မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၇)တွင် ISPE အသင်းနှင့် မြဝတီအသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၇)တွင် ISPE အသင်းနှင့် မြဝတီအသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

ရန်ကုန် စက်တင်ဘာ ၁၉

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာ နေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၇)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ISPE အသင်းနှင့် မြဝတီအသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြကြောင်း သိရသည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၇)အဖြစ် ယနေ့ညနေ ၃နာရီတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌ ISPE အသင်းနှင့် ဧရာဝတီအသင်းတို့ ကစားခဲ့ရာ ISPEအသင်းက ၃ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ISPE အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၅ မိနစ်တွင် လင်းမြင့်မိုရ်၊ ပွဲချိန် ၄၅ မိနစ်နှင့် ၆၆ မိနစ်တို့တွင် ယဉ်လွန်းအိမ်တို့က သွင်းယူပေးနိုင်ခဲ့ကာ အဆိုပါပွဲစဉ်၏ အကောင်းဆုံး ကစားသမားဆုကို  ISPE အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး သွင်းဂိုး ၂ ဂိုး သွင်းယူပေးနိုင်ခဲ့သည့် ယဉ်လွန်းအိမ်က ဆွတ်ခူးနိုင်ခဲ့သည်။

အလားတူ ညနေ ၃နာရီတွင် စလင်းအားကစားကွင်း၌ မြဝတီအသင်းနှင့်  YREOအသင်းတို့ ကစားခဲ့ရာ မြဝတီအသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မြဝတီအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃ မိနစ်တွင် ရူပါခိုင်၊ ပွဲချိန် ၇၇ မိနစ်နှင့် မိနစ် ၉၀ တို့တွင် ဖြူဖြူဝင်းတို့က သွင်းယူပေးနိုင်ခဲ့ပြီး YREO အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၁၂ မိနစ်တွင် သင်းသင်းမော်က သွင်းယူပေးနိုင်ခဲ့ကာ အဆိုပါပွဲစဉ်၏ အကောင်းဆုံးကစား သမားဆုကို မြဝတီအသင်းမှ ဖြူဖြူဝင်းက ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၇)ပွဲစဉ်များအပြီးတွင် ISPE  အသင်းသည် ၁၂ ပွဲနိုင် နှစ်ပွဲသရေ ရှုံးပွဲမရှိ ရမှတ် ၃၈ မှတ်ဖြင့်   အမှတ်ပေးဇယား ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။ 

Dates: 
Friday, September 20, 2024 - 05:12