မြန်မာနိုင်ငံဆိုင်ရာ ရုရှားကုန်သွယ်မှု ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တွေ့ဆုံ

 

မြန်မာနိုင်ငံဆိုင်ရာ ရုရှားကုန်သွယ်မှု ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တွေ့ဆုံ

 

နေပြည်တော်   စက်တင်ဘာ   ၁၈

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဒေါက်တာသက်ခိုင်ဝင်းအား ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားကုန်သွယ်မှု    ကိုယ်စားလှယ်ရုံး၏ အကြီးအကဲ Mr. Vladimir Kazadaev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း မကြာမီကဖြစ်ပွားခဲ့သော   ရေကြီးရေလျှံမှုများအတွက် ရုရှားနိုင်ငံမှ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းမည့် ကိစ္စရပ်များ၊ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ Napalkov Cancer Center နှင့်  ကျန်းမာရေးဝန်ကြီးဌာန ကုသရေး ဦးစီးဌာနတို့အကြား ကင်ဆာရောဂါ ဆေးကုသမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရုရှားနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုမ္ပဏီများမှ စက်မှုဝန်ကြီးဌာန၊ BPI ဆေးဝါးစက်ရုံနှင့် ပူးပေါင်း၍ ပြည်တွင်း၌ ဆေးနှင့်ဆေးပစ္စည်းများ ထုတ်လုပ်ရေးကိစ္စ၊ ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် ရောဂါရှာဖွေရေး ဓာတ်ခွဲစမ်းသပ်မှု ပစ္စည်းများ   (Rapid Diagnostic Test kit)  ဈေးနှုန်းချိုသာစွာ   ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ရေးကိစ္စ၊ ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို မြန်မာနိုင်ငံ FDA အသိအမှတ်ပြု မှတ်ပုံတင်ရရှိရေး ကိစ္စနှင့် နှစ်နိုင်ငံဆေးကုသမှု လုပ်ငန်းများ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားကုန်သွယ်မှု ကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ   တက်ရောက်ကြကြောင်း   သိရသည်။

Dates: 
Thursday, September 19, 2024 - 06:02