အာဆင်နယ် အသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် (၁၁) ကစားအပြီး ခြောက်ပွဲအထိရှုံးထားကာ အဆင့် (၁၅) နေရာသို့ ရောက်ရှိနေ သကဲ့သို့ အဆိုပါ ပွဲများအနက် အိမ်ကွင်းသုံးပွဲဆက်တိုက်လည်း ရှုံးခဲ့ရာ နည်းပြအာတီတာက အောင်မြင် မှုမျှော်လင့်ချက်တွင် အိမ်ကွင်းရလဒ်များ မကောင်းပါက မျှော်လင့်၍မရနိုင်ကြောင်းနှင့် စီနီယာအသင်းမှ အဓိက ကစားသမားများအနေဖြင့် ပုံစံပြောင်းလဲပြီး တိုးတက်မှုမပြသနိုင်လျှင် ယူရိုပါလိဂ်ပွဲများ၌ ခြေစွမ်းပြခဲ့သော လူငယ် ကစားသမားများကို အစားထိုး အသုံးပြုရလိမ့်မည်ဟု သတိပေးစကားဆိုသည်။
အာဆင်နယ် အသင်းသည် အိမ်ကွင်းရလဒ်ဆိုးများကို ပြန်လည်တည့်မတ်နိုင်ရန် အခွင့်အရေးကောင်းအဖြစ် လာမည့် နှစ်ပွဲဖြစ်သော ဘန်လေ၊ ဆောက်သမ်တန်တို့နှင့် နှစ်ပွဲမှာ အိမ်ကွင်းပွဲများ ဖြစ်နေသည်။ အာဆင်နယ်သည် ဒီဇင်ဘာ ၁၄ ရက်တွင် ဘန်လေ၊ ဒီဇင်ဘာ ၁၇ ရက်တွင် ဆောက်သမ်တန်တို့နှင့် ကစားရမည်ဖြစ် ရာ နည်းပြအာတီတာက စီနီယာ ကစားသမားများအနေဖြင့် ရလဒ်ကောင်းများ ပြန်လည်ရရှိစေရန် မဖြစ်မနေ စွမ်းဆောင်ပေးနိုင်ရမည်ဟု ဖိအားပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အာဆင်နယ်အသင်းသည် စီနီယာကစားသမားများနှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲများ၌ ၁၁ ပွဲကစားခဲ့ရာ ၁၀ ဂိုးသာသွင်းနိုင်ခဲ့ချိန်တွင် လူငယ်ကစားသမားများကို အဓိက အားထားကစားခဲ့သည့် ယူရိုပါလိဂ် အုပ်စုခြောက် ပွဲစလုံး ရာနှုန်းပြည့် နိုင်ပွဲရခဲ့ကာ ဂိုး ၂၀ အထိ သွင်းနိုင်ခဲ့သဖြင့် အာတီတာက စီနီယာကစား သမားများနှင့် အလုပ်မဖြစ်လျှင် အန်ကီတာ၊ ဂျိုးဝီလော့၊ ရိစ်နယ်လ်ဆင်၊ ဖိုလာရင်ဘာလိုဂန်၊ အမ်မလီစမစ်ရိုဝီ စသည့်ယူရိုပါလိဂ်၌ ခြေစွမ်းပြ ခဲ့ကြသော လူငယ်များနှင့် အစားထိုးရန် ဝန်မလေးဟု သတိပေးပြောခဲ့ခြင်းဖြစ်သည်။
အာတီတာက ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ အခုကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူး။ အောင်မြင်မှုလိုချင်ရင် အိမ်ကွင်းခြေစွမ်းနဲ့ ရလဒ်မကောင်းလို့ မဖြစ်တာကို အားလုံးနားလည်တယ်။ ဒါကို ကျွန်တော်တို့ ချက်ချင်းပြောင်းလဲပစ်နိုင်ဖို့ လုပ်ရပါမယ်။ ကျွန်တော်ရော နည်းပြအဖွဲ့ဝင် တွေပါ အကောင်းဆုံး ဖြစ်မယ်ထင်တဲ့ ကစားသမားတွေလို့ ခံစားမိရင် စီနီယာ၊ ဂျူနီယာဆိုတာထက် ကောင်းမယ်ထင်တဲ့ သူတွေကိုပဲ ရွေးချယ်နေရာ ပေးရမှာပါဟု ပြောသည်။
Ref:Dailymail