ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ရေး
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်)
ယခုရက်ပိုင်းအတွင်း တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂိ၏ အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်း တို့တွင်ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် တောင်ကုန်း တောင်တန်းများပေါ်မှ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့ပြီး ရေစီးဆင်းရာ လမ်းကြောင်းများတစ်လျှောက်တွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီရွှေ့ပြောင်းရန် လိုအပ်နေသူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ကာ ယာယီရေဘေးရှောင် စခန်းများသို့ ရွှေ့ပြောင်းပေးလျက်ရှိသည်။
ရေများပြန်လည်ကျဆင်းသွားသည့် နေရာဒေသများရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများတွင် လိုအပ်သည့် သန့်ရှင်းရေး လုပ်ငန်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှု ဝန်ထမ်းကယ်ဆယ်ရေး အဖွဲ့များက သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နုန်းများ၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်းနှင့် အခြားလိုအပ်သည်များကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည်။ ရေဘေးသင့်ပြည်သူများ၏ ကျန်းမာရေး၊ စားသောက်ရေးများ အခက်အခဲမရှိစေရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် အလှူရှင်များက ထောက်ပံ့ပစ္စည်းများ၊ အဝတ် အထည်များ၊ အလှူငွေများကို အားတက်သရော ပေးအပ်လှူဒါန်းလျက်ရှိသည်။
သဘာဝဘေးအန္တရာယ်သည် ရှောင်လွှဲ၍ မရသော်လည်း တတ်နိုင်သမျှထိခိုက်မှု လျော့နည်းအောင်နှင့် အမြန်ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်သည်။ မြန်မာနိုင်ငံတွင် ယခုနှစ်မိုးရာသီအတွင်း မိုးဦး၊ မိုးလယ်၊ မိုးနှောင်းအားလုံးတို့၌ မိုးများ များပြားစွာရွာသွန်းခဲ့သည်။ ထိုသို့မိုးရွာသွန်းမှုများကြောင့် မြေသားများမှာ စိုထိုင်းဆ များပြားလျက်ရှိပြီး မြေများကျစ်လျစ်မှု အားနည်းသည့်အချိန်ဖြစ်သည်။ ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လျှပ်တစ်ပြက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ချိန်တွင် ယခင်ပျော့နေသည့် မြေသားများမှာ ပြိုကျမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုနှင့်ဆက်စပ်၍ သစ်ထုတ်လုပ်မှုများနှင့် ပတ်သက်၍လည်း တရားဝင်ခွင့်ပြုပေးထားသည့် သစ်ကွင်းများမှ သယ်ယူနိုင်ခြင်းမရှိသေးသည့် သစ်လုံးကြီးများ၊ သစ်လုံးကြီးများ ထုတ်ယူရာတွင် ဖြတ်တောက်ထားသည့် ဖြတ်စများသည်လည်း တောင်ကျရေစီးကြောင်းများနှင့်အတူ မျောပါတိုက်စားခဲ့ပြီး ထိခိုက်ပျက်စီးမှုများ ပိုမိုများပြားခဲ့သည်။ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်တွင် တံတားများထိခိုက်ပျက်စီးခဲ့မှုများကိုလည်း သင်ခန်းစာယူကြရမည်ဖြစ်သည်။ တံတားနေရာများသို့ ရေဝင်ရောက်ရာ လမ်းကြောင်းနှင့် ရေထွက်ရာလမ်းကြောင်းနေရာများ၌ ရေစီးဆင်းမှု ကောင်းမွန်စေရေး၊ ချောင်းဖြောင့်ခြင်း လုပ်ငန်းအပါအဝင် အခြားလိုအပ်သည်များ ထည့်သွင်းတွက်ချက် ဆောင်ရွက်ရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာလ ၁၇ ရက်နေ့က ကျင်းပသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် အမှာစကားပြောကြားစဉ် ‘‘လက်ရှိအချိန်တွင် ပြည်သူများသွားလာမှု အဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှု မရှိစေရေးအတွက် ထိခိုက်ပျက်စီးခဲ့ရသည့် လမ်း၊ တံတားများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားရန် လိုကြောင်း၊ ပျက်စီးသွားသည့် တံတားများတွင် ယာယီဘေလီတံတားများကို ဦးစားပေး ဆောက်လုပ်သွားရန် လိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရေဘေးရှောင်စုရပ်များသို့ ယာယီ ခေါ်ဆောင်ထားသည့် ပြည်သူများကိုလည်း ၎င်းတို့၏နေရပ်သို့ ပြန်လည်သွားရောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန် လိုကြောင်း၊ ရေဝင်နစ်မြုပ်ခဲ့သည့် ရပ်ကွက်ကျေးရွာများအတွင်း သန့်ရှင်းရေး လုပ်ငန်း များကိုလည်း ဆောင်ရွက်ပေးရန်လိုပြီး မြို့နယ်၊ ရပ်ကွက်ကျေးရွာများအလိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသွားရန် လိုကြောင်း’’ထည့်သွင်း ပြောကြားခဲ့သည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သေဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ အိုးအိမ်ဆုံးရှုံးခဲ့ရသူများကို ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ကူညီကယ်ဆယ်ရေးနှင့်ပတ်သက်၍ ပျက်စီးမှုအနည်း၊ အများအလိုက် ဦးစားပေးအဆင့် သတ်မှတ်ပြီး အမြန်ဆုံး ပြီးစီးစေရန်နှင့် အချိန်အကြာဆုံး ခြောက်လတာ ကာလအတွင်းပြီးစီးရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ ပိတ်ထားရသည့် ကျောင်းများကိုလည်း အမြန်ဆုံးဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ပြန်လည်ဖွင့်လှစ်ချိန်တွင် သင်ခန်းစာများ လစ်ဟင်းမှုမရှိစေရေး အချိန်ပိုများ သင်ကြားပေးရန်လိုကြောင်း၊ ကျောင်းပိတ်ရက် အလွန်များပြားသွားမည်ဆိုပါက နွေရာသီတွင်ပြန်လည် သင်ကြားပေးနိုင်ရေး စီမံသွားရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ရနိုင်သမျှ Saving လုပ်သွားရန် လိုကြောင်းကိုလည်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားပါသည်။ အနှစ်ချုပ်ဆိုရသော် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့် ဒေသများအား မူလအနေအထားသို့ ပြန်လည်ရောက်ရှိရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူများ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ရေးသား လိုက်ရပေသည်။ ။