နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာတွင် အစာ အဆိပ်သင့်မှုဖြစ်ပွား၊ လူနာများအား ဆေးရုံများတွင် ကြပ်မတ်ကုသပေးလျက်ရှိ

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားကျေးရွာတွင် အစာ အဆိပ်သင့်မှုဖြစ်ပွား၊ လူနာများအား ဆေးရုံများတွင် ကြပ်မတ်ကုသပေးလျက်ရှိ

နေပြည်တော်၊ စက်တင်ဘာ - ၁၈

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် ကျေးရွာသူ၊ ကျေးရွာသား၊ ကလေး/လူကြီး အချို့ အစာအဆိပ်သင့် လက္ခဏာများ ဖြစ်ပွားခဲ့ ကြောင်း သိရှိရပါသည်။ အဆိုပါ ကျေးရွာရှိ ရေဘေးသင့် ပြည်သူများသည် အလှူရှင် များမှ လာရောက်လှူဒါန်းသည့် ကြက်သား ဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များကို စားသုံးခဲ့ကြပြီး အစာအဆိပ်သင့် လက္ခဏာများ ဖြစ်ပေါ် ခဲ့ရာ နေပြည်တော် ကျန်းမာရေးဦးစီးဌာနနှင့် တပ်ကုန်းမြို့နယ်၊ ကျန်းမာရေးဦးစီး ဌာနမှ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့များက အဆိုပါကျေးရွာသို့ ရောက်ရှိနေပြီး ကုသခြင်း၊ ဆေးရုံသို့ လွှဲပြောင်းခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ လူနာများအနက် တပ်ကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀)တွင်  ပြင်ပလူနာအဖြစ် ၅၀ ဦးနှင့် အတွင်းလူနာအဖြစ် ၅၆ ဦး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ကုတင် ၃၀၀)တွင် အတွင်းလူနာအဖြစ် ၄ ဦးနှင့် နေပြည်တော် ကလေးရောဂါအထူးကုဆေးရုံတွင် အတွင်းလူနာအဖြစ် ၅ ဦး တက်ရောက်ကုသမှု ခံယူလျက်ရှိပြီးရောဂါသက်သာကောင်းမွန်လျက်ရှိကြောင်းသိရှိရသည်။ ယနေ့နေ့လယ် ပိုင်းတွင် တပ်ကုန်းမြို့နယ်ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀)တွွင် ဆေးရုံတက်ရောက် ကုသ လျက်ရှိသည့် လူနာများမှ ရောဂါသက်သာကောင်းမွန်လာသူ လူနာများသည်   ဆေးရုံဆင်းပြီး ၎င်းတို့နေအိမ်အသီးသီးသို့ ပြန်သွားကြပြီးဖြစ်သဖြင့်  ဆေးရုံတက် ကုသဆဲ လူနာ ၉ ဦးသာကျန်ရှိကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် ကျန်းမာရေးဦးစီးဌာနမှ အရေးပေါ်တုံ့ပြန်ဆောင်ရွက် ရေးအဖွဲ့များက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။

သို့ပါ၍ သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပူပူနွေးနွေးပြင်ဆင်ထားသည့် သန့်ရှင်းသော အစားအသောက်များအား မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေး အဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့် ပေးပို့လှူဒါန်းကြရန်နှင့် ယာယီကယ်ဆယ်ရေး စခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ယာယီ စခန်းများတွင် လှူဒါန်းထားသော အစားအသောက်များကို ကျန်းမာရေးနှင့် ညီညွတ် စေရန်နှင့်သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ပေးနိုင်ရေး ကျန်းမာရေးဦးစီးဌာနမှ တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, September 18, 2024 - 16:57