လာမည့်နှစ်တွင် ဆီးဂိမ်းအကြို ကျင်းပရန် စီစဉ်ထားသည့် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်အမျိုးသားဘောလုံးပြိုင်ပွဲ ဖျက်သိမ်း

လာမည့်နှစ်တွင် ဆီးဂိမ်းအကြို ကျင်းပရန် စီစဉ်ထားသည့် အသက် ၂၂ နှစ်အောက် အာဆီယံချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက   ကျင်းပခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း အာဆီယံပြိုင်ပွဲများ ကျင်းပရေးကော်မတီ   အစည်းအဝေး၌ အာဆီယံ  ယူ-၂၂   ချန်ပီယံရှစ်ပြိုင်ပွဲကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မူလက   ယင်းပြိုင်ပွဲကျင်းပဖြစ်ပါက မြန်မာနိုင်ငံ   ဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာ့လက်ရွေးစင်    ယူ-၂၂ အသင်း ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ဆီးဂိမ်းအတွက် ပြင်ဆင်မှုအဖြစ် ဆီးဂိမ်းကျင်းပသည့်နှစ်များတွင် ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော် ယခုနှစ်အတွင်း COVID-19 ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းထားသည့်  အာဆီယံနှင့်  အာရှအဆင့် ဘောလုံးပြိုင်ပွဲအများစုသည် လာမည့်နှစ် တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်ပြိုင်ပွဲများ တစ်နှစ်တည်းတွင် များနေ၍  အာဆီယံ  ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲကာလသတ်မှတ်ရန်   အခက်အခဲရှိသဖြင့်  ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၀၅ ခုနှစ်က  ထိုင်းနိုင်ငံနှင့်  ၂၀၁၉ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံတို့၌ နှစ်ကြိမ် သာ ကျင်းပခဲ့ဖူးသည်။

၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲတွင်  မြန်မာအသင်း  ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း   အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

အာဆီယံဘောလုံး အဖွဲ့ချုပ်အနေဖြင့် ၂၀၂၂ ခုနှစ် သို့မဟုတ်  ၂၀၂၃ ခုနှစ်တို့တွင် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ပုံစံသစ် တစ်မျိုးဖြင့် ပြန်လည်ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

            ကိုရဲ