အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများကို အိန္ဒိယစစ်ရေယာဉ် INS Satpura ဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်

 အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများကို အိန္ဒိယစစ်ရေယာဉ် INS Satpura ဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်

နေပြည်တော်၊ ၂၀၂၄ စက်တင်ဘာလ (၁၈) ရက်

          တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့်  ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံအတွင်းရှိ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက်  သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများကို အိန္ဒိယနိုင်ငံမှ စစ်ရေယာဉ် INS Satpura (F-48) သည် စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူ များက ဝမ်းပန်းတသာ ကြိုဆိုကြသည်။

          ထို့နောက် အိန္ဒိယစစ်ရေယာဉ်ဖြင့် ရောက်ရှိလာသည့် လူသားချင်းစာနာမှု အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများကို ညပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး  H.E. Mr. Shri Abhay Thakur က လွှဲပြောင်းပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

          အဆိုပါ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လွှဲပြောင်းပေးအပ်ပွဲအခမ်း အနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          အိန္ဒိယစစ်ရေယာဉ် INS Satpura တွင် ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ရွက်ဖျင် တဲများ၊ တာပေါ်လင်စများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ သန့်ရှင်း​ရေးပစ္စည်းများ၊ အဝတ်အထည်များ၊ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများပါဝင်၍ စုစုပေါင်း တန်ချိန် ၂၁ တန်ခန့် ဖြစ်ကြောင်းသိရပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ ရေဘေးသင့်ပြည်သူများထံသို့ အမြန်ဆုံးရောက်ရှိစေရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

          အဆိုပါ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသည့် အိန္ဒိယစစ်ရေယာဉ် INS Satpura သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

Dates: 
Wednesday, September 18, 2024 - 16:47