အထူးမိုးလေဝသသတင်း ထုတ်ပြန်ချက်
နေပြည်တော် စက်တင်ဘာ ၁၈
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှ စက်တင်ဘာလ ၁၈ ရက် ည(၈)နာရီချိန် ထုတ်ပြန်သည့် အထူးမိုးလေဝသ သတင်း အနေဖြင့် တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာနိုင်ကာ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းဒေသများသို့ စတင်ဖြတ်ကျော် ရောက်ရှိနိုင်သည်။
အဆိုပါဖြတ်ကျော်လာနိုင်သည့် လေပွေလှိုင်း၏ အရှိန်ကြောင့် စက်တင်ဘာလ ၂၁ ရက် နေ့မှ ၂၅ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်မိုးကြီးခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများ၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။
အပူပိုင်းမုန်တိုင်းငယ်သည် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသများသို့ ဖြတ်ကျော်ခြင်းမရှိ သေးပါသဖြင့် ခန့်မှန်းချက်များ အားလုံးသည် မုန်တိုင်းရွေ့လျားမည့်လမ်းကြောင်း အမျိုးမျိုး ပြောင်းလဲနေသည့်အတွက် တွက်ချက်ရရှိသည့် ခန့်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးသွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေး နှိုးဆော် ထားပါသည်။