စည်းလုံးညီညွတ်သော အင်အားဖြင့် ကူညီကယ်ဆယ် စောင့်ရှောက်

 

စည်းလုံးညီညွတ်သော အင်အားဖြင့် ကူညီကယ်ဆယ် စောင့်ရှောက်

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ စက်တင်ဘာ  ၁၇ ရက်)

    မြန်မာနိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းရာဂိနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ်ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရသည်။ မုန်တိုင်းဖြစ်ပေါ်လာမည့် သတင်းနှင့်ပတ်သက်၍ နိုင်ငံပိုင်မီဒီယာများတွင် အချိန်နှင့်တစ်ပြေးညီ သတင်းများ ထုတ်ပြန်ပေးခဲ့သည်။ သြဂုတ်လ ၂၉ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားနေသည့် လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်၍  စတင်ထုတ်ပြန်ခဲ့သည်။

ထို့အတူ   တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားကြီး တိုင်ဖွန်းမုန်တိုင်းရာဂိ၏ အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့်  ရေကြီးရေလျှံမှု၊ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြေပြိုနိုင်မှု အခြေအနေများကို   မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက   စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး ကျယ်ကျယ်ပြန့်ပြန့် သတိပေးလှုံ့ဆော်မှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါမုန်တိုင်းနှစ်ခုအရှိန်ကြောင့်  နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  မွန်ပြည်နယ်၊  ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်(အရှေ့ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သောကြောင့် တာဝန်ရှိသူများက ကယ်ဆယ်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဝန်ကြီးများ အနေဖြင့်လည်း သဘာဝဘေးဒဏ်သင့်ဒေသများကို ကိုယ်တိုင်ကွင်းဆင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(Disaster Management Committee-DMC) အနေဖြင့်လည်း ၂၄ နာရီအရေးပေါ်ဖွင့်လှစ်ပြီး  အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ် ကျရောက်လေတိုင်း အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်စောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့များ၊ NGO အဖွဲ့များ၊ စေတနာရှင်ပြည်သူများ၏ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်နေမှုများကို အားတက်ဖွယ်တွေ့မြင်ကြရသည်။

ရေကြီးရေလျှံမှုများဖြစ်ပေါ်ချိန်တွင် ကယ်ဆယ်ရေး ဆောင်ရွက်ရသည်မှာ ခက်ခက်ခဲခဲရှိလှသည်။ ရေစီးအလွန့်အလွန်သန်လှသည့် ရေပြင်တွင် စက်လှေများကို ကျွမ်းကျင်စွာမောင်းနှင်ပြီး ကယ်ဆယ်ရခြင်းဖြစ်သည်။  စက်တင်ဘာလ ၁၄ ရက်နေ့တွင် တောင်ငူဒေသ ဇရပ်ကြီးအနောက်ဘက်ရွာများကို ရွှေ့ပြောင်းကယ်ထုတ်စဉ် ကယ်ဆယ်ရေးအဖွဲ့တွင် ပါဝင်သည့် တပ်မတော်သားတစ်ဦးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ဦး ရေစီးထဲမျောပါ ပျောက်ဆုံးသွားခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများတွင် သက်စွန့်ဆံဖျား ပါဝင်နေသည့်တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ အပါအဝင် Volunteer  ပြည်သူလူထု ကူညီကယ်ဆယ်ရေးအဖွဲ့အားလုံး ဆောင်ရွက်ချက်များကို ပြည်သူတစ်ရပ်လုံးက အသိအမှတ်ပြုလျက်ရှိသလို နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အသိအမှတ်ပြုထားပြီးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ ၁၃ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်လမ်းတံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးစဉ် ‘‘နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဒဏ်ခံခဲ့ရသည့် ဒေသများ၌  ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို  အင်ပြည့်အားပြည့်ဖြင့် အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားရန် လိုကြောင်း၊  ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံး ရောက်ရှိရေးအတွက်လည်း ဆောင်ရွက်သွားရန် လိုကြောင်း၊ တိုင်ဖွန်းမုန်တိုင်းရာဂိ၏ အရှိန်ကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခံစားခဲ့ရသည့် အခြားနိုင်ငံများနည်းတူ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးရရှိနိုင်ရေး အတွက်လည်း နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးချိတ်ဆက် ရယူနိုင်ရေး ဆောင်ရွက်သွားရန်’’ မှာကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် အကောင်းဆုံးနှင့်အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိသည်။ ကူညီကယ်ဆယ်ရေး နောက်ဆက်တွဲလုပ်ငန်းများအဖြစ် ဆန်၊ ရိက္ခာဖိုးများအတွက် သတ်မှတ်ငွေနှုန်းထားနှင့်သေဆုံး၊ ဒဏ်ရာရသူများကို ငွေကြေးထောက်ပံ့ပေးမည်ဖြစ်သည်။ အိမ်ဆုံးရှုံးသူများကို စာရင်းကောက်ယူပြီး အိမ်ပျက်စီးမှု ရာခိုင်နှုန်းအပေါ်မူတည်ပြီး သတ်မှတ်နှုန်းထားများအတိုင်းလည်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ လက်ရှိအချိန်တွင်လည်း ရေဘေးသင့်သူများ၊ကယ်ဆယ်ရေးစခန်းမှာနေထိုင်ချိန်တွင် စားသောက်မှုအတွက် စားသောက်ဖွယ်ရာများကို သတ်မှတ်နှုန်းထားအတိုင်း ထောက်ပံ့ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူများ အားလုံးစည်းလုံး ညီညွတ်စွာ သဘာဝဘေးဒဏ် ခံရသူများအတွက် ကူညီကယ်ဆယ်စောင့်ရှောက်မှုများကို စည်းလုံးညီညွတ်သော အင်အားဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသား လိုက်ရပေသည်။    ။

Dates: 
Tuesday, September 17, 2024 - 09:03