ရုပ်ရှင်အနုပညာရှင်များ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး စားသောက်ကုန်နှင့် အလှူငွေများ ပေးအပ်လှူဒါန်း
နေပြည်တော် စက်တင်ဘာ ၁၇
“နှောင်” ရုပ်ရှင်ဇာတ်ကားကြီးမှ အကယ်ဒမီနေတိုး အပါအဝင် အနုပညာရှင် အဖွဲ့သားများသည် စက်တင်ဘာလ ၁၄ ရက် ညနေပိုင်းက တိုင်ဖွန်းမုန်တိုင်းရာဂိ၏ အရှိန်ကြောင့် မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ရေဘေးဒဏ်ခံခဲ့ရသည့် တပ်ကုန်းမြို့အနီး ပတ်ဝန်းကျင်မှ ရေဘေးသင့်ပြည်သူများ ယာယီနေထိုင်လျက်ရှိသည့် နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ ငွေတောင်တောရကျောင်းတိုက်သို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ၊ အခြေခံစားသောက်ကုန်များနှင့် အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြသည်။
ထို့အတူ စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက အကယ်ဒမီခန့်စည်သူ၊ အကယ်ဒမီဝါဝါအောင်၊ အကယ်ဒမီ အောင်ခိုင်နှင့် သရုပ်ဆောင် မိုးစက်တို့အဖွဲ့ သည် နေပြည်တော် တပ်ကုန်းမြို့ရှိ ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားသည့် ချမ်းမြေ့မြိုင်ရိပ်သာကျောင်းနှင့် မဟာဇနကစာသင်တိုက်တို့သို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ၊ အခြေခံစားသောက်ကုန်များနှင့် အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။