အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ခြင်းဆီသို့

 

 

အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ခြင်းဆီသို့

 

နိဒါန်း

    သက်ရှိတို့   ရှင်သန်ရပ်တည် နေထိုင်နိုင်ရေးနှင့် သဘာဝရာသီဥတု စနစ်အတွက် နေစွမ်းအင်သည် မရှိမဖြစ် လိုအပ်သည်။ သို့သော်လည်း နေမှဖြာထွက်လာသော အလင်းတန်းတွင်   လူအပါအဝင် သက်ရှိများနှင့်အပင်များကို အန္တရာယ်ဖြစ်စေသည့် အပြင် အရာဝတ္ထုများကိုပါ ပျက်စီးစေနိုင်သည့် ခရမ်းလွန်ရောင်ခြည်များ ပါဝင်လာသည်။ ခရမ်းလွန်ရောင်ခြည်ကို UV-A, UV-B နှင့် UV-C သုံးမျိုးခွဲခြား၍ လေ့လာသိရှိနိုင်သည်။ အဆိုပါ ခရမ်းလွန်ရောင်ခြည်များသည်  လေထုပဉ္စမအလွှာ(Exosphere)၊ စတုတ္ထအလွှာ(Thermosphere)၊ တတိယအလွှာ (Mesosphere) ကမ္ဘာ့လေထုကို အတူတကွ ဖြတ်သန်းလာနိုင်ကြသော်လည်း ကမ္ဘာ့မြေမျက်နှာပြင် အထက် အမြင့် ၁၅ ကီလိုမီတာမှ ၃၅ ကီလိုမီတာအကြား ကမ္ဘာ့လေထု၏ ဒုတိယအလွှာဖြစ်သည့် စထရာတိုစဖီးယားအလွှာ အတွင်းရှိ အိုဇုန်းလွှာဟုခေါ်သည့် အိုဇုန်းဓာတ်ငွေ့များ သဘာဝအလျောက် စုစည်းနေသည့်  ဓာတ်ငွေ့အလွှာနှင့် တွေ့သည့်အခါ  UV-B အများစုနှင့် UV-C အားလုံးတို့မှာ ရပ်ဆိုင်းခံကြရပြီး UV-A တစ်ခုတည်းသာ ကမ္ဘာမြေပြင်အထိ ရောက်ရှိသည်။ အကြောင်းမှာ အိုဇုန်းဓာတ်ငွေ့များက အဆိုပါရောင်ခြည် သုံးမျိုးအနက် သက်ရှိများအတွက် အလွန်အန္တရာယ်ဖြစ်စေသည့် ခရမ်းလွန်ရောင်ခြည် UV-C ကို ၁၀၀ ရာခိုင်နှုန်း စုပ်ယူပြီး UV-B ကို ၉၅ ရာခိုင်နှုန်း အထိစုပ်ယူ၍ ကျန်ရှိသည့် ပမာဏအနည်းငယ်ကိုသာ ကမ္ဘာမြေပြင်သို့ ကျရောက်စေခြင်းကြောင့်ဖြစ်သည်။

ခရမ်းလွန်ရောင်ခြည်  UV-B သည် အလွန်အန္တရာယ်ရှိပြီး တိုက်ရိုက်ထိတွေ့ပါက လူသားများ၏ ကျန်းမာရေး၊ စိုက်ပျိုးရေး၊  ဂေဟစနစ်၊  ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် တာရှည်ခံမှုစသည်တို့ အပေါ် ပြင်းထန်သော ထိခိုက်ပျက်စီးမှုများ ဖြစ်စေနိုင်သည်။

တစ်ဖက်တွင်  သဘာဝ ရာသီဥတုစနစ်နှင့်အညီ ရှင်သန်၊ ပေါက်ပွား၊ ကြီးထွား ရပ်တည်နိုင်ကြသည်။

သို့ရာတွင်  လူဦးရေဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ စက်မှုလက်မှုနည်းပညာများ  ဖွံ့ဖြိုးတိုးတက်မှုများကြောင့် လူနေမှုအဆင့်အတန်း တိုးတက်လာသော်လည်း ရုပ်ကြွင်းလောင်စာ အပါအဝင် သဘာဝသယံဇာတများ တူးဖော်ထုတ်လုပ်ခြင်း၊ ရုပ်ကြွင်းလောင်စာများ အသုံးပြုခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊  စွန့်ပစ်ပစ္စည်းများစသည်တို့ တိုးပွားလာခြင်းနှင့်အတူ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများလည်း တိုးပွားလာသဖြင့် သဘာဝရာသီဥတုစနစ်များကို ပိုမိုပြောင်းလဲစေခြင်းများ ဖြစ်ပေါ်စေပါသည်။ အဆိုပါမှန်လုံအိမ် ဓာတ်ငွေ့များတွင်  အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ၊ အစားထိုး အအေးပေးဒြပ်ပစ္စည်းများ ပါဝင်သည်။

အိုဇုန်းလွှာ

    ကမ္ဘာ့လေထု ဒုတိယအလွှာအတွင်းရှိ အိုဇုန်းလွှာတွင် စုဝေးနေသည့်  အိုဇုန်းဓာတ်ငွေ့ပမာဏသည် စုစုပေါင်း သုံးဘီလီယံ မက်ထရစ်တန်ခန့်ရှိပြီး ကမ္ဘာ့လေထု၏ သုည ဒသမ ၀၀၀၀၆ ရာခိုင်နှုန်းသာရှိ၍ လေထုအတွင်းရှိ မော်လီကျူး ၁၀ သန်းတွင် ပျမ်းမျှအားဖြင့်  အိုဇုန်းမော်လီကျူး သုံးခုသာရှိသည်။

အကယ်၍ လေထုအတွင်းရှိ အိုဇုန်းမော်လီကျူးများ အားလုံးကို ပင်လယ်ရေမျက်နှာပြင်သို့   ဖိအားပေးဖြန့်ကြက်ကြည့်မည်ဆိုပါက လိမ္မော်သီးတစ်လုံး၏  အခွံအထူအတိုင်းအတာနှင့်တူညီသည့် ၃ မီလီမီတာ အထူရှိသော ဓာတ်ငွေ့အလွှာ တစ်ခုအဖြစ်  မြင်တွေ့ရနိုင်သည်။ ယင်းပါးလွှာသော  ဓာတ်ငွေ့အလွှာငယ်လေးသည် ကမ္ဘာပေါ်ရှိ  သက်ရှိအားလုံးနှင့် အရာဝတ္ထုများကို  အန္တရာယ်ဖြစ်စေသည့်   ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးနေခြင်းဖြစ်သဖြင့် အိုဇုန်းလွှာပါးလွှာခြင်း(သို့) ပျက်စီးခြင်း မဖြစ်ပေါ်စေရန်မှာ  လွန်စွာ အရေးကြီးလှပေသည်။

အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများအသုံးပြုမှုကိုကာကွယ်ထိန်းချုပ်ရန်  မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို  ၁၉၈၇  ခုနှစ်တွင် အတည်ပြုချမှတ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သဘောတူစာချုပ်များတွင်  အအောင်မြင်ဆုံး သဘောတူစာချုပ်လည်းဖြစ်သည်။ ဆက်လက်၍ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းအသစ်များကို  ထပ်မံတွေ့ရှိလာရသည့်အတွက် မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ်၏    ပြင်ဆင်ချက်များဖြစ်သည့် ၁၉၉၀ ပြည့်နှစ်  လန်ဒန်ပြင်ဆင်ချက်(London Amendment)၊ ၁၉၉၂ ခုနှစ် ကိုပင်ဟေဂင် ပြင်ဆင်ချက် (Copenhagen Amendment)၊ ၁၉၉၇ ခုနှစ် မွန်ထရီရယ်ပြင်ဆင်ချက် (Montreal Amendment)၊ ၁၉၉၉ ခုနှစ် ပေကျင်းပြင်ဆင်ချက် (Beijing Amendment) နှင့် ၂၀၁၆ ခုနှစ် ကီဂါလီပြင်ဆင်ချက်ဟူ၍ (၅) ကြိမ်တိုင်တိုင်  ထပ်မံပြင်ဆင်ကာ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ(Ozone Depleting Substances)  ထုတ်လုပ်မှု၊ သုံးစွဲမှုများကို အမျိုးအစားကို မူတည်၍ လုံးဝရပ်ဆိုင်းခြင်း၊ နှစ်အလိုက်အဆင့်ဆင့် လျှော့ချရပ်ဆိုင်းခြင်း၊ အဆင့်ဆင့် လျှော့ချခြင်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ကို အတည်ပြုခဲ့သည့် ၁၉၈၇ ခုနှစ် စက်တင်ဘာလ  ၁၆  ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (International Day for the Preservation of the Ozone Layer) အဖြစ် သတ်မှတ်ခဲ့ပြီး မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ် အဖွဲ့ဝင်နိုင်ငံများတွင် ၁၉၉၅ ခုနှစ်မှစတင်၍ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားများနှင့် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြပါသည်။ ၂၀၁၈ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ (World Ozone Day) အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင်လည်းအပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားကို၂၀၀၈ ခုနှစ်မှစတင်၍ အထိမ်းအမှတ်အခမ်းအနားနှင့် အသိပညာပေး အစီအစဉ်များကို   နှစ်စဉ်ကျင်းပ ဆောင်ရွက်ခဲ့သည်။

မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် ကမ္ဘာလုံးဆိုင်ရာ သွေးစည်းညီညွတ်မှု၏ ပြယုဂ်၁၉၈၇ ခုနှစ်မှအစပြုခဲ့သည့် ကမ္ဘာ့နိုင်ငံများက  အသိအမှတ်ပြု လက်မှတ်ရေးထိုးထားသော မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ်သည်  ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြယုဂ်၏ မွန်ထရီရယ်သဘောတူစာချုပ်၏  နောက်ဆက်တွဲပြင်ဆင်ချက်များ အနက် ၂၀၁၆ ခုနှစ်တွင် အတည်ပြုခဲ့သော ကီဂါလီပြင်ဆင်ချက်သည် အိုဇုန်းလွှာ ထိခိုက်ပျက်စီးမှု မရှိသလောက် နည်းသော်လည်း သိသာထင်ရှားသော မှန်လုံအိမ် အာနိသင်ရှိသည့် ဓာတ်ငွေ့ဖြစ်သည့် ဟိုက်ဒရို ဖလူရိုကာဗွန် (HFCs) ကို  မဟာဗျူဟာမြောက် လျှော့ချရန် ရည်မှန်းထားရှိသည်။   ၎င်းပြင်ဆင်ချက်သည် ၂၀၄၀  ပြည့်နှစ်များတွင် HFCs များကို ၈၀-၈၅ ရာခိုင်နှုန်း လျှော့ချနိုင်ရန် မျှော်မှန်းထားပြီး ရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်ရန် အလုံးစုံပြည့်စုံသည့် ကတိကဝတ် (Comprehensive Commitment) အဖြစ် သရုပ်ဖော်ထားသည်။

 မြန်မာနိုင်ငံသည် အခြားသော  ကမ္ဘာ့နိုင်ငံများ နည်းတူ အဆိုပါပြင်ဆင်ချက်သို့  အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး  ကီဂါလီပြင်ဆင်ချက်သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ပြီးပါက မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသော ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းဆိုင်ရာ  ကတိကဝတ်လည်းဖြစ်သည့် မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally  Determined Contributions– NDCs) အတွက် Mitigation Tool တစ်ခုအနေဖြင့် အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ ယခုအခါတွင် ကီဂါလီပြင်ဆင်ချက်သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်သည့် နိုင်ငံပေါင်း ၁၆၀ နိုင်ငံရှိပြီဖြစ်သည်။

အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှုများ အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းစဉ်များအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်(UNEP)၊ ဆက်စပ်ဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ ထိန်းချုပ်ခြင်းဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ်နှင့် ပြင်ဆင်ခဲ့သည့် စာချုပ်တို့တွင် အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုး ပါဝင်ဆောင်ရွက်ခဲ့ပြီး စာချုပ်ပါသတ်မှတ်ချက်များ အတိုင်း အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ (Ozone Depleting Substances) ထုတ်လုပ်မှု၊ သုံးစွဲမှုများအား ကန့်သတ်ထိန်းချုပ်ခြင်းကို အခြားသော ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများ နည်းတူ ဆောင်ရွက်လျက် ရှိသည်။

Methyl  bromide သည် အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းတစ်ခုဖြစ်ပြီး ယခင်က မြေဆီလွှာတွင်ရှိသော  ပိုးမွှားများနှင့် ရောဂါပိုးမွှားများ  (မှို၊ ဗက်တီးရီးယားနှင့်  မြေဆီလွှာမှဖြစ်စေသော ဗိုင်းရပ်) များကို  ထိန်းချုပ်ရန်အတွက် လည်းကောင်း၊ သီးနှံများ  ရိတ်သိမ်းပြီးနောက် ကုန်စည်များကို အဆောက်အအုံများတွင် သိုလှောင်ရာတွင် (အင်းဆက်များ၊ ခြ/ ကြမ်းပိုးများ၊  ပိုးမွှားများ၊ နီမတုတ် (Nematodes)နှင့် ကြွက်များ) ကို ထိန်းချုပ်နိုင်ရန်အတွက် လည်းကောင်း မှိုင်းတိုက်အဆိပ်ငွေ့အဖြစ် အသုံးပြုခဲ့ကြသည်။ ၎င်းအပြင် မီသိုင်းဘရိုမိုက်ကို စားသောက်ကုန်၊   လတ်ဆတ်သောသစ်သီးများ၊ ဟင်းသီးဟင်းရွက်များ ကဲ့သို့သော ပုပ်သိုးဆွေးမြည့်လွယ်သည့် ကုန်စည်များ၊ ကောက်ပဲသီးနှံ၊ ပဲမျိုးစုံ၊ သစ်သားထွက်ကုန်များ၊  ဝါဂွမ်းနှင့် အခြားပစ္စည်း များကဲ့သို့  တာရှည်ခံကုန်ပစ္စည်းများ အပါအဝင် ရောင်းဝယ်ဖောက်ကားသည့်  ကုန်စည်များတွင် အင်းဆက်ပိုးမွှားနှင့် ရောဂါပိုးမွှားများကို ထိန်းချုပ်ရန်အတွက်  ဆက်လက် အသုံးပြုနေကြပါသည်။

ယင်းအန္တရာယ်များကို   လျှော့ချနိုင်ရန်အတွက်  အစိုးရအဖွဲ့အစည်းများသည် အမျိုးသားအဆင့်နှင့် နိုင်ငံတကာအဆင့် ဇီဝဓာတုဗေဒဆိုင်ရာ  ကုသမှုစံနှုန်းများ (Phytosanitary Treatment Standards) နှင့်အညီ အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိသည်။

၎င်းတို့အနက် Methyl Bromide Fumigation သည် တစ်ခုအပါအဝင်ဖြစ်ပြီး “Quarantine and  Pre Shipment” (QPS)  ဟုခေါ်ဆို၍  နိုင်ငံတစ်ခုမှ ကုန်သွယ်ထားသော ကုန်ပစ္စည်းများကို  တင်ပို့ခြင်းမပြုမီ သို့မဟုတ်  တင်သွင်းသည့်နိုင်ငံသို့  ရောက်ရှိချိန်တွင်  အသုံးပြုလုပ်ဆောင်လေ့ရှိသည်။ Methyl Bromide အသုံးပြုသည့် QPS စနစ်သည် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်အရ  ထိန်းချုပ်ထားခြင်း မရှိသော်လည်း နှစ်စဉ် Methyl Bromide ဆိုင်ရာ အချက်အလက်များ  အစီရင်ခံခြင်း (Data Reporting) လုပ်ငန်းစဉ်များ ဆောင်ရွက်ရသည်။

မြန်မာနိုင်ငံအနေဖြင့် Methyl Bromide တင်သွင်းမှုကို ပမာဏအနည်းငယ်သာ နှစ်စဉ်ခွင့်ပြုခဲ့ရာမှ  ၂၀၂၀ ပြည့်နှစ်  ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သည့် အမျိုးသားအဆင့် အိုဇုန်းယူနစ်အစည်းအဝေးတွင် တင်သွင်းသူများနှင့် ဆွေးနွေးချက်များအရ   ၂၀၂၀   ပြည့်နှစ်မှစ၍ နှစ်စဉ်ခွဲတမ်းစနစ်ဖြင့်သာ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး  ၂၀၂၅ ခုနှစ်တွင် လုံးဝရပ်ဆိုင်းသွားနိုင်ရန် စီစဉ်ဆုံးဖြတ် ထားခဲ့သော်လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်နှင့်အညီ လက်ရှိဖွံ့ဖြိုးတိုးတက်လာသည့်  စီးပွားရေး အခြေအနေများနှင့် စိုက်ပျိုးရေး ထုတ်ကုန်များ ပြည်ပတင်ပို့ရာတွင်  ဝယ်ယူသည့် နိုင်ငံအချို့၏ တောင်းဆိုချက်များအရ Quarantine Pre Shipment (QPS) အတွက် အသုံးပြုနိုင်ရန် Methyl  Bromide ကို ခွဲတမ်းစနစ်ဖြင့် ဆက်လက်တင်သွင်း သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည်   အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ   ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုမရှိသည့်အပြင် ပြည်တွင်းသုံးစွဲမှု နည်းပါးသောနိုင်ငံဖြစ်သော်လည်း   မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ပါ  ကတိကဝတ်များနှင့်အညီ      အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများသုံးစွဲမှုကို  အဆင့်ဆင့်လျှော့ချကာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးတို့တွင် ကမ္ဘာ့နိုင်ငံများ အားလုံးနှင့်အတူ  တက်ကြွစွာဆောင်ရွက်လျက်ရှိသည်။

လက်ရှိအနေဖြင့် မွန်ထရီရယ်သဘောတူ စာချုပ်ပါသတ်မှတ်ချက်များကို အဖွဲ့ဝင်နိုင်ငံများက လိုက်နာဆောင်ရွက်ခဲ့၍   အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများ အသုံးပြုခြင်းကို   လျှော့ချလာနိုင်သည့်အပြင်  လျှော့ချရပ်ဆိုင်းလိုက်သည့်   ဒြပ်ပစ္စည်းများနေရာတွင် အစားထိုး အသုံးပြုမည့်ဒြပ်ပစ္စည်းများကို  တီထွင်ကြံဆလာနိုင်ခြင်း၊ မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်၏ ပြင်ဆင်ချက်တစ်ရပ်ဖြစ်သော ကီဂါလီပြင်ဆင်ချက်ကို ဝင်ရောက်ပြီးပါကလည်း ရရှိလာမည့် အကျိုးကျေးဇူးများဖြစ်သည့် ဟိုက်ဒရိုဖလူရိုကာဗွန်(HFC) အသုံးပြုမှုနှင့် ပြည်တွင်းသို့ တင်သွင်းခြင်းကို လျှော့ချခြင်းဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို သုည ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ လျှော့ချလာနိုင်မည်ဖြစ်ခြင်းကြောင့်  ရာသီဥတု ပြောင်းလဲမှုကိုပါလျှော့ချနိုင်မည်ဖြစ်သည်။

အိုဇုန်းလွှာနှင့် ရာသီဥတုပြောင်းလဲမှု ဆက်စပ်ခြင်း

    အိုဇုန်းလွှာပျက်စီးစေနိုင်သည့် ဒြပ်ပစ္စည်းများ (ODS) ကို ကန့်သတ်လျှော့ချရာမှ အောင်မြင်မှုများသည်  ရာသီဥတုပြောင်းလဲမှုကို လျှော့ချရာတွင်လည်း အထောက်အကူပြုပါသည်။  မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်သည်  အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများအားလုံး၏  ၉၆ ရာခိုင်နှုန်းကျော်အထိ လျှော့ချဖယ်ထုတ်ရာတွင်  အကျိုးရလဒ်များ ရရှိခဲ့သည်။ ဤစာချုပ်အရ တားဆီးထိန်းချုပ်ထားသော ဒြပ်ပစ္စည်းများသည်  အန္တရာယ်ကြီးသည့် မှန်လုံအိမ်ဓာတ်ငွေ့များကို ဖြစ်စေသောကြောင့်   အိုဇုန်းလွှာ ကာကွယ်ခြင်းတွင် အရေးကြီးသည့်  ရာသီဥတုဆိုင်ရာ  အကျိုးအမြတ်များကို ရရှိစေသည်။    အိုဇုန်းလွှာ ကာကွယ်ရန်အတွက် ကမ္ဘာနှင့်အဝှမ်း ကြိုးပမ်းအားထုတ်မှုများမရှိခဲ့လျှင် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်နိုင်သည့် မှန်လုံအိမ်အာနိသင်အကျိုးသက်ရောက်မှုသည် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုနှင့် ညီမျှသွားဖွယ်ရာရှိသည်ဟု ခန့်မှန်းထားသည်။ လက်ရှိတွင်လည်း မှန်လုံအိမ် ဓာတ်ငွေ့များသည် ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်မှာ အထင်အရှားပင်ဖြစ်သည်။  ကမ္ဘာကြီးပေါ်တွင်  နေထိုင်လျက်ရှိသော လူသားများ အားလုံးသည် လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ကတည်းက အိုဇုန်းလွှာပျက်စီးခဲ့သည်ကို သိရှိနားလည်ခဲ့ကြပြီး   သက်ရှိအားလုံး၏ ကျန်းမာရေးအတွက် အရေးပါသည့် အိုဇုန်းလွှာ ကာကွယ်ရေးတွင် အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ရန် အရေးကြီးလှသည်။

အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ခြင်းမှသည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆီသို့ပြည်သူများအနေဖြင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာ   အသုံးချနိုင်ရေး  (Energy Efficiency) ကို အထောက်အကူဖြစ်စေရေး အတွက် အအေးပေးပစ္စည်းများ ဝယ်ယူရာတွင် ယုံကြည်စိတ်ချရသည့်  အအေးပေးပစ္စည်းများ ပါဝင်သော စက်ပစ္စည်းများနှင့်  အိမ်သုံးပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်း၊ ရေခဲသေတ္တာကဲ့သို့သော အိမ်သုံးပစ္စည်းအသစ်များကို ဝယ်ယူသည့်အခါ ၎င်းတွင် “အိုဇုန်းကို ထိခိုက်ပျက်စီးစေခြင်း မရှိသော” “ozone friendly” (သို့) “HCFC ကင်းလွတ်” “HCFC free”  (သို့) စွမ်းအင်ခြိုးခြံချွေတာမှု (သို့) Environm-ental Friendly စသည့် အမှတ်အသားများ ပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲခြင်း၊  ပစ္စည်းအသစ်ဝယ်ယူသည့် အခါတွင်လည်း အမှန်တကယ်လိုအပ်သည့် အရွယ်အစားကို မှန်ကန်စွာရွေးချယ်ခြင်း၊ လေအေးပေးစက်၏ Condenser နှင့် Evaporator ကို နေရောင်တိုက်ရိုက် ကျရောက်သည့်နေရာတွင် တပ်ဆင်ထားပါက ပုံမှန်သန့်ရှင်းရေးပြုလုပ်ရန် လိုအပ်မည်ဖြစ်၍ အရိပ်ရမည့်နေရာတွင် တပ်ဆင်အသုံးပြုခြင်း၊ လေအေးပေးစက် အသုံးမပြုဘဲ သဘာဝလေဖြင့်သာ အအေးခံခြင်း(သို့)ပန်ကာကို တွဲဖက်အသုံးပြုခြင်း၊ ကားစတင်စက်နှိုးစဉ် ပြတင်းပေါက်များ ဖွင့်ထားပြီး  မိနစ်အနည်းငယ်ကြာမှ လေအေးပေးစက် အသုံးပြုခြင်းနှင့် ကားကိုအရိပ်ရသည့် နေရာတွင်သာ ရပ်နားခြင်းတို့ဖြင့်  အိုဇုန်းလွှာထိခိုက်ပျက်စီးမှုမှ ကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင်  တစ်ဖက်တစ်လမ်းမှ ပူးပေါင်းဆောင်ရွက်နိုင်သည်။

 သို့ဖြစ်ပါ၍   အနာဂတ်မျိုးဆက်များအတွက်   သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို လက်ဆင့်ကမ်းနိုင်ရန်   လက်ရှိမျိုးဆက်များသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပြီး    ထိုသို့လက်ဆင့်ကမ်း ပေးနိုင်ရန်အတွက်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများအပြင် အိုဇုန်းလွှာထိန်းသိမ်းခြင်း လုပ်ငန်းသည်လည်း  များစွာအရေးပါလှသည်။ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး  သာယာလှပသော ကမ္ဘာကြီးကို  ဖော်ဆောင်နိုင်ရန်မှာ မြန်မာနိုင်ငံသားများ အပါအဝင် ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ တာဝန်ဖြစ်သည့်အပြင်  အိုဇုန်းလွှာအား  နောင်အနာဂတ် မျိုးဆက်များအထိ ကာကွယ်ထိန်းသိမ်းသွားခြင်းဖြင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကို လျော့ကျစေပြီး လူသားနှင့် သဘာဝပတ်ဝန်းကျင်တို့ ဟန်ချက်ညီညီအချင်းချင်း  အကျိုးပြုနေထိုင်သွားရင်း ကောင်းမွန်လှပသော   အနာဂတ်ကို အကောင်အထည်ဖော်ဆောင်ရွက်ကြစေရန် ရည်ရွယ်၍ “Montreal Protocol:  Advancing  Climate  Action” “မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့   ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး  တိုးမြှင့်ဆောင်ရွက်စို့”ဟူသော   ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြင့် တိုက်တွန်းကာ ၂၀၂၄ ခုနှစ်  စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့်    ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုလိုက်ပါသည်။     ။