(၅၆) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

(၅၆) ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

 

ဗီယင်ကျန်း စက်တင်ဘာ ၁၈

    ရင်းနှီးမြှုပ်နှံမှုနှင့်    နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည်  လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပသည့် (၅၆)ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ လ ၁၆ ရက်နံနက်ပိုင်းတွင် (၃၈) ကြိမ်မြောက် အာဆီယံလွတ်လပ်သော    ကုန်သွယ်မှု ဒေသကောင်စီ အစည်းအဝေးသို့   တက်ရောက်ခဲ့သည်။

မွန်းလွဲပိုင်းတွင်    (၂၇) ကြိမ်မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှု   ဒေသကောင်စီ အစည်းအဝေးသို့   အာဆီယံနိုင်ငံများမှ စီးပွားရေးဝန်ကြီးများနှင့် အတူ  တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံရင်းနှီးမြှုပ်နှံမှု ဒေသအကောင်အထည် ဖော်မှုအရ   ဆောင်ရွက်လျက်ရှိသည့်    အာဆီယံ စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လမ်းညွှန်ချက်များ ရေးဆွဲခြင်း၊ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအပေါ်   အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

ထို့ပြင် ကောင်စီအစည်းအဝေးနှင့် တစ်ဆက်တည်းပြုလုပ်သည့်  အာဆီယံ ဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ပဉ္စမအခြေပြ စာချုပ်လက်မှတ်ရေးထိုးပွဲတွင် မြန်မာနိုင်ငံကိုယ်စား ပါဝင်လက်မှတ် ရေးထိုးခဲ့သည်။

အဆိုပါ အခြေပြစာချုပ်သည် အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ပထမအခြေပြစာချုပ်နှင့် လက်ရှိ ပဉ္စမအခြေပြစာချုပ်မူကြမ်းအထိ  ပြင်ဆင်ချက်များအားလုံး အပါအဝင် ခေါင်းစီးမှတ်စု၊ ပူးတွဲများနှင့်အတူ စုစည်းပြင်ဆင်ထားခြင်းဖြစ်သည်။

ညနေပိုင်းတွင်   ပြည်ထောင်စုဝန်ကြီးသည် စီးပွားရေးဝန်ကြီးများနှင့် အာဆီယံ စီးပွားရေးအကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေး အကြံပေးကောင်စီက ၂၀၂၄ ခုနှစ်အတွင်း   ပုဂ္ဂလိကကဏ္ဍက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကို တင်ပြခဲ့ရာ ဝန်ကြီးများက အနာဂတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ပုဂ္ဂလိကအခန်းကဏ္ဍက ပိုမိုပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို လမ်းညွှန်ခဲ့ပြီး   အစိုးရ-ပုဂ္ဂလိက ချိတ်ဆက်ဆောင်ရွက်မှု ယန္တရားဆိုင်ရာ အကြံပြုချက်စာတမ်းကို အတည်ပြုခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ ၁၇ ရက်တွင်      (၅၆) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ အာဆီယံစီးပွားရေး ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။

မွန်းလွဲပိုင်းတွင်    အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ အာဆီယံဒစ်ဂျစ်တယ် စီးပွားရေး   မူဘောင်သဘောတူစာချုပ် စေစ့ပ်ညှိနှိုင်းမှု၏ အကောင်အထည်ဖော်မှု အခြေအနေကို မှတ်တမ်းတင်ခဲ့ပြီး    ယင်းစေ့စပ်ညှိနှိုင်းမှုများ ၂၀၂၅ ခုနှစ်တွင် အချိန်မီ အပြီးသတ်နိုင်ရေး    လိုအပ်သည်များကို လမ်းညွှန်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ လ ၁၈ ရက်နံနက်ပိုင်းတွင် အာဆီယံစီးပွားရေး ဝန်ကြီးများနှင့် ကမ္ဘာ့ဉာဏမူပိုင်ခွင့်အဖွဲ့ ညွှန်ကြားရေးမှူးချုပ်တို့၏ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင်  အာဆီယံနှင့် ကမ္ဘာ့ဉာဏမူပိုင်

ခွင့်အဖွဲ့တို့အကြား ဆောင်ရွက်နေသည့် ဒစ်ဂျစ်တယ်ဆန်းသစ် တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေး၊  အာဆီယံဒေသတွင်း ၂၀၄၅ တွင် ပြည်သူဗဟိုပြု တီထွင်ဆန်းသစ်မှုများဖြင့် ဖွံ့ဖြိုးတိုးတက်မှု အသွင်ပြောင်းလဲရေးနှင့် အာဆီယံနှင့် ကမ္ဘာ့ဉာဏ မူပိုင်ခွင့်အဖွဲ့တို့အကြား လက်မှတ်ရေးထိုးထားသည့်    နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ အရှိန်မြှင့်တင်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင်     (၁၆) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့်ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ဝန်ကြီးများက စီအယ်လ်အမ်ဗွီ လုပ်ငန်းအစီအစဉ် ၂၀၂၃-၂၀၂၄ ပါ လုပ်ငန်းများ အကောင်အထည်ဖော်မှုကို မှတ်တမ်းတင်ခဲ့ပြီး စီအယ်လ်အမ်ဗွီလုပ်ငန်း အစီအစဉ် ၂၀၂၅-၂၀၂၆ ကို   ပုံသေမထားဘဲ  လိုအပ်သလို ပြင်ဆင်မွမ်းမံသွားမည့် အစီအစဉ်တစ်ခုအဖြစ် အတည်ပြု၍     လုပ်ငန်းများ ထပ်မံဖြည့်စွက်ရန်အတွက်  အဆင့်မြင့် စီးပွားရေးအရာရှိများအား တာဝန်ပေးအပ်ခဲ့သည်။

ထို့ပြင် ဝန်ကြီးများက စီအယ်လ်အမ်ဗွီ နိုင်ငံများအား ၂၀၃၀ ပြည့်နှစ်တွင် ရေရှည်တည်တံ့သော အလယ်အလတ် အထက် အဆင့်ဝင်ငွေရှိသည့်  နိုင်ငံများအဖြစ် ရပ်တည်နိုင်ရန် အထောက်အပံ့ပေးမည့် စီအယ်လ်အမ်ဗွီဖွံ့ဖြိုး တိုးတက်မှုမူဘောင်  ၂၀၂၀-၂၀၃၀ အကောင်အထည်ဖော်မှု၏ လုပ်ငန်းအစီအစဉ် ရေးဆွဲရေးအတွက် ကမ္ဘောဒီးယားနိုင်ငံက အဆိုပြုထားသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန်နှင့် မူဘောင်ကို အကောင်အထည်ဖော်ရန်   ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ အပေါ် ဆွေးနွေးညှိနှိုင်းခဲ့သည်။

အဆိုပါအစည်းအဝေးများတွင် လာအိုနိုင်ငံ  စက်မှုနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး H.E. Malaithong Kommasith သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံလွတ်လပ်သော  ကုန်သွယ်မှုဒေသကောင်စီဝန်ကြီးများ၊ အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသ  ကောင်စီဝန်ကြီးများ၊ စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများ၊ အာဆီယံစီးပွားရေး အကြံပေးကောင်စီ အဖွဲ့ဝင်များနှင့်  အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးသည် အာဆီယံ စီးပွားရေးဝန်ကြီးများနှင့်အတူ    အီးယူကုန်သွယ်ရေး ကော်မရှင်၊  ရုရှား၊ ဆွစ်ဇာလန်၊   ဗြိတိန်၊   ဟောင်ကောင် (တရုတ်)၊ အမေရိကန်၊ အိန္ဒိယ၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အရှေ့အာရှ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အပေါင်းသုံး စီးပွားရေးဝန်ကြီးများ အစည်းအဝေးများနှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးများ အစည်းအဝေးသို့  ဆက်လက် တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။                             

Dates: 
Thursday, September 19, 2024 - 05:31