၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်များအတွက် မြန်မာ့လက်ရွေးစင်အသင်း စခန်းသွင်းလေ့ကျင့်မှုများ စတင်ပြုလုပ်
ရန်ကုန် မေ ၂၈
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲစဉ်များအဖြစ်ကစားမည့် ဂျပန်အသင်း၊ မြောက်ကိုရီးယားအသင်းတို့နှင့် ပွဲစဉ်များအတွက် စခန်းသွင်းလေ့ကျင့်မှုများကို ယနေ့မှ စတင်ပြီး ရန်ကုန်မြို့တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြက ဂျပန်အသင်း၊ မြောက်ကိုရီးယားအသင်းတို့နှင့် ပွဲစဉ်များအတွက် ပြည်တွင်း ကလပ်အသင်းများမှ ကစားသမားများနှင့် ပြည်ပကလပ်အသင်းများတွင် သွားရောက် ကစားနေသည့် ကစားသမားများအပါအဝင် ပဏာမကစားသမား ၃၃ ဦးရွေးချယ်ပြီး စခန်းသွင်း လေ့ကျင့်မှုများကို စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်များအဖြစ် လာမည့် ဇွန်လ ၆ ရက် ည ၆နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဂျပန်အသင်းနှင့် ကစားသွား မည်ဖြစ်ပြီး ဇွန်လ ၁၁ ရက်တွင် မြောက်ကိုရီးယားအသင်းနှင့် ကစားသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲ(အာရှဇုန်)ဒုတိယအဆင့်အဖြစ် အုပ်စု (B)တွင် အုပ်စုလေးပွဲကစားပြီးချိန်တွင် တစ်ပွဲသရေ သုံးပွဲရှုံး ရမှတ် တစ်မှတ်ဖြင့် အုပ်စု အောက်ဆုံးတွင် ရပ်တည်လျက်ရှိနေသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲ နှစ်ခုကစားသွားမည်ဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲ(အာရှဇုန်)ဒုတိယအဆင့်ပြီးလျှင် ၂၀၂၄ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကိုလည်း ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူအောင်