BRICS မီဒီယာလုပ်ငန်းများ ပိုမိုအောင်မြင်ရေး
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်)
၂၀၂၄ ခုနှစ်အတွင်း BRICS အဖွဲ့ အလှည့်ကျဥက္ကဋ္ဌကို ရုရှားဖက်ဒရေးရှင်းနိုင်ငံက တာဝန်ယူထားပြီး BRICS နှင့်ပတ်သက်သည့် အခမ်းအနားပေါင်း ၂၅၀ ကို ဒေသ ၁၁ ခုတွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနားများကို အောက်တိုဘာလ ၂၂ ရက်မှ ၂၄ ရက်အထိပြုလုပ်မည့် (၁၆) ကြိမ်မြောက် BRICS အဖွဲ့ထိပ်သီး ညီလာခံဖြင့် အဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ BRICS အဖွဲ့အစည်း အမည်မှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့်တောင်အာဖရိက နိုင်ငံတို့၏ ထိပ်စီးစာလုံးများဖြင့် ပေါင်းစပ်၍ခေါ်ဆိုခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့အစည်း ဖြစ်သည်။
BRICS Media Summit ကို စက်တင်ဘာလ ၁၄ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ World Trade Centre (WTC) ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ စက်တင်ဘာလ ၁၄ ရက်တွင် ကျင်းပသည့် BRICS Media Summit သို့ အဖွဲ့ဝင်နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၄၅ နိုင်ငံကျော်၏ မီဒီယာဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
စက်တင်ဘာလ ၁၄ ရက်နေ့တွင် "ဝင်ရိုးစုံကမ္ဘာကြီးတွင် တည်ငြိမ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေသည့် BRICS Media အသိုက်အဝန်း၏ အခန်းကဏ္ဍ"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် " BRICS ၏ မီဒီယာကမ္ဘာသစ ်တစ်ခုဆီသို့ နည်းပညာဆိုင်ရာ အသွင်ကူးပြောင်းခြင်း" ခေါင်းစဉ်ဖြင့် လည်းကောင်း စကားဝိုင်းဆွေးနွေးပွဲများကို ကျင်းပခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် BRICS Media Summit ၏ သဘောတူညီချက် တစ်ရပ်ကိုထုတ်ပြန်ပြီး ပိတ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
မီဒီယာသည်အလွန်ဩဇာ ကြီးမားသည့်အလျောက် ယနေ့ကမ္ဘာ့နိုင်ငံများ၏ နေ့စဉ်လူနေမှုဘဝကိုပင် ပုံဖော်နေသည်ကို တွေ့မြင်နေရသည်။ လူသားတို့၏ နေ့စဉ်ဘဝတွင် စားဝတ်နေရေးအပြင် သတင်းအချက်အလက် ရရှိရေးသည်လည်း လိုအပ်ချက် တစ်ခုဖြစ်လာနေသည်။ သတင်းတု၊ သတင်းမှားများကြောင့် နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်လာနိုင်သည့် အန္တရာယ်များ ဖြစ်ပေါ်လာခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် သတင်းတု၊ သတင်းမှားတိုက်ဖျက်ရေး၊ သတင်းမှန်များ ဖြန့်ချိရေးအတွက် ကြိုးပမ်းနေကြရခြင်း ဖြစ်သည်။
BRICS Media Summit ကို ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၇) ကြိမ်မြောက်ရှိပြီဖြစ်သည်။
ယနေ့တွင် မိမိတို့ကမ္ဘာကြီး ပြောင်းလဲလာပြီး ဝင်ရိုးတန်းတစ်ခုတည်း ချုပ်ကိုင်သော ကမ္ဘာကြီးမဟုတ်တော့ဘဲ Multipolar ခေါ် ဝင်ရိုးစုံမျှတစွာ ပုံဖော်နေသည့် ကမ္ဘာကြီးဖြစ်နေသည်။ ယနေ့ကမ္ဘာကြီးတွင် အုပ်စုတစ်စု၊ နိုင်ငံတစ်နိုင်ငံတည်းက ကမ္ဘာရေးရာများကို ပုံဖော်နေသည့်အဖြစ်မှ အုပ်စုများစွာ၊ နိုင်ငံများစွာက ပြောဆိုဆွေးနွေးခွင့်၊ ညှိနှိုင်းပုံဖော်ခွင့်များ ရရှိလာနေပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံအချင်းချင်း ဆက်သွယ်မှုတွင် နောက်ဆုံးပေါ် နည်းပညာများကြောင့် ပေါ်ထွန်းလာသည့် New Media သည် နယ်နိမိတ်ဆိုင်ရာ အဟန့်အတားများကို ကျော်ဖြတ်ကာ စက္ကန့်ပိုင်းအတွင်း သတင်းစကားများကို ဖြန့်ဝေပေးနိုင်သည်။
BRICS Media သည် ဖွံ့ဖြိုးဆဲတို့၏ အမှန်တကယ် တိုးတက်ဖြစ်ထွန်းမှုများကို ကိုယ်စားပြုဖွင့်ဟပေးပြီး နေရာစုံမှ ကမ္ဘာ့ပြည်သူများကြားနိုင်၊ မြင်နိုင်အောင်ကြိုးစား ဆောင်ရွက်ပေးလျက်ရှိသည်။ BRICS အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများစွာနှင့် အတူ လက်တွဲပူးပေါင်းပြီး မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက်ရှိသည်။ သာတူညီမျှပြီး ဘက်လိုက်မှုမရှိသည့် အနာဂတ်ဆီကို အတူတူလမ်းဖောက်ကြရမည်ဖြစ်သည်။ အင်အားကြီး မီဒီယာအစုအဖွဲ့များမှာ ဓနအင်အား၊ လူအင်အား၊ နည်းပညာအင်အား၊ အတတ်ပညာအင်အား ပြည့်စုံသည့် အတွက် အဘက်ဘက်က အားနည်းသည့် နိုင်ငံများအဖို့ ပြန်လည်တုံ့ပြန်ရန် အခွင့်အရေးလွန်စွာ နည်းပါးခဲ့သည်။ အဆိုပါအင်အားကြီးမီဒီယာများ၏ အနိုင်ကျင့်မှုအောက်တွင် နာကြည်းစွာ ခံစားခဲ့ရသည်။
လူထုဆက်သွယ်ရေး နည်းပညာက ကမ္ဘာကိုလွှမ်းခြုံထားပြီး လူတိုင်းကနေ့စဉ် သတင်းများကို စိတ်ဝင်စားကြသည့်အခါ အင်အားကြီးနိုင်ငံများအနေဖြင့် မီဒီယာမှတစ်ဆင့် ကမ္ဘာကို သူတို့မြင်စေလိုသည့် အခြေအနေနှင့် ပြစေချင်သည့်ပြကွက်မျိုးကိုသာ ကွက်ပြီးပြသခဲ့သည်။ နိုင်ငံငယ်များ၏ ကောင်းသတင်းမှန်သမျှကို ဖုံးကွယ်ထားပြီး အနည်းငယ်မကောင်း သတင်းတစ်ခုရလိုက်လျှင် ထိုသတင်းစကို အရှည်ကြီးဆွဲဆန့်ကာ ကမ္ဘာသို့ပြသခဲ့သည်။ ကမ္ဘာ့ပြည်သူများကို လိမ်လည်ပြီး နိုင်ငံငယ်များကို ကမောက်ကမဖြစ်အောင်၊ သူတို့လိုလားသူတွေကို ကမ္ဘာ့ပြည်သူတွေက သနားကရုဏာ သက်အောင် စွမ်းဆောင်ခဲ့သည်။ ထို့အတူ ၎င်းတို့နှင့် သဟဇာတမဖြစ်သူများ၊ မလိုလား သူများကိုလည်း ကမ္ဘာ့ပြည်သူတွေက မျက်မုန်းကျိုးအောင်၊ နိုင်ငံငယ်အချင်းချင်း တိုက်ခိုက်ကြစေရန်၊ အကြမ်းဖက်တတ်စေရန်၊ စစ်မက်ဖြစ်ပွားစေရန် စသဖြင့် မီဒီယာလက်နက်ဖြင့် အစွမ်းပြလျက်ရှိကြသည်။ အနှစ်ချုပ်ဆိုရသော် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အမှန်အကန် တိုးတက်ဖြစ်ထွန်းမှုများကို မှန်ကန်စွာ ထုတ်ပြန်ပေးလျက်ရှိသည့် BRICS Media ၏ မီဒီယာလုပ်ငန်းများ ပိုမိုအောင်မြင်ပါစေကြောင်း ရေးသားလိုက်ရပေသည်။ ။