စည်းနဲ့ ကမ်းနဲ့ မြန်မာစာ

စည်းနဲ့ ကမ်းနဲ့ မြန်မာစာ

“ပင့်ကျေရစ်ကြေ၊ သည်နှစ်ထွေ၊ မှတ်လေခွဲခြားခြား”-“ကမ္ဘာမကျေ၊ ယပင့်လေ၊ မသွေမြဲမှတ်ထား”

နိုင်ငံတော်သီချင်းတွင် “ကမ္ဘာမကျေ၊ မြန်မာပြည်၊ တို့ဘိုးဘွား အမွေစစ်မို့၊ ချစ်မြတ်နိုးပေ” ဟူသော စာပိုဒ်ပါသည်ကို မြန်မာလူမျိုး တိုင်း သိကြပေသည်။ “ကမ္ဘာမကျေ” ဟူသောအသံကို ကြားလိုက် လျှင်ပင် မြန်မာနိုင်ငံတော်၏ နိုင်ငံတော်သီချင်းကို ဆိုတော့မည်ဟု သိကြသည်။ နားဝင်ပီယံ ဖြစ်ပါဘိ သည်ဟုလည်း ခံစားမိကြသည်။ သို့သော် ကမ္ဘာမကျေကို အပင့် “ကျေ”ဖြင့် ရေးရမည်လော၊ ကမ္ဘာ မကြေဟု အရစ် “ကြေ”ဖြင့် ရေးရမည်လော။ ကမ္ဘာမ “ကျေ” ဟု အပင့် “ကျေ” ဖြင့်ရေးလျှင် အဓိပ္ပာယ်မည်သို့ ဖြစ်မည်နည်း။ ကမ္ဘာ “မကြေ” ဟု အရစ် “ကြေ” ဖြင့်ရေးလျှင် အဓိပ္ပာယ်မည်သို့ ဖြစ်မည် နည်းဟူသော ပြဿနာကား ရှိနေပေလိမ့်မည်။

အနက်သိမှ အရေးမှန်မည်၊ အရေးမှန်မှ အနက်သိမည်။ တစ်နည်း ဆိုသော် အဓိပ္ပာယ်သိမှ စာလုံးပေါင်းသတ်ပုံမှန်မည်။ စာလုံးပေါင်း သတ်ပုံမှန်မှ အဓိပ္ပာယ်သိမည်ဟူသော ဥပဒေသအရ ယပင့် ကမ္ဘာ မကျေ၏ အဓိပ္ပာယ်၊ ရရစ်ကမ္ဘာမကြေ၏ အဓိပ္ပာယ်ကို ဦးစွာသိပြီးမှ ကမ္ဘာမကျေဟု အပင့် “ကျေ”ဖြင့်ရေးရမည်လော။ ကမ္ဘာမကြေဟု အရစ် “ကြေ” ဖြင့် ရေးရမည်လောဟူသည်ကို ဆုံးဖြတ် ရပေလိမ့် မည်။

ဤတွင်အပင့် “ကျေ” နှင့် အရစ် “ကြေ” တို့၏အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုရန် လိုအပ်လာပေသည်။ မြန်မာစာအဖွဲ့က ဖွင့်ဆိုထားသော အပင့် “ကျေ”၊ အရစ် “ကြေ”၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အလွန် ရှင်းလင်းပြတ်သား၍ လိုက်နာရန်လည်း အလွန်လွယ်ကူသည်ဟု ဆိုရပေလိမ့်မည်။ မြန်မာစာအဖွဲ့က အပင့် “ကျေ” ကို “ပျောက်ကွယ် သည်” ဟူ၍လည်းကောင်း၊ အရစ် “ကြေ” ကို “မုန့်မုန့်ညက်ညက် ဖြစ်သည်” ဟူ၍လည်းကောင်း၊ အဓိပ္ပာယ်သတ်မှတ်ဖွင့်ဆိုချက်ကို တစ်ဆင့်တက်၍ စဉ်းစားကြံဆ ရသော် “မုန့်မုန့်ညက်ညက်ဖြစ်သည်” ဆိုသည်မှာ ဝတ္ထုဒြပ်အကောင်အထည် အစိုင်အခဲတစ်ခုရှိမှ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဝတ္ထုဒြပ်အကောင်အထည် အစိုင်အခဲတစ်ခုခု ကြေသည်ကိုသာ အရစ် “ကြေ” ဖြင့် သုံးနှုန်းရေးသားရပေသည်။

အပင့် “ကျေ”၏အဓိပ္ပာယ်ကို ပျောက်ကွယ်သည်ဟု ဖွင့်ဆိုသည်မှာလည်း မုန့်မုန့်ညက်ညက် ဖြစ်နိုင်သော ဝတ္ထုဒြပ်အကောင်အထည် အစိုင်အခဲတစ်ခု ပျောက်ကွယ်သွားသည်ကို ဆိုလိုသည်မဟုတ်။ ဝတ္ထုဒြပ်အကောင်အထည် အစိုင်အခဲမဟုတ်သော ထိနိုင်တွေ့ နိုင်မြင်နိုင် သည့် အရာမဟုတ်သော နာမ်တစ်ခုခု၊ တစ်နည်းဆိုသော် စိတ္တဇနာမ် တစ်ခုခု ပျောက်ကွယ်သွားသည်ကိုသာ အပင့် “ကျေ”ဖြင့် သုံးနှုန်း ရေးသားရပေသည်။

အဆိုပါ အရစ် “ကြေ” နှင့် အပင့် “ကျေ” တို့၏ အဓိပ္ပာယ်သတ်မှတ် ချက်နှင့် ဝေါဟာရ အသုံးအနှုန်းညီ မညီကို မြန်မာစာအဖွဲ့က ပုံနှိပ် ထုတ်ဝေသည့် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းနှင့် ခွဲထားစာအုပ်တွင် ဖော်ပြထားသည့် အပင့် “ကျေ” နှင့် အရစ် “ကြေ” ခွဲထားသတ်ပုံစာရင်း ကိုလေ့လာကြည့်ကြ စေလိုပါသည်။ မြန်မာစာအဖွဲ့ကပြုစုထုတ်ဝေသော အပင့် “ကျေ” နှင့် အရစ် “ကြေ” ခွဲထားစာရင်းတွင် အောက်ပါဝေါဟာရ များကို တွေ့နိုင်ပါသည်။

အပင့် “ကျေ သုံးဝေါဟာရများ-

ကျေ-(ပျောက်ကွယ်)၊ ကျေကုံ-၊ ကျေချမ်း-၊ ကျေနပ်၊ ကျေပ-၊ ကျေပျောက်-၊ ကျေပွန်-၊ ကျေလည်-၊ ကျေအေး-၊ ကျိန်းကျေ-၊ ကျမ်းကျေ၊ စာကျေ-၊ စိတ်ကျေ-၊ စိတ်မကျေပွဲ၊ ဆယ်လီကျေ-၊ ဇယားကျေ-၊ တာဝန်ကျေ၊ဒဏ်ကျေဆေး၊ နောကျေ-၊ ပဲတင်းပဲကျေ၊ ပျက်ကျေ၊ မင်းတိုင်းကျေလုပ်၊ လောကွတ်ကျေ- ဝတ်ကျေတမ်းကျေ၊ ဝတ်ကျေဝတ်ကုံ ၊ သဘောတရားကျေညက်-၊ သေကျေ-၊ အခဲမကျေ၊ အသုံးလုံးကျေ-၊ ဥဒါန်းမကျေ၊ ကမ္ဘာမကျေ၊ အောက်သက်ကျေ-၊ ပွတ်ခုံပွတ်ကျေ။

အရစ် “ကြေ သုံးဝေါဟာရများ-

ကောလီကြေ- ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ(ကမ္ဘာမကျေ)၊ ကြေ-(မုန့်မုန့်ညက်ညက် ဖြစ်-)၊ စိစိညက်ညက်ကြေ-၊ တွန့်ကြေ-၊ ထောင်းထောင်းကြေ-၊ ဖွတ်ဖွတ်ကြေ-၊ မွမွကြေ-၊ လေကြေဆေး-၊ သိသိကြေ-၊ အစာကြေညက်၊ အတွင်းကြေကြေ-၊ ဖော်ပြပါ အပင့် “ကျေ”နှင့် အရစ် “ကြေ” ရေးထုံးအသုံးအနှုန်း နှစ်ရပ်တွင် အပင့် “ကျေ” သုံးဝေါဟာရအားလုံးသည် စိတ္တဇနာမ် တစ်ခုခု ပျောက်ကွယ်” အဓိပ္ပာယ်များဖြစ်ကြသည်။ အရစ် “ကြေ” သုံးဝေါဟာရအားလုံးသည် ဝတ္ထုဒြပ် အကောင်အထည်၊ အစိုင်အခဲ တစ်ခုခု မုန့်မုန့်ညက်ညက်ဖြစ်သည့် အဓိပ္ပာယ်ကို ဆောင်ကြပါသည်။

ဤသို့သော ကွဲပြားသော အဓိပ္ပာယ်ဆောင်ကြကြောင်း သာဓက အနည်းငယ်ထုတ်၍ ရှင်းပြလိုပါသည်။

ဒဏ်ကျေသည်၊ ဒဏ်ကျေဆေးတို့ကို အပင့် “ကျေ”ဖြင့် ရေးရပါသည်။ အဘယ်ကြောင့်ဆိုသော် ဒဏ်ဆိုသည်မှာ ကိုင်၍တွယ်၍ ရှုကြည့်၍မြင်ရသော အရာမဟုတ်ပေ။ ဒဏ်ကျေသည်ဆိုသည်မှာ ဖြစ်နေသော၊ ခံစားနေရသော ဒဏ်ပျောက်ကွယ်သည်ကို ဆိုလိုခြင်းဖြစ်သည်။ ဒဏ်ကျေဆေး ဆိုသည်မှာလည်း ဖြစ်နေသော၊ ခံစားနေရ သောဒဏ် (ကိုင်တွယ်မရ၊ မမြင်ရ) ကို ပျောက်ကွယ် စေသောဆေးကို ဆိုလိုခြင်းဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)

ဒေါက်တာထွန်းတင့်