BRICS Media Summit တက်ရောက်ခဲ့သော ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အဖွဲ့ ပြန်လည်ရောက်ရှိ

 

BRICS Media Summit  တက်ရောက်ခဲ့သော ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အဖွဲ့  ပြန်လည်ရောက်ရှိ

 

ရန်ကုန်  စက်တင်ဘာ  ၁၈

    ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်း၊    ရုရှားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် အဖွဲ့သည် BRICS Media Summit သို့ တက်ရောက်ရန် မော်စကိုမြို့၌ ရောက်ရှိနေကြသည့် မီဒီယာဆိုင်ရာ ကိုယ်စားလှယ်များနှင့်အတူ  စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းတွင်  မော်စကိုမြို့ရှိ   အထင်ကရ နေရာများဖြစ်သော ကရင်မလင်နန်းတော်နှင့် ရှေးဟောင်းပြတိုက်များ၊  အညတရ သူရဲကောင်းတစ်ဦး၏  ဂူဗိမာန်၊ ရင်ပြင်နီ၊ ဗာစီလီး ဘလာရမ်းနီရီ ဘုရားကျောင်း၊ ဘာသာရေးဆိုင်ရာ အဓိကဘုရားကျောင်း နေရာများသို့  သွားရောက်ပြီး   ကြည့်ရှုလေ့လာကြသည်။

ယင်းနောက်   ပြည်ထောင်စုဝန်ကြီးသည်    Centre for Public and Business Cooperation with the Republic of the Myanmar  ၏  သတင်းမီဒီယာအဖွဲ့နှင့် တွေ့ဆုံပြီး ရုရှား - မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး   ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏   ပကတိဖြစ်ရပ်မှန် အခြေအနေ၊  အာရှနိုင်ငံအချို့တွင် ကြုံတွေ့နေရသလို မြန်မာနိုင်ငံတွင်လည်း   ရေဘေးအန္တရာယ်ကြုံတွေ့နေရမှု၊ နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများက   ရေဘေးကူညီကယ်ဆယ်ရေးနှင့်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်  အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေမှု၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးအတွက်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဖြေကြားသည်။

ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်းသည်   စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိပြီး သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ စစ်သံမှူး ဗိုလ်မှူးချုပ်မိုးကျော်နှင့် သံရုံး၊ စစ်သံရုံး ဝန်ထမ်းများအား  တွေ့ဆုံကာ   နိုင်ငံတော်၏  လက်ရှိအခြေအနေမှန်များ၊  သတင်းတု သတင်းမှားများအပေါ် ဆန်းစစ်ဝေဖန် ပိုင်းခြားနိုင်ရေး၊  နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်၍ ယနေ့ပညာရေး၊ ကျန်းမာရေး၊  ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊  နိုင်ငံတော်လုံခြုံရေးအတွက်   ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက်   ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီး၊ စစ်သံမှူးနှင့်   ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တည်းခိုသည့် Plaza Garden ဟိုတယ်၌ ရုရှား Roscongress မှ အရှေ့တောင်အာရှဆိုင်ရာ အကြီးအကဲ   Mr. Sergey Vladimirovich နှင့်   အလွတ်သဘော တွေ့ဆုံ၍ ရုရှား - မြန်မာ မီဒီယာပူးပေါင်း ဆောင်ရွက်မှုများ  အမြန်ဆုံးအကောင် အထည်ဖော်ရေးနှင့် စပ်လျဉ်း၍   ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင်      မော်စကိုမြို့မှ  လေကြောင်းခရီးဖြင့်   ထွက်ခွာလာရာ ယနေ့ညနေပိုင်းတွင်  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့်အဖွဲ့အား  မြန်မာနိုင်ငံဆိုင်ရာ  ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊   ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သိရသည်။ 

Dates: 
Thursday, September 19, 2024 - 06:20