အစာအဆိပ်သင့်လူနာများအား ပြည်ထောင်စုဝန်ကြီးများ သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်

 

အစာအဆိပ်သင့်လူနာများအား ပြည်ထောင်စုဝန်ကြီးများ  သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်

 

နေပြည်တော် စက်တင်ဘာ ၁၈

    အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)    ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး    ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုနယ်မြေ   နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ကလေးရောဂါအထူးကု ဆေးရုံကြီး(နေပြည်တော်)၊ နေပြည်တော်ပြည်သူ့ ဆေးရုံကြီး (ခုတင်-၃၀၀) နှင့် ပြည်သူ့ဆေးရုံ(တပ်ကုန်းမြို့)တို့သို့ သွားရောက်ကာ တပ်ကုန်းမြို့နယ် ကြက်သွန်ခင်း ကျေးရွာအုပ်စု ချောင်းခြားကျေးရွာမှ အစာအဆိပ်သင့်ရောဂါ လက္ခဏာများဖြစ်ပွား၍ အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား သွားရောက်ကြည့်ရှု အားပေးစကား  ပြောကြားကာ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ကလေးရောဂါ အထူးကုဆေးရုံကြီး (နေပြည်တော်)ရှိ  ကလေးလူနာငါးဦး၏ ကျန်းမာရေး အခြေအနေကို လည်းကောင်း၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀) ဆေးကုသဆောင်ရှိ အစာအဆိပ်သင့် လူနာလေးဦး၏ ကျန်းမာရေးအခြေအနေကို လည်းကောင်း   သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားကာ လက်ဆောင် ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ပြည်သူ့ဆေးရုံ     (တပ်ကုန်းမြို့)သို့ တက်ရောက်ကုသခဲ့သော အတွင်းလူနာ ၅၆ ဦးအနက်  ၃၅ ဦးမှာ ကျန်းမာရေး ကောင်းမွန်၍ သက်သာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီး   ကျန်ရှိနေသောလူနာ ၂၁ ဦးကို  ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု၍  အားပေးစကား ပြောကြားကာ လက်ဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး လူနာများအား သေချာစွာစောင့်ကြပ် ကြည့်ရှုကုသရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံတက်ရောက် ကုသနေသော လူနာများအား ရင်းရင်းနှီးနှီး လှည့်လည်ကြည့်ရှုပြီး  လတ်ဆတ်သော အစားအစာနှင့် ပူပူနွေးနွေး ချက်ပြုတ်ထားသော အစားအစာကိုသာ စားသုံးရန်၊ ရက်ကျော်နှင့် အချိန်ကျော် သိမ်းထားသော အစားအစာများကို စားသုံးခြင်းမပြုရန်၊ တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုပြုဆောင်ရွက်ရန်၊ မိမိတို့ နေအိမ်ရှိ သောက်ရေသုံးရေများကို ရေသန့်ဆေးပြား ထည့်ပြီးမှသာ အသုံးပြုရန်နှင့် နေအိမ်များသို့    ပြန်ရောက်သည့်အခါ ကျန်းမာရေးဝန်ကြီးဌာနက   ထုတ်ပြန်ထားသော သတိပြုလိုက်နာ ဆောင်ရွက်ရန်  အချက်များကို လိုက်နာဆောင်ရွက်ကြရန်  မှာကြားခဲ့ကြောင်း  သတင်းရရှိသည်။                          

Dates: 
Thursday, September 19, 2024 - 06:15