ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

၂၀၁၅ ခုနှစ်တွင် အဆိုပါ Sacramento မြို့ကို စာရေးသူရောက်ရှိစဉ် လေ့လာမှုအချို့ပြုလုပ်နိုင်ခဲ့သည်။ စကရာမန်းတိုးမြစ်သည် ရေဖမ်းဧရိယာ ၆၉၀၀၀ စတုရန်းမီတာ (၂၆၅ဝဝ စတုရန်းမိုင်) ရှိသည်။ မြောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် မောင့်ရှက်စတာ(Mouth Shasta) မှ စတင်မြစ်ဖျားခံခဲ့သည်။ ကယ်လီ ဖိုးနီးယားပြည်နယ်ထဲတွင် အကြီးဆုံးမြစ်ဖြစ်သည်။ ကလာမက်(သ်) တောင်တန်း(Klamath Mountains) များပေါ်တွင် မိုင်ပေါင်း ၄ဝဝ ခန့်စီးဆင်းလာပြီး စကရာမန်းတိုးမြို့ဘေးမှဖြတ်သန်းပြီး ပစိဖိတ်သမုဒ္ဒရာ ထဲသို့ စီးဝင်သွားသည်။ မြစ်၏ နှစ်စဉ်ပျမ်းမျှ ရေထုစီးနှုန်းမှာ ၇၉၈ ဒသမ ၈ ကုဗမီတာ/စက္ကန့်(၂၈၁၃၉ ကုဗပေ/စက္ကန့်)နှုန်း ရှိသည်။ အမြင့်ဆုံး စီးဆင်းချိန်တွင် ၁၃၈ဝဝ ကုဗမီတာ/စက္ကန့်ဖြစ်၍ ဧရာဝတီမြစ်၏ ပျမ်းမျှ နှစ်စဉ်ရေထုစီးနှုန်းခန့်ထိ မြင့်မားသည်။

ရေသွယ်လမ်းတစ်လျှောက် ရေတင်စက် (Water Pumps) များစွာဖြင့် အဆင့်ဆင့် တွန်းတင်ခဲ့ရသော အပိုင်းများ များစွာပါဝင်နေသည်။ Banks Pumping Plant, South Bay Pumping Plant, Dos Amigos Pumping Plant, Buena Vista Pumping Plant, Teerink Pumping Plant, Chrisman Pumping Plant && Edmonston Pumping Plant စသည့် Water Pump အသီးသီးကိုသုံး၍ တစ်ဆင့်ပြီးတစ်ဆင့် ရေတွန်းတင်ပြီး နောက်ဆုံးတွင် Los Angeles Basin ထိ ရောက်ရှိ လာခဲ့သည်။

နောက်ဆုံးတွန်းတင်ရသော Edmonston Pump ဆိုလျှင် အမြင့်ပေ ၁၉၂၆ (၅၈၇ မီတာ) ခန့်မြင့်သော Tehachapi Mountains ပေါ်သို့ တွန်းတင်ပေးရသည်။

ဤရေသွယ် လမ်းတစ်လျှောက်တွင် ပုံမှန်မြေဆွဲအား (Gravity Flow) ဖြင့် စီးဆင်းစေသော အပိုင်းများ လည်းပါဝင်သည်။ အမြင့်သို့တင်သည့်အခါ ဓာတ်အားသုံးစွဲရသလို ပုံမှန် Gravity Flow ဖြင့် စီးဆင်း နေသော အချိန်တွင် သင့်လျော်ရာနေရာများ၌ ရေအားလျှပ်စစ် စက်များတပ်ဆင်၍ ဓာတ်အား ပြန်ယူသည်။ အချို့ဝေးလံသော နေရာများတွင် နေရောင် ခြည်စွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်၍ Pump များကို မောင်းနှင်သည်။

Gravity Flow ဖြင့် စီးဆင်းစေသောနေရာများတွင် ယေဘုယျအားဖြင့် ရေသွယ်မြောင်းဖြင့် သွယ်သည်။ အကျယ် ၄၀ ပေ(၁၂ မီတာ)နှင့် ရေအနက် ၃၀ ပေ(၉ ဒသမ ၁ မီတာ) ရှိသည်။ အကျယ်ဆုံးနေရာတွင် ၁၁၀ ပေ(၃၄ မီတာ)ကျယ်ပြီး အနက်ဆုံးနေရာတွင် ၃၂ ပေ(၉ ဒသမ ၈ မီတာ)နက်သည်။ ရေသွယ် မြောင်းများသည် ၁၃၁ဝဝ ကုဗပေ/စက္ကန့် (၃၇၀ ကုဗမီတာ/စက္ကန့်) နှုန်းဖြင့် စီးဆင်းနိုင်သည်။

အကြီးဆုံး တွန်းတင်နိုင်သည့် Pumping Station သည် ရေပမာဏ ၁၅၄၅၀ ကုဗပေ/စက္ကန့်(၄၃၇ ကုဗမီတာ/စက္ကန့်)နှုန်း တွန်းတင်နိုင်သည်။

ဤပထမရေသွယ်လမ်းတွင် ပင်မလမ်းသည် ၃ဝ၄ မိုင် (၄၈၉ ကီလို မီတာ) နှင့် အရှေ့လိုင်းသည် ၁၄၀ မိုင် (၂၃၀ ကီလိုမီတာ) ရှည်သည်။ စုစုပေါင်း ရေသွယ်လိုင်းအလျား ၄၄၄ မိုင်(၇၁၅ ကီလိုမီတာ) ရှည်သည်။ စီမံကိန်းကို ၁၉၆၃ ခုနှစ်တွင် စတင်ခဲ့ရာ ၁၉၉၇ ခုနှစ်တွင် အားလုံး ပြီးစီးခဲ့သည်။

ဤရေသွယ်စနစ်ဖြတ်သန်းရာ ကယ်လီဖိုးနီးယားပြည်နယ် အစိတ် အပိုင်းအချို့နှင့် လော့စ်အိန်ဂျလိစ်မြို့ တို့ရှိ လူဦးရေ ၃၅ သန်းခန့်အတွက် သောက်သုံးရေနှင့် မြေဧက ၅ ဒသမ ၇ သန်းအတွက် စိုက်ပျိုးရေ လုံလောက်အောင် ပံ့ပိုးပေးနိုင်ခဲ့သည်။

ဒုတိယရေသွယ်လမ်းမှာ California Aqueduct ၏ အရှေ့ဘက် ကုန်းတွင်းပိုင်းရှိ Mono County မှ စတင်မြစ်ဖျားခံလာသော Owen River မှရေကို လွှဲယူခြင်းဖြစ်သည်။ Owen River ပေါ်တွင် LAA Intake (ရေယူအဆောက်အအုံ) တစ်ခုတည်ဆောက်ပြီး လွှဲယူခဲ့သည်။ ဤရေသွယ်လမ်းကို နှစ်ပိုင်းပိုင်း၍ အမည်ပေးထားသည်။ Los Angeles Aqueduct နှင့် Second Los Angeles Aqueduct ဟူ၍ ဖြစ်သည်။

First Section သည် အလျား ၂၃၃ မိုင် (၃၇၅ ကီလိုမီတာ)၊ Second Section သည် ၁၃၇ မိုင် (၂၂၀ ကီလိုမီတာ) အသီးသီးရှိသည်။ ပိုက် လိုင်း၏ အချင်းမှာ ၁၂ ပေ(၃ ဒသမ ၇ မီတာ) စီရှိကြသည်။ စုစုပေါင်း အလျား ၄၁၉ မိုင်(၆၇၄ ကီလိုမီတာ) ရှည်လျားသည်။

ရေသွယ်ယူနိုင်မှုနှုန်းများမှာ First Aqueduct သည် ၄၂၂ ကုဗပေ/ စက္ကန့်နှုန်းဖြင့်လည်းကောင်း၊ Second Aqueduct သည် ၂၉ဝ ကုဗပေ/ စက္ကန့်နှုန်းဖြင့်လည်းကောင်း အသီးသီးသွယ်ယူနိုင်သည်။

First Aqueduct ကို ၁၉၀၈ ခုနှစ် အောက်တိုဘာလတွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၁၃ ခုနှစ် နိုဝင်ဘာလတွင် စတင်သုံးစွဲနိုင်ခဲ့သည်။ Second Aqueduct ကို ၁၉၆၅ ခုနှစ် စက်တင်ဘာလတွင် စတင်တည် ဆောက်ခဲ့ပြီး ၁၉၇ဝ ပြည့်နှစ် ဇွန်လတွင် စတင်သုံးစွဲခဲ့သည်။ တတိယ ရေသွယ်လမ်း ဖြစ်သည့် ကိုလိုရာဒိုမြစ် (Colorado River) မှ ရေကို လော့စ်အိန်ဂျလိစ်မြို့သို့ သွယ်တန်းရယူမှု လုပ်ငန်းကြီးသည်လည်း ကြီးမားသော လုပ်ငန်းကြီးတစ်ခု ဖြစ်ခဲ့သည်။ ပြည်ထောင်စုတစ်စုတွင် ပြည်နယ်ခြောက်ခုသို့ ဖြတ်သန်းစီးဆင်းနေသောရေကို အခြားပြည် နယ်တစ်ခုသို့ သွယ်ယူ အသုံးပြုခြင်း ဖြစ်သည်။

ကိုလိုရာဒိုမြစ်မှ ရေသွယ်စနစ် (Colorado River Aqueduct) သည် ကီလိုမီတာ ၃၉၂(၂၄၂ မိုင်) ရှည်လျားသော ရေသွယ်စနစ်ဖြစ်သည်။ တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်အတွက် သောက်သုံးရေ ပေးပို့နေသော အဓိက ရေသွယ်စနစ်ဖြစ်သည်။ ကိုလိုရာဒိုမြစ်ပေါ်တွင် ပတ်ကားတမံ(Parker Dam) တည်ဆောက်၍ လွှဲယူခဲ့သည်။ အဆိုပါ ရေကို သွယ်ယူလာပြီး Riverside County တွင်ရှိသော Lake Mathews သို့ ထည့်သွင်းသည်။ ၄၅ ကုဗမီတာ/စက္ကန့်(၁၆၀ဝ ကုဗပေ/စက္ကန့်) ၁၀၂၀၀ ဂါလန်/စက္ကန့်) နှုန်းဖြင့် သွယ်ယူနိုင်သည်။ ၁၉၃၃ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ရာ ၁၉၃၆ ခုနှစ် ဇန်နဝါရီလ ၇ ရက်တွင် ရေစတင် ပို့လွှတ်နိုင်ခဲ့သည်။

ဤစနစ်၏ ထူးခြားချက်မှာ Parker Dam ထဲမှရေကို အမြင့်ပေ ၈၉ မီတာ (၂၉၁ ပေ) ရှိ Whipple Mountains တောင်ကြောပေါ်သို့ ရေတင်စက်များဖြင့် တွန်းတင်ပြီး ရေသွယ်စနစ်ထဲသို့ ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။