စစ်တွေမြို့အနီး မြန်မာ့ပင်လယ်ပြင်၌ မီးလောင်နစ်မြုပ်နေသည့်လှေတစ်စီးပေါ်မှ လှေသားများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ၊  ဒီဇင်ဘာ - ၁၂ 
    
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် စစ်တွေပွိုင့်အနောက်တောင်ဘက် ရေမိုင် ၄၃ ဒသမ ၅ မိုင်ခန့်အကွာ၌ ကုန်တင်လှေတစ်စီး မီးလောင်နစ်မြုပ်နေကြောင်း သတင်းအရ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် သွားရောက်စစ်ဆေးရာ အဆိုပါနစ်မြုပ်လှေပေါ်မှ လှေသား အမျိုးသား ၇ ဦးအနက်မှ ၄ ဦးအား  စစ်ရေယာဉ်ပေါ်သို့ ကူညီကယ်ဆယ်ပြီး လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် စားသောက်ဖွယ်ရာများ ကူညီထောက်ပံ့ပေးအပ်ခဲ့သည်။
    
အဆိုပါ နစ်မြုပ်လှေမှာ စစ်တွေမြို့နေ ဦးလှသိန်းပိုင်ဆိုင်သော ရွှေလွှမ်းသူ အမည်ရှိ ကုန်တင်လှေဖြစ်ကြောင်းသိရှိရပြီး ၎င်းလှေမှ ပျောက်ဆုံးနေသော လှေသား ၃ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီရှာဖွေခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။