အထူးမိုးလေဝသသတင်း

အထူးမိုးလေဝသသတင်း

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာလ ၁၉ ရက်နေ့၊ ညနေ (၅)နာရီခွဲအချိန် ထုတ်ပြန်သည့် အထူး မိုးလေဝသ သတင်းအနေဖြင့် အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်(SOULIK)”သည် ယနေ့ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ ကမ်းခြေကို ဒါနန်းမြို့(Da Nang)၏ မြောက်ဘက်မှ ဖြတ်ကျော် လျက်ရှိပါသည်။

စက်တင်ဘာ ၂၀ ရက်တွင် အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်း သည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများသို့ စတင်ဖြတ်ကျော် နိုင်ပါသည်။

အဆိုပါ လေပွေလှိုင်း၏အရှိန်ကြောင့် စက်တင်ဘာ ၂၀ ရက် ၂၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသ အလိုက် မိုးကြီးခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ် ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်း ရေကြောင်း သွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင် သတိ ပြုနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးနှိုးဆော်ထားကြောင်း သိရှိရသည်။

Dates: 
Thursday, September 19, 2024 - 19:53