ရေဘေး ဒဏ်ခံပြည်သူများအတွက် မြန်မာနိုင်ငံ အရပ်ရပ်မှ ပြည်သူများက လာရောက် လှူဒါန်းလျက်ရှိရာ ကူညီထောက်ပံ့ လှူဒါန်းပေးကြသူများ၏ စကားသံများ

 

ရေဘေး ဒဏ်ခံပြည်သူများအတွက် မြန်မာနိုင်ငံ အရပ်ရပ်မှ ပြည်သူများက လာရောက် လှူဒါန်းလျက်ရှိရာ ကူညီထောက်ပံ့ လှူဒါန်းပေးကြသူများ၏ စကားသံများ

 

      တိုင်ဖွန်းမုန်တိုင်းရာဂိ၏ သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ ပြည်သူများသည် သဘာဝဘေးဒဏ်ကို ထိခိုက်ခံစားခဲ့ကြရသည်။ ထိုသို့ သဘာဝ ဘေးဒဏ်ခံပြည်သူများ အတွက် နိုင်ငံတော်အစိုးရမှ ထိခိုက်ဒဏ်ရာ ခံစားခဲ့ရမှုအခြေ အနေနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးမှု အခြေအနေများ အပေါ်မူတည်ကာ လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ဆောင်ရွက်ပေးသွားရန် စီစဉ်လျက်ရှိသည်။

နိုင်ငံတော်အစိုးရနှင့်အတူ မြန်မာနိုင်ငံ အရပ်ရပ်မှ ပြည်သူများက သဘာဝဘေးဒဏ်ခံ ပြည်သူများအတွက် ကူညီထောက်ပံ့မှုများကို အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ရေဘေး ဒဏ်ခံပြည်သူများအတွက် မြန်မာနိုင်ငံ အရပ်ရပ်မှ ပြည်သူများက လာရောက် လှူဒါန်းလျက်ရှိရာ ကူညီထောက်ပံ့ လှူဒါန်းပေးကြသူများ၏ စကားသံများကို ဖော်ပြအပ်ပါသည်။

နန်းဦးဆရာတော် ဘဒ္ဒန္တပုညဝန္တ ၊ ဒလမြို့

Description: C:\Users\Aye Lwin\Desktop\20-9-2024\209103.JPG

      ဘုန်းဘုန်းတို့က အေလာလေယာဉ်ကွင်းအနီးက ရွာသစ်ကလေးကျေးရွာကို သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။ မိသားစု တစ်အိမ်ထောင်စာအတွက် လိုအပ်တဲ့ ပစ္စည်းတွေ စုပေါင်းထုပ်ပိုးထားပါတယ်။ အိမ်ထောင်စု  ၂၅၀ စာနဲ့ ငွေကျပ်တစ်သိန်းစီ လှူဒါန်းသွားမှာဖြစ်ပါတယ်။ ကူမဲမြို့မှာလည်း  ဝမ်းရောဂါဖြစ်ပွားတဲ့အတွက် ငွေကျပ် ၁၀ သိန်း လှူဒါန်းထားပါတယ်။ ရွာသစ်ကလေး ကျေးရွာအတွက် လှူဒါန်းငွေစုစုပေါင်း သိန်း ၃၀၀  ကျော်လှူဒါန်း သွားမှာဖြစ်ပါတယ်။ ပြည်သူတွေ ဝတ်စရာ၊ စားစရာ လိုအပ်နေတဲ့အတွက် ပါဝင်ဖြည့်ဆည်းတာဖြစ်ပါတယ်။ ရဟန်း၊ သံဃာတွေ လိုအပ်တဲ့အခါ ဒါယကာ၊ ဒါယိကာမတွေက ကြည့်ရှုထောက်ပံ့လှူဒါန်းကြပါတယ်။  အခုလို ရေကြီးရေလျှံဖြစ်တော့ ဘုန်းဘုန်းတို့က ဒါယကာ၊ ဒါယိကာမတွေကို ပြန်ပြီး ကြည့်ရှုထောက်ပံ့ လှူဒါန်းတာပဲ ဖြစ်ပါတယ်။

ဒေါ်ကောမလသိင်္ဂီ ဇယရံသီ သီလရှင်စာသင်တိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်

Description: C:\Users\Aye Lwin\Desktop\20-9-2024\209104.JPG

    ဆရာ‌လေးက   ဇယရံသီ  သီလရှင်စာသင်တိုက်ကနေ လာရောက် လှူဒါန်းတာဖြစ်ပါတယ်။ ခုနစ်ရက်သားသမီးတွေ လှူဒါန်းထားတဲ့ ဝတ္ထုငွေ၊ အဝတ်အထည်နဲ့  မီးဖိုချောင်သုံး ပစ္စည်းတွေကို အလှူရှင်တွေ ဝမ်းမြောက်အောင် ကိုယ်တိုင်လာရောက် လှူဒါန်းခြင်းဖြစ်ပါတယ်။ အလှူရှင်တွေ  သွားရောက်လှူဒါန်းမှု နည်းပါးတဲ့ နေရာဒေသတွေကို သွားရောက်ပြီး လှူဒါန်းမှာ ဖြစ်ပါတယ်။   ဒီလိုရေကြီးရေလျှံမှုမျိုး တစ်ခါမှမကြုံဖူးတဲ့အတွက် ကိုယ်ချင်းစာတဲ့စိတ်နဲ့ လှူဒါန်းတာဖြစ်ပါတယ်။ ရေဘေးသင့် ဒါယကာ၊ ဒါယိကာမတွေအတွက် ဒီလိုရေကြီးရေလျှံမှုမျိုး နောင်မှာထပ်မဖြစ်ပါစေနဲ့လို့  ဆုတောင်းပေးပါတယ်။  ခုနစ်ရက်သားသမီးတွေလည်း   အန္တရာယ်ကင်းဝေးအောင် အမြဲဆုတောင်းပေးပါတယ်။  အခုလို လှူဒါန်းရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။

ဦးထင်ကျော် ၊ ဝေါမြို့၊ ပဲခူးတိုင်းဒေသကြီး

    ကျွန်တော်တို့က တပ်ကုန်းနဲ့ ရမည်းသင်းမြို့တွေကို သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။ သွားရောက်လှူဒါန်းမယ့် ပစ္စည်းတွေကတော့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ အဝတ်အစားတွေဖြစ်ပါတယ်။ အရင်က တခြားနေရာတွေမှာ ရေကြီးရေလျှံဖြစ်ရင်လည်း  တတ်အားသမျှ အမြဲကူညီဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့က   ဂုံမင်းကန်ကျေးရွာ၊ မြစ်ကျိုးကျေးရွာနဲ့  ဝေါမြို့တွေမှာရှိတဲ့ ဗလီသုံးခုနဲ့ ဘာသာပေါင်းစုံ စုပေါင်းပြီး လာရောက် လှူဒါန်းခြင်းဖြစ်ပါတယ်။  နောက်ထပ်လည်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားတဲ့     ဘယ်အရပ်ဒေသမဆို သွားရောက်လှူဒါန်း သွားမှာဖြစ်ပါတယ်။ သဘာဝဘေး ကြုံရတယ်ဆိုတော့ အားလုံး စိတ်မကောင်းဖြစ်ကြရပါတယ်။ ဒီတစ်ခါ ရေကြီးရေလျှံမှုက အများကြီး ဒုက္ခရောက် ခံစားကြရတဲ့အတွက် ပိုပြီးစိတ်မကောင်း ဖြစ်မိပါတယ်။

ဦးကျော်စွာဦး ၊ ဥက္ကဋ္ဌ၊ ရွှေတောင်လူမှုကယ်ဆယ်ရေး မောင်နှံအသင်း၊ မွန်ပြည်နယ်

Description: C:\Users\Aye Lwin\Desktop\20-9-2024\209105.JPG

      ကျွန်တော်တို့အသင်းက နေပြည်တော်၊ တပ်ကုန်း၊   ရမည်းသင်း   သုံးနေရာကို သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကို ကယ်ဆယ်ရေးစခန်းတွေက အကူအညီတောင်းထားတာတွေလည်း ရှိပါတယ်။ အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေကို လှူသွားမယ်၊ လှူတဲ့အခါ စီမံခန့်ခွဲတဲ့ အဖွဲ့တွေဆီ ပေးအပ် လှူဒါန်းသွားမှာရှိသလို လက်ဝယ်အရောက်လည်း လှူဒါန်းသွားဖို့ရှိပါတယ်။ ခုနစ်ရက် သားသမီး  စုပေါင်းလှူဒါန်းပစ္စည်းတွေကတော့ ကုန်ခြောက်ပစ္စည်း၊ ဆန်၊ ဆီ၊ အသင့်စား ခေါက်ဆွဲခြောက်၊  မုန့်၊  ငါးသေတ္တာ၊ ငါးပိထောင်း၊ ငါးခြောက်ကြော်၊ လက်ဖက်၊ အမျိုးသား၊ အမျိုးသမီး၊ ကလေးအဝတ်အထည်၊ အမျိုးသမီး အသုံးအဆောင်ပစ္စည်း၊ ဆေးပစ္စည်းတွေဖြစ်ပါတယ်။ သဘာဝဘေးကြုံတဲ့အခါ ပြည်သူကနေ ပြည်သူကို ကူညီထောက်ပံ့တာမျိုး ဖြစ်ပါတယ်။ လှူဒါန်းပစ္စည်းတွေ ထပ်မံရရှိတဲ့အခါမှာလည်း လာရောက်လှူဒါန်းသွားဦးမှာ ဖြစ်ပါတယ်။ အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူတွေကို လှူဒါန်းရတဲ့အတွက် အလှူရှင်တွေလည်း ကုသိုလ်ရသလို ကျွန်တော်တို့ကလည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ အများပြည်သူတွေရဲ့အခက်အခဲ အဆင်ပြေသွားတယ်ဆိုရင် ကျွန်တော်တို့လည်း ပင်ပန်းရကျိုးနပ်ပါတယ်။

မမေဇင် ၊ တုသိတာလူမှုကူညီရေးအသင်း၊ ပြင်ဦးလွင်မြို့

     ကျွန်မတို့အသင်းက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁၇)ကဖြစ်ပါတယ်။ ရေကြီး ရေလျှံမှုခံစားရတဲ့ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်ဘက်က လိုအပ်နေတဲ့သူတွေဆီကို သွားရောက်လှူဒါန်းပြီး ပြန်လာတာ ဖြစ်ပါတယ်။ လှူဒါန်းပစ္စည်းကတော့ အဝတ်အထည်၊ ဆေးဝါး၊ စားသောက်ကုန်နဲ့အလှူငွေတွေ သွားရောက် လှူဒါန်းတာဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းချင်တဲ့ ပြည်သူတွေရဲ့ကိုယ်စား လှူဒါန်းပေးတာဖြစ်ပါတယ်။  အခုလို  သွားရောက် လှူဒါန်းတဲ့အခါ တစ်ခုတွေ့မြင်ခဲ့တာက အသင်းအဖွဲ့တွေအတွက် လိုအပ်ချက်ဖြစ်ပါတယ်။ အသင်းအဖွဲ့တွေဆီ ပြည်သူတွေကစုပေါင်းပြီး တစ်ဆင့်လှူဒါန်းတာ ရှိပါတယ်။ ပြည်သူတွေဆီ လှူဒါန်းတာဖြစ်တဲ့အတွက် လှူဒါန်းတဲ့ပစ္စည်း၊ ငွေကြေးက ပြည်သူတွေဆီပဲ ပေးအပ်လှူဒါန်းကြရပါတယ်။ သွားရောက်လှူဒါန်းပေးတဲ့ အသင်းအဖွဲ့အစည်းတွေ၊ ကူညီကယ်ဆယ်ရေး အဖွဲ့တွေအတွက် အစားအစာနဲ့ သွားလာစရိတ် အခက်အခဲဖြစ်နေတာ တွေ့ရပါတယ်။ အဲ့ဒါကြောင့် လှူဒါန်းတဲ့အခါ အသင်းအဖွဲ့အစည်းတွေ အတွက် ခရီးသွားစရိတ်နဲ့ အစားအစာအတွက်ပါ လှူဒါန်းပေးကြဖို့ အကြံပြုလိုပါတယ်။

    လှူဒါန်းမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက အစာအဆိပ်သင့်မှု မဖြစ်စေရေး၊ သန့်ရှင်းလတ်ဆတ်သော အစားအစာများ ဖြစ်စေရေး၊ လိုအပ်သည့် ပြည်သူများထံသို့ လက်ဝယ်ရောက်ရှိစေရေး ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

Dates: 
Friday, September 20, 2024 - 05:28