မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သာစည် - ရွှေညောင်နှင့် ရွှေညောင် - အေးသာယာ - ပေါမူ-ထီသိမ်-တောင်ကြီး ရထားလမ်းပိုင်းများရှိ ရေတိုက်စားပြီး ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် နေရာများအား ဒုတိယဝန်ကြီး ဦးအောင်မြိုင် ကြည့်ရှုစစ်ဆေး
နေပြည်တော် စက်တင်ဘာ ၁၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ သာစည်-ရွှေညောင်နှင့် ရွှေညောင်- အေးသာယာ - ပေါမူ - ထီသိမ် - တောင်ကြီး ရထားလမ်းပိုင်းများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေတိုက်စားပြီး ပျက်စီးချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့သည့် ဘူတာနေရာများ၊ ယာဒ်ဝင်းများ၊ ရထားလမ်းတာပေါင်များနှင့် ရထားလမ်းတံတားနေရာများ၏ အခြေအနေအား စစ်ဆေးသည်။
အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် သာစည် - ရွှေညောင် ရထားလမ်းပိုင်းရှိ ပျက်စီးချွတ်ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့် သာစည်၊ လှိုင်းတက်၊ ဘုရားငါးဆူ၊ ဆင်တောင်၊ မြင်းဒိုက်၊ ကလော၊ အောင်ပန်း ဘူတာများ၊ ဘူတာယာဒ်ဝင်းများ၊ ရထားလမ်းတာပေါင်များနှင့် ရထားလမ်းတံတားနေရာများကို သွားရောက်စစ်ဆေး၍ ရထားခရီးစဉ်များ အမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရထားလမ်းများ၊ တံတားများကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြု၍ သတ်မှတ်စံနှုန်းအတိုင်း စနစ်တကျ ပြန်လည်ပြုပြင်သွားရန်၊ မြေထိန်းနံရံများ စနစ်တကျဆောင်ရွက်ရန်၊ ရေစီးဆင်းမှု ကောင်းမွန်စေရန်အတွက် ရေပြွန်များ ထည့်သွင်း တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး စသည့်လုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေညောင် - အေးသာယာ - ပေါမူ - ထီသိမ် - တောင်ကြီးရထားလမ်းပိုင်းရှိ ပျက်စီးချွတ်ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့် တာပေါင်နေရာများအား သတ်မှတ်အကျယ်ရရှိအောင် မြေဖို့ဖိကြိတ်ခြင်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ရထားလမ်းပိုင်းအတွင်း သတ်မှတ်စံချိန်စံနှုန်းအတိုင်း လမ်းခင်းကျောက်များ စနစ်တကျ ပြန်လည်ဖြည့်သွင်းပြီး Hand Tamping Machine ဖြင့် ပတ်ကင်ရိုက်ခြင်း၊ ကွေ့ဒီဂရီ ၊ Alignment နှင့် Super Elevations များမှန်ကန်မှုရှိစေရေး စနစ်တကျပြန်လည်စစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန်နှင့် လမ်းပိုင်းအလိုက် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးသွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် Schedule အတိုင်း စနစ်တကျ ကောင်းမွန်အောင်ပြုပြင်ရန်၊ လိုအပ်သည့်ပစ္စည်းများ လုံလောက်မှုရှိအောင် စီစဉ်ထောက်ပံ့ပေးသွားရန်၊ ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများကို အလေအလွင့်မဖြစ်အောင် စနစ်တကျ ပြန်လည်အသုံးပြုသွားရန်နှင့် ရထားများ အမြန်ပြန်လည် ပြေးဆွဲနိုင်ရေး အလေးထား ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။