နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မေ ၂၈

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီပထမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အား ကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပဉ္စမ အကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီး ကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် အားကစားမြှင့်တင် ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ကြောင်း၊ အလားတူ အားကစားအောင်မြင်ခြင်းသည် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကို ရောင်ပြန်ဟပ်စေ ကြောင်း၊ ထို့အတူ အားကစားတိုးတက်မြင့်မားခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာ အဆင့်အတန်းနှင့် အခြေအနေကို ဖော်ပြနေခြင်းဖြစ်သည့်အတွက် အားကစား ဆိုင်ရာ ခံယူချက်များအတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် တာဝန်ကို စတင်ထမ်းဆောင်ချိန်ကစပြီး မြန်မာ့အားကစားအဆင့် အတန်းတိုးတက် မြင့်မားလာစေရေးအတွက် အဘက်ဘက်က ပံ့ပိုးဖြည့်ဆည်း  အားပေးဆောင်ရွက် ပေးလျက်ရှိကြောင်း။

နိုင်ငံအတွက် အဓိကစွမ်းအားစုဖြစ်သည့် လူငယ်များကို ဗလငါးတန် ပြည့်ဝရေးနှင့်အတူ လူငယ်ကဏ္ဍများကိုလည်း တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေး လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင်ပါရှိ သည့် လူမှုရေးဦးတည်ချက် (၃) ရပ်၏ ဒုတိယအချက်ဖြစ်သော  တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေး ကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ရေးအချက်ကိုလည်း အလေးထားအကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် မဖြစ်မနေဆောင် ရွက်ပေးရမည့် လုပ်ငန်းတာဝန် နယ်ပယ်များစွာရှိသည့်အနက် ကဏ္ဍအစုံတွင် အားကစားပြိုင်ပွဲမျိုးစုံကို ပုံမှန်ကျင်း ပပြုလုပ်ပေးရမည်ဆိုသည့်အတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နှစ်များအလိုက် အားကစားပြက္ခဒိန်ရေးဆွဲပြီး ပြိုင်ပွဲများ ကျင်းပပေးခဲ့သည့်အတွက် ယခုကဲ့သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီးကျင်းပနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။

အမျိုးသားအားကစားပွဲတော်များကို ယခင်အစိုးရအဆက်ဆက်က ကျင်းပ ပေးခဲ့ကြကြောင်း၊ ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ် အမျိုးသားအားကစားပွဲတော်၊ ၁၉၉၄ခုနှစ်တွင် ဒုတိယအကြိမ်အမျိုးသားအားကစားပွဲတော်နှင့်  ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ် အမျိုးသားအားကစားပွဲတော်များကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြပြီး ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် အမျိုးသားအားကစားပွဲတော် ကို နေပြည်တော်တွင် ခမ်းခမ်းနားနား ကျင်းပပေးခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ယခု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကို နေပြည်တော်တွင် ကျင်းပပြုလုပ်သွားရန် လျာထားဆောင် ရွက်ခြင်းဖြစ်ကြောင်း။

အမျိုးသားအားကစားပွဲတော်ကျင်းပမည့် အချိန်မှာ  ယခုနှစ် ဒီဇင်ဘာလ ဖြစ်သည့်အတွက်  ၆ လခန့် အချိန်ရရှိသော်လည်း ကြိုတင်ပြင်ဆင်စုဖွဲ့ရမည့် ကိစ္စများ၊ လေ့ကျင်ရမည့် ကိစ္စများသည် နိုင်ငံတော်အဆင့် ဖြစ်သည့်အတွက် ယခုအချိန်မှ စတင်၍ကြိုတင်ပြင်ဆင်နိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်သော ကြောင့် ပထမအကြိမ်အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ တစ်နှစ်ပတ်လုံး ကျောင်းသား အားကစားပွဲများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အားကစား ပြိုင်ပွဲများ၊ ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲများ ကျင်းပပေးလျက်ရှိကြောင်း၊ သို့သော်လည်း မတူသည့်အချက်မှာ ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော် သည် ပြိုင်ပွဲဝင်အသင်းများသာမက ပြိုင်ပွဲဝင်အားကစားသမားများပါ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အများဆုံးယှဉ်ပြိုင်ကြမည့် နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲ ဖြစ်ကြောင်း။

အမျိုးသားအားကစားပွဲတော် ကျင်းပရသည့်  ရည်ရွယ်ချက်မှာ ပထမ အချက်အနေဖြင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေ ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် ဒုတိယအချက်မှာ ၂၀၂၅  ခုနှစ်  ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် “မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ  အားကစားအဆင့်အတန်းမြင့်ရေးနှင့် အောင်မြင်မှုရှိစွာ ယှဉ်ပြိုင်နိုင်ရေး၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုး ဆက်သစ် အားကစားသမားများ ပေါ်ထွက် လာစေရေး၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက် လာနိုင်စေရေးနှင့် ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရေးဆိုသည့် ဦးတည်ချက်များနှင့် ကျင်းပသွားမည်ဖြစ်ကြောင်း။

ထို့ကြောင့် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပခဲ့သည့်  (၁၀)နှစ်နီးပါးကြာမှ ပြန်လည်ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကြီးကို မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ခမ်းနားထည်ဝါ စွာဖြင့် စနစ်တကျ ကျင်းပနိုင်ရေးသည် အရေးကြီးကြောင်း၊ ထို့ကြောင့် အမျိုးသား အားကစားပွဲတော်ကြီးကို အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ဆောင်ရွက်ရာတွင် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ၁၁ ခုကိုလည်း ကြိုတင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင် စွာကျင်းပနိုင်ရေးအတွက်  ဆောင်ရွက်သင့်သည်များကို မူဝါဒ(မူကြမ်း) ချမှတ်ပြီး နိုင်ငံတော်အကြီးအကဲထံ တင်ပြ၍ အတည်ပြုချက် ရယူသွားရန် ဖြစ်ကြောင်း။

အမျိုးသားအားကစားပွဲတော်ဆိုသည့် ဂုဏ်ဒြပ်နှင့်အညီ ပြိုင်ပွဲ ပွဲစဉ်တိုင်း ပြိုင်ဆိုင်မှု ပြင်းထန်မည်ဖြစ်သော်လည်း  အားကစားစိတ်ဓာတ်၊ အားကစား အဓိဋ္ဌာန်များနှင့်အညီ ယှဉ်ပြိုင်ပြီး တစ်ဖက်ကလည်း မှန်ကန်မျှတပြီး စည်းကမ်း စနစ်ကျသည့် ပြိုင်ပွဲများဖြစ်စေရေး တာဝန်ရှိသူအဆင့်ဆင့်က အငြင်းပွားဖွယ်ရာများ မဖြစ်အောင် မှန်မှန်ကန်ကန် မျှမျှတတ စီမံဆုံးဖြတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သို့မှသာ  (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကြီးနှင့်အတူ အခြားသောနိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အဆင့်မီပြီး အဆင့်အတန်းရှိသည့် မျိုးဆက်သစ် နိုင်ငံဂုဏ်ဆောင်အားကစားသမားများ ထူးချွန်စွာပေါ်ထွက်လာမည် ဖြစ်ကြောင်း၊ အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအလိုက် အားကစား ပြိုင်ပွဲနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အားကစားပြိုင်ပွဲများဖြင့် အပိုင်း နှစ်ပိုင်း ဆောင်ရွက်သွားရန် စီမံထားကြောင်း၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲတွင် အားကစား နည်း ၆ နည်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် အားကစားနည်း ၂၃ နည်းဖြင့် ခန့်မှန်းအားကစားသမား စုစုပေါင်း ၆၅၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ရန် လျာထားကြောင်း။

အမျိုးသားအားကစားပွဲတော်သည် နိုင်ငံတော်အဆင့် ဖြစ်သည့်အတွက် ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ယှဉ်ပြိုင်ကြမည့်အားကစားပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မြင့် ပါဝင်ယှဉ်ပြိုင်နိုင်စေရေးနှင့် အားကစားသမားများ စိတ်ချမ်းမြေ့စွာ တည်းခိုနေ ထိုင်ရေးအတွက် စီမံဆောင်ရွက်ပေးသွားကြရမည် ဖြစ်ကြောင်း၊ ဖွင့်ပွဲ၊ ပိတ်ပွဲများကို နိုင်ငံတော်အဆင့်ကျင်းပခဲ့သည့် အခြားအခမ်းအနားများထက် အဆင့်မနိမ့်ဘဲ ခေတ်နှင့်လျော်ညီစွာဖြင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်သွားရန် လိုကြောင်း၊ ထို့ပြင် အမျိုးသားအားကစားပွဲတော်၏ အထိမ်းအမှတ် Logo သတ်မှတ်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးသွားကြရန်လိုကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ထွက်ပေါ်လာရေးအတွက် ပြိုင်ပွဲ ပွဲစဉ် အစမှ အဆုံးအထိ ယှဉ်ပြိုင်မှုများကို မှတ်တမ်းတင်ရေးအဖွဲ့များက စနစ်တကျ မှတ်တမ်းတင် ဆောင် ရွက်သွားကြရမည် ဖြစ်ကြောင်း။

ထိုသို့ မှတ်တမ်းတင် ဆောင်ရွက်ရာတွင် ၃၂ ကြိမ်မြောက် ကျင်းပခဲ့သည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့် စံချိန်များနှင့် အနီးစပ်ဆုံးရရှိသည့် အားကစားသမားများကိုသာ ပဏာမလက်ရွေးစင်အဖြစ် ရွေးချယ်၍ နိုင်ငံ့လက်ရွေးစင်အဖြစ် နိုင်ငံတကာပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ် ပြိုင်နိုင်ရေး စနစ်တကျ ဆောင်ရွက်သွား ကြရန်လို ကြောင်း၊ အားကစားပြိုင်ပွဲများတွင် အားကစားစိတ်ဓာတ်ပြင်းထန်သကဲ့သို့ ယှဉ်ပြိုင်မှုများလည်း ပြင်းထန်လာနိုင်သည့်အတွက် အငြင်းပွားဖွယ်ရာများ မဖြစ် အောင် ခုံသမာဓိ ဆောင်ရွက်ကြမည့် ဆပ်ကော်မတီနှင့် တာဝန်ရှိသူများက စနစ်တကျ အားကစားတစ်ခုချင်းအလိုက် ယှဉ်ပြိုင်ကြမည့် အားကစားနည်းဥပဒေ သတ်မှတ်ချက်များကို ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့များအား အသိပေးထားရန် လိုအပ်ကြောင်း၊ အားကစားပွဲတော် ကျင်းပမည့် အချိန်ကာလမှာ အနည်းငယ် ကြာမြင့်သည့်အတွက် လုံခြုံရေး အထူးအလေးထားဂရုစိုက်စီမံဆောင်ရွက်သွားရန် လိုကြောင်း၊ တည်းခိုနေထိုင်ရေးနှင့် စပ်လျဉ်း၍ အဆင်ပြေချောမွေ့စွာ ရှိစေရန် အတွက် တည်းခိုဆောင်များ သန့်ရှင်းရေးနှင့် လိုအပ်ချက်များရှိလာပါက ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုကြောင်း။

ထို့ပြင် ကျန်းမာရေးနှင့်စပ်လျဉ်း၍ အားကစားသမားများအတွက်  ကျန်းမာရေးနှင့် ညီညွတ်သည့် သန့်ရှင်းကောင်းမွန်သော အစားအသောက်များ ဖြစ်စေရေး စီမံဆောင်ရွက်သွားရန် လိုကြောင်း၊ အားကစားပြိုင် ပွဲများ ကျင်းပမည့် အားကစားကွင်းများ အဆင့်မြင့်မြင့်နှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် သက်ဆိုင်ရာကော်မတီများက ကြိုတင်စီမံဆောင်ရွက် ထားရန်လိုကြောင်း၊ ဖွင့်ပွဲ၊ ပိတ်ပွဲများတွင် ပါဝင်ကူညီကြမည့် သက်ဆိုင်ရာနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၊ ပညာရှင်များနှင့် အနုပညာရှင်များ ပါဝင်လာနိုင်ရေးကိုလည်း သက်ဆိုင်ရာ တာဝန် ရှိသူများက စည်းရုံးဆောင်ရွက်သွားရန် လိုကြောင်း၊ အဓိကအားဖြင့် နိုင်ငံတော် အဆင့်အခမ်းအနားဖြစ်သည့်အတွက် အားလုံးတက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုကြောင်း။

ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီးသည် အားကစား ပြိုင်ပွဲ အဖြစ်သာ အမည်ခေါ်ဆိုကျင်းပခြင်းဖြစ်သော်လည်း အတူတကွ ပူးပေါင်းဆောင် ရွက်ရမည့် လုပ်ငန်းတာဝန်များအရ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၊ မြန်မာ့လက် ရွေးစင်အား ကစားသမားဟောင်းကြီးများ၊ NGOအဖွဲ့အစည်းများ၊ မီဒီယာလောက သားများ အပါအဝင် ပြည်သူ လူထုတစ်ရပ်လုံးက တစ်ဦးချင်းတစ်ယောက်ချင်း ကျရာ အခန်းကဏ္ဍအလိုက် အမျိုးသားရေးအသိစိတ်ဓာတ်နှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ စည်းလုံးညီညွတ်မှု၊  ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်တတ်မှု၊ မျိုးချစ်စိတ် တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ တည်ငြိမ် အေးချမ်းမှုများကို ဖော်ထုတ်ပြသနိုင်မည့် အခွင့်အလမ်းတစ်ခုအဖြစ် ဖော်ဆောင်နိုင် မည်ဖြစ်သည့်အတွက် တာဝန်ယူဆောင်ရွက်ကြမည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် စီမံချက်ပါလုပ်ငန်းတာဝန်များ အောင်မြင်ပြီးမြောက် စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ မမျှော်မှန်းနိုင်သည့် လုပ်ငန်းအခက်အခဲများ ပေါ်ပေါက်လာခဲ့ ပါကလည်း အချိန်နှင့် တစ်ပြေးညီ တာဝန်ရှိသူအဆင့်ဆင့်က တင်ပြဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပဉ္စမအကြိမ်  အမျိုးသားအားကစားပွဲတော် ကျင်းပရေး ပြင်ဆင်ထားမှု၊ ယခင်အမျိုးသားအားကစားပွဲတော်များ ကျင်းပဆောင်ရွက်ခဲ့မှုများ၊ လုပ်ငန်းကော်မတီ များနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ ပြိုင်ပွဲအမျိုးအစား သတ်မှတ် ခြင်းနှင့် ပြိုင်ပွဲအစီအစဉ်များ၊ ဆုချီးမြှင့်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင် ပြသည်။

ယင်းနောက် ဖွင့်ပွဲ/ ပိတ်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  ပဉ္စမအကြိမ်  အမျိုးသားအားက စားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားများကို ခေတ်ကာလနှင့်လျော်ညီစွာ နိုင်ငံတော် အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည့်  အစီအစဉ် လျာထားချက်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကျင်းပရေးကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန် ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များက ပဉ္စမအကြိမ်  အမျိုးသားအားကစားပွဲတော် စည် ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြသည်။

ထို့နောက် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်း တင်ရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ တည်းခိုနေထိုင် ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီနှင့် စာရင်းစစ်ဆေးရေးဆပ်ကော်မတီ တို့မှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် ဒုတိယစာရင်းစစ်ချုပ်တို့က ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင် ရွက်သွားကြမည့်အစီအမံများကို  ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီး ကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်း လိုက်သည်။

Dates: 
Wednesday, May 29, 2024 - 05:00