ဖိလစ်ပိုင်မှာအခြေစိုက်စခန်းထိုင်ပြီး တရုတ်နိုင်ငံအနီးမှာ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းတွေလုပ်ခြင်း အားဖြင့် တရုတ်ရန်ကကာကွယ်ဖို့ ရည်ရွယ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ တရုတ်ကို ရန်စမှုတွေ လုပ်တယ်။

ဒါတွေအားလုံးဟာ  တရုတ်နဲ့ စစ်မဖြစ်ဖြစ်အောင် လုပ်နေတဲ့ပုံစံတွေပါပဲ။ ဒါပေမဲ့ တကယ်လို့များ    စစ်ပွဲတွေဖြစ်လာရင် အမေရိကန်ကတော့  နောက်ကွယ်ကနေပဲ ထောက်ပံ့မှုတွေပေးမှာပါ။ အသေခံ ရမှာက ကြားခံဒေသငယ်လေးတွေပဲ ဖြစ်ပါလိမ့်မယ်။

လက်ရှိမှာဆိုရင် အမေရိကန်က ရုရှားနဲ့ကြားခံ စစ်ဆင်နွှဲနေပါတယ်။ အဲဒီစစ်မှာ အရေးမလှတဲ့ အခါ ကျတော့ သူ့ရဲ့ဂုဏ်သတင်းကိုပြန်ယူဖို့အတွက် ထိုင်ဝမ်ကျွန်းဘက်မှာ စစ်မီးတစ်စကို မွှေးနေပုံပါပဲ။

ဒါကြောင့် အမေရိကန်ဟာ ထိုင်ဝမ်ကျွန်းကိုကြားခံပြီး တရုတ်ကိုစစ်မြှူနေပြီလားဆိုတာ မေးခွန်းထုတ် စရာ ဖြစ်လာသလို တွေးတောစိုးရိမ်စရာလည်း ဖြစ်လာကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။     ။

  Ref: RT, Sputnik

ထက်မြတ်