ဧရာဝတီယူနိုက်တက် အသင်းမှ လင်းလက်လာမည့် မျိုးဆက်သစ်လူငယ် ဘောလုံးကစားသမား နှစ်ဦးအကြောင်း

လူငယ်တိုက်စစ်မှူး ညီညီအောင်

 

ဒဂုံတက္ကသိုလ်ကျောင်းရဲ့  ဘောလုံးပြိုင်ပွဲကစားရင်း   ရန်ကုန်ယူနိုက်တက် လူငယ်အသင်းမှာ ရွေးချယ်ခံရပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တဲ့ ညီညီအောင်ဆိုတာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရေတာကျေးရွာဇာတိ ဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်  လူငယ် ကစားသမားတစ်ဦး ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ဒဂုံတက္ကသိုလ် ဘောလုံးပြိုင်ပွဲမှာ ရွေးချယ်ခံရပြီး ရန်ကုန်ယူနိုက်တက် လူငယ် ယူ-၂၀၊ ယူ-၂၁ အသင်းတို့မှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့ပြီး ရန်ကုန်ယူနိုက်တက် ယူ-၂၀ အသင်းနဲ့ ၂၀၁၆ ခုနှစ်မှာ ဒုတိယဆု ရရှိခဲ့ပါတယ်။

၂၀၁၈ ဘောလုံးရာသီမှာတော့ လိဂ်-၂ ကလပ်ဖြစ်တဲ့     တက္ကသိုလ်အသင်းကို ရောက်ရှိလာခဲ့ပြီး အဲဒီရာသီ လိဂ်-၂ ပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်က နေပြည်တော်မှာ ကျင်းပတဲ့ Asean University Game ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြု တက္ကသိုလ် ဘောလုံးအသင်းမှာ ရွေးချယ်ခံခဲ့ရတယ်။

ပြိုင်ပွဲမှာ  အုပ်စုပွဲစဉ်အဖြစ်  ထိုင်းတက္ကသိုလ် အသင်းနဲ့ပွဲမှာ ညီညီအောင်က ဂိုးသွင်းယူနိုင်ခဲ့ပြီး ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိ ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ပြန်တွေ့ဆုံတဲ့အခါ ရှုံးနိမ့်ခဲ့ပြီး  ဒုတိယဆုနဲ့  ကျေနပ်ခဲ့ရပါတယ်။

၂၀၁၈ ကနေ ၂၀၁၉ ဘောလုံးရာသီအထိ တက္ကသိုလ်အသင်းမှာ ကစားခဲ့ပြီး ၂၀၂၀  ဘောလုံးရာသီမှာတော့  ဧရာဝတီ ယူနိုက်တက်စီနီယာ အသင်းကြီးကို ရောက်ရှိလာခဲ့ပြီး ကျောနံပါတ် ၁၄ ကို ဝတ်ဆင် ကစားကာ  အသင်းအတွက် တစ်ဂိုးဖန်တီး ပေးထားနိုင်ခဲ့တယ်။

လေးစားအားကျရတဲ့ ကစားသမားတွေကတော့  မြန်မာ့လက်ရွေးစင် အသင်းမှာ ဆိုရင် ကျော်ကိုကိုနဲ့ မောင်မောင်လွင်တို့

ဖြစ်ပြီး  ပြည်ပမှာဆိုရင်  စီရော်နယ်ဒိုနဲ့ နေမာတို့ပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့   ခြေထောက်ဒဏ်ရာ လုံးဝသက်သာပျောက်ကင်းနေပြီဖြစ်လို့  လေ့ကျင့်ခန်းတွေ  ပြုလုပ်နေပြီး ဧရာဝတီယူနိုက်တက်အသင်းက ပြန်လည် ခေါ်ယူခဲ့ရင်    အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

 

လူငယ်တိုက်စစ်မှူး ကောင်းမြတ်သူ

 

၂၀၂၀ ဘောလုံးရာသီ ဧရာဝတီယူနိုက်တက်အသင်းရဲ့ ရှေ့တန်းမှာ ကျောနံပါတ် ၂၃ ကိုဝတ်ဆင်ပြီး လျင်လျင်မြန်မြန် တိုက်စစ်ဆင် ကစားတတ်လေ့ရှိတဲ့ လူငယ်တိုက်စစ်မှူးတစ်ဦးကို  သတိထားမိကြမယ် ထင်ပါတယ်။

သူကတော့ အသက်၂၁ နှစ်သာရှိသေး တဲ့  လူငယ်တိုက်စစ်မှူး  ကောင်းမြတ်သူ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လှည်း ကူးမြို့နယ် ဘားလားကျေးရွာဇာတိဖြစ်ပြီး ဘောလုံးကစားနည်းကို ငယ်စဉ်ကတည်း က ဝါသနာပါခဲ့သူ ဖြစ်ပါတယ်။

သူ့အိပ်မက်က    ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးဖြစ်လာဖို့ ပထမဆုံးခြေလှမ်း စတင်ခဲ့တာကတော့ ၂၀၁၇ ခုနှစ်မှာကျင်းပတဲ့    ရန်ကုန်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် ဝန်ကြီးချုပ်ဖလား ပြိုင်ပွဲဖြစ်ပါတယ်။ မင်္ဂလာဒုံ မြို့နယ် ကိုယ်စားပြု ယူ-၂၁ အသင်းရဲ့ ကျောနံပါတ် ၁၀ ကို  ဝတ်ဆင်ကစားကာ သွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး စတုတ္ထဆုရရှိခဲ့ပါတယ်။

ယင်းပြိုင်ပွဲကနေ  ရန်ကုန်တိုင်းဒေသကြီး ယူ-၂၁ အသင်းအတွက် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလက နေပြည်တော်မှာ ကျင်းပတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် ယူ-၂၁ ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး ကျောနံပါတ် ၁၀ ဝတ်ဆင်ကစားကာ သုံးဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

အဲဒီနောက် ပထမဆုံးကလပ်အသင်း အဖြစ်  ဧရာဝတီယူနိုက်တက်  ယူ-၂၁ အသင်းကို   ၂၀၁၈ ဘောလုံးရာသီမှာ ရောက်ရှိလာခဲ့ပြီး ကျောနံပါတ် ၃၀ ကို ဝတ်ဆင်ကာ   ခြေစွမ်းပြကစားနိုင်ခဲ့ပြီး  သွင်းဂိုး ငါးဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါ တယ်။ ၂၀၁၉ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ အမှတ်ပေးဘောလုံးပြိုင်ပွဲ မှာ သူဝတ်ဆင်ကစားနေကျ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ပြီး အသင်းရဲ့တိုက်စစ်ကို ဦးဆောင်ကစားခဲ့ပြီး သွင်းဂိုး ၁၅ ဂိုး သွင်းယူနိုင်တဲ့အထိ  ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိဂ်    ၂၀၂၀ ရာသီစတင်ချိန်မှာတော့ နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းရဲ့ စီနီယာအသင်းမှာ ခေါ်ယူခြင်း ခံခဲ့ရပြီး  သုံးဂိုးသွင်း၊ တစ်ဂိုး ဖန်တီးပေးထား နိုင်ခဲ့ပါတယ်။

အရပ်အမြင့်  ၅ ပေ ၉ လက်မရှိပြီး လျင်လျင်မြန်မြန် ကစားတတ်တဲ့  တိုက်စစ်မှူး  ကောင်းမြတ်သူရဲ့ အိပ်မက်ကတော့ မြန်မာ့လက်ရွေးစင်   ကစားသမားအဖြစ် ကစားခွင့်ရရှိနိုင်ဖို့ ဖြစ်ပါတယ်။ သူအားကျပြီး ကြိုက်နှစ်သက်တဲ့ ကစားသမား ကတော့ ပေါ်တူဂီတိုက်စစ်မှူး  စီရော်နယ်ဒိုပဲ ဖြစ်ပါတယ်။

ကိုရဲ