ရထားများ အမြန်ဆုံးပြန်လည် ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းနှင့်တံတားများ ပြင်ဆင်မွမ်းမံမှုကို စနစ်တကျ စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိ
နေပြည်တော် စက်တင်ဘာ ၁၆
မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၄ ရက်နံနက်ပိုင်းက မန္တလေး တိုင်းဒေသကြီး သာစည်မြို့နယ် သာစည်ဘူတာမှ ဝမ်းတွင်းမြို့နယ် သပြေတောင်းဘူတာအထိ မွမ်းမံပြင်ဆင်ဆောင်ရွက်နေမှုကို လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဝမ်းတွင်းမြို့နယ် စမုံနှင့် သပြေတောင်းဘူတာအကြား မိုင်တိုင် (၃၃၃/၁)၌ အစုန် လမ်းတံတား အမှတ်(၆၉၁)၏ ပေ ၄၀ သံပေါင်ခုနစ်ခုအနက် လေးခုရေထဲပြုတ်ကျပြီး ကမ်းကပ်ခုံနှစ်ဖက်ရှိ သံပေါင်များသာ ကျန်ရှိသည့်အခြေအနေကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ရေများပြန်လည်ကျဆင်း သွားပြီဖြစ်သဖြင့် စက်ယန္တရား များအသုံးပြု၍ တံတားအားအမြန်ဆုံး ပြန်လည်စစ်ဆေး ပြုပြင်နိုင်ရေး မှာကြားခဲ့သည်။
တိုင်ဖွန်းမုန်တိုင်း “ရာဂိ”၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နေပြည်တော် ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်စပ်သည့် ရန်ကုန်-မန္တလေး ရထားလမ်းမကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)သာစည်-ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်းတို့တွင် ရထားလမ်းတာပေါင်နေရာများနှင့် တံတားများရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ရထားခရီးစဉ်များကို ယာယီရပ်ဆိုင်းထားရသဖြင့် ခရီးသည်နှင့် ကုန်စည်သွားလာပို့ဆောင်မှု လုပ်ငန်းများ ထိခိုက်လျက်ရှိရာ ရထားများအမြန်ဆုံးပြန်လည် ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းနှင့်တံတားများ ပြင်ဆင်မွမ်းမံမှုကို လူအင်အား၊ ပစ္စည်းအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်တို့ဖြင့် စနစ်တကျစီမံကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။