ရေလွှမ်းမိုးမှု လျော့ပါးသက်သာစေဖို့ ကြိုတင် ကာကွယ်ကြပါစို့
ရေကြီးခြင်းသည် ကမ္ဘာတစ်ဝန်းတွင် အဖြစ်အများဆုံးနှင့် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်များထဲမှ တစ်ခုဖြစ်ပြီး နှစ်စဉ် လူသန်းပေါင်းများစွာကို ထိခိုက်စေသည်။ ရေလွှမ်းမိုးခြင်းသည် လူနေမှုဘဝများကို အနှောင့်အယှက်ဖြစ်စေပြီး လူမှုအသိုင်းအဝိုင်းများကို ပျက်ပြားစေကာ စီးပွားရေးအရ သိသိသာသာ ဆုံးရှုံးမှုဖြစ်စေနိုင်သည့် ကြောက်မက်ဖွယ် သဘာဝဘေး အန္တရာယ်တစ်ခုဖြစ်သည်။ ရေလွှမ်းမိုးခြင်းသည် သဘာဝ သို့မဟုတ် လူတို့ကြောင့်ဖြစ်ပေါ်လာသော အန္တရာယ်တစ်ခုဖြစ်သည်။ ရေကြီးရခြင်း အကြောင်းရင်းအမျိုးမျိုးရှိသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်း
ရေကြီးခြင်း၏ အကြောင်းရင်းတချို့မှာ အချိန်ကြာမြင့်စွာ သို့မဟုတ် ပြင်းထန်သော မိုးရွာသွန်းမှုဖြစ်သည်။ ပြင်းထန်သော မိုးရွာသွန်းမှုသည် မြစ်၊ ချောင်းရေလျှံမှုများကို ဖြစ်ပေါ်စေပြီး မြေပြိုခြင်း၊ လူနေဧရိယာများသို့ ရေလွှမ်းခြင်းများ ဖြစ်ပေါ်စေသည်။ မြစ်ချောင်းရေလျှံခြင်းသည် မြို့ပြ၊ ကျေးရွာဒေသများကို ထိခိုက်စေနိုင်ပြီး သိသိသာသာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေနိုင်သည်။
ကမ်းရိုးတန်းရေကြီးရေလျှံခြင်း
ကမ်းရိုးတန်းဒေသများသည် မုန်တိုင်းဒီရေတက်ခြင်း၊ ဒီရေတက်ခြင်းနှင့် ဆူနာမီလှိုင်းများမှ ရေလွှမ်းမိုးခြင်း အန္တရာယ်နှင့် ရင်ဆိုင်ရသည်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းသည် တစ်နှစ်ထက်တစ်နှစ် ကမ်းရိုးတန်း ရေလွှမ်းမိုးမှု အကြိမ်ရေနှင့် ပြင်းထန်မှုကို တိုးမြင့်လာစေသည်။
ရုတ်တရက်ရေကြီးခြင်း
ရုတ်တရက် ပြင်းထန်သော မိုးရွာသွန်းမှုကြောင့် ရေပမာဏများ လျင်မြန်စွာနှင့် တိုးမြင့်လာသည့်အခါ ရုတ်တရက်ရေကြီးခြင်းကို ဖြစ်ပေါ်စေသည်။ ရုတ်တရက်ရေကြီးမှုများသည် သတိပေးချက် အနည်းငယ်သာရှိနိုင်ပြီး ပျက်စီးဆုံးရှုံးမှု များစေသည်။
ရေခဲမြစ်များနှင့် ရေကာတာများ၊ ဆည်များကြောင့်ရေကြီးခြင်း
မြစ်များတွင် ရေခဲများ စုပုံခြင်းသည် ရေစီးဆင်းမှုကို ပိတ်ဆို့နိုင်ပြီး ဒေသအလိုက် ရေလွှမ်းမိုးမှုကို ဖြစ်စေသည်။ ရေကာတာများ၊ ဆည်များအတွင်းသို့ လိုအပ်သည်ထက်ပိုမိုသော ရေပမာဏ ရောက်ရှိပါက ရေပိုလွှဲမှတစ်ဆင့် ရေများကို ထုတ်ပေးရသောကြောင့် ရေလွှမ်းမိုးမှုကို ဖြစ်ပေါ်စေသော်လည်း ကြိုတင်သိရှိရသောကြောင့် ဆုံးရှံးမှုကို လျှော့ချနိုင်သည်။
ရေလွှမ်းမိုးခြင်း၏ သက်ရောက်မှုများ
ရေလွှမ်းမိုးမှုများသည် လူမှုအသိုင်းအဝိုင်း၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် အပေါ် ကျယ်ပြန့်စွာ သက်ရောက်မှုရှိသည်။ နေအိမ်များ၊ လုပ်ငန်းများနှင့် အခြေခံအဆောက်အဦများသည် ရေလွှမ်းမိုးမှုကြောင့် ပြင်းထန်စွာ ပျက်စီးနိုင်သည်။ ပြုပြင်ခြင်းနှင့် ပြန်လည် တည်ဆောက်ခြင်းအတွက် ကုန်ကျစရိတ်များပြားပြီး ထိခိုက်ခံရသူ တစ်ဦးချင်းစီနှင့် လူမှုအသိုက်အဝန်းအပေါ် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကို ဖြစ်ပေါ်စေသည်။ ရေလွှမ်းမိုးမှုများသည် စီးပွားရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေကာ ဝင်ငွေဆုံးရှုံးခြင်း၊ အာမခံလျော်ကြေးများ တိုးမြင့်လာခြင်းနှင့် အရေးပေါ်တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်မှုအတွက် ကုန်ကျစရိတ်များ ဖြစ်ပေါ်စေသည်။ စီးပွားရေး လုပ်ငန်းများသည် ရေရှည်လုပ်ငန်း လည်ပတ်မှုဆိုင်ရာ ဘေးထွက်ဆိုးကျိုး သက်ရောက်မှုများကို ကြုံတွေ့ရနိုင်သည်။
ရေလွှမ်းမိုးမှုများသည် မြေဆီလွှာ တိုက်စားခြင်း၊ သဘာဝအလျောက် နေထိုင်ရာများကို ဖျက်ဆီးခြင်းနှင့် ရေအရင်းအမြစ်များကို ညစ်ညမ်းစေနိုင်သည်။ဂေဟစနစ်ဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်များကြောင့် ဒေသန္တရတိရစ္ဆာန်များနှင့် ဂေဟစနစ်ကို ကြာရှည်စွာထိခိုက်စေနိုင်သည်။ထို့ပြင် ရေကြီးခြင်းသည် ရေနစ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်း ကဲ့သို့သော တိုက်ရိုက်အန္တရာယ်များ ဖြစ်စေသည်။ မသန့်ရှင်းသောရေ၊ စိတ်ဖိစီးမှုနှင့် နေအိမ်များမှ ရွှေ့ပြောင်းခြင်းမှ ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေသည်။
ကြိုတင်ကာကွယ်မှုဖြင့် ရေဘေးအန္တရာယ် လျော့ပါးစေခြင်း
ရေကြီးမှုအန္တရာယ်ကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရာတွင် ကြိုတင်ကာကွယ်မှု၊ ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်မှု အစီအမံများ ပေါင်းစပ်လုပ်ဆောင်ရပါမည်။ ရေလွှမ်းမိုးမှု ခံရသော ဒေသများတွင် ရေကြီးခြင်းကို ကာကွယ်နိုင်မည့် အဆောက်အအုံများကို ဆောက်လုပ်ခြင်းဖြင့် ရေကြီးခြင်း အန္တရာယ်ကိုလျှော့ချနိုင်သည်။ ထို့ပြင် စိမ်းလန်းသော အခြေခံအဆောက်အဦများ၊ စိုစွတ်သောမြေများနှင့် ရေလွှမ်း လွင်ပြင်များကဲ့သို့သော စိမ်းလန်းသော အခြေခံအဆောက်အဦများကို မြှင့်တင်ခြင်းဖြင့် ပိုလျှံနေသောရေများကို စုပ်ယူနိုင်ပြီး ရေလွှမ်းမိုးမှုကို လျော့ပါး သက်သာစေနိုင်သည်။ရေကြီးခြင်းမှ ကာကွယ်ရာတွင် ကမ်းပါးများ၊ ရေလွှမ်းမိုးခံနံရံများနှင့် ရေလွှမ်းမိုးမှု တံခါးများကဲ့သို့ အကာအကွယ်များ တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်းသည် ရေဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည်။ ၎င်းအကာအကွယ်များကိုလည်း ပုံမှန်စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို အမြဲတမ်း ဆောင်ရွက်ရမည်ဖြစ်သည်။ မိုးလေဝသခန့်မှန်းချက်နှင့် ရေကြီးရေလျှံမှု ခန့်မှန်းရေးစနစ်များသည် အချိန်မီ သတိပေးချက်များကို ဆောင်ရွက်နိုင်ပြီး လိုအပ်ပါက ရပ်ရွာများကို ကြိုတင်ပြင်ဆင်ကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်စေပါသည်။ ရေဘေးအန္တရာယ်နှင့် အရေးပေါ် လုပ်ငန်းစဉ်များအကြောင်း လူထုအား ပညာပေးခြင်းသည်လည်း အရေးကြီးပါသည်။ ရာသီဥတုပြောင်းလဲမှု၏ အရင်းခံအကြောင်းတရားများကို ဖြေရှင်းခြင်းနှင့် ပြောင်းလဲလာသော ရာသီဥတုပုံစံများကို ရင်ဆိုင်ရန်အတွက် အခြေခံ အဆောက်အဦများနှင့် ရေဘေးတုံ့ပြန်ရေး လေ့ကျင့်မှုများကို ကြိုတင်လေ့ကျင့် လုပ်ဆောင်ခြင်းသည် ရေလွှမ်းမိုးမှု အန္တရာယ်စီမံခန့်ခွဲမှု အတွက် မရှိမဖြစ် လိုအပ်ပါသည်။
မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး ဆောင်ရွက်ချက်များ
ရာသီဥတုဖောက်ပြန် ပြောင်းလဲခြင်း၊ သဘာဝပတ်ဝန်းကျင်များ ပျက်စီးယိုယွင်းခြင်းနှင့် မြေမျက်နှာသွင်ပြင် အနေအထားတို့အရ မိမိတို့နိုင်ငံသည် သဘာဝဘေး အန္တရာယ်ခံရနိုင်ခြေမြင့်မားသည့် နိုင်ငံများတွင် ပါဝင်နေပါသည်။ မုန်တိုင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် နှစ်စဉ်ဆိုသလို ရေကြီးရေလျှံမှုများနှင့် မြေပြိုတောင်ပြိုမှုများကို မြန်မာနိုင်ငံဒေသ အများအပြားတွင် ကြုံတွေ့ရသည်။
မြန်မာနိုင်ငံသည် ကိုမန်၊ မာလာ၊ ဂီရိနှင့် နာဂစ်စသည့် မုန်တိုင်းအန္တရာယ်များကို တွေ့ကြုံခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းသည် အပြင်းထန်ဆုံးဖြစ်ခဲ့ကာ ပြည်သူပေါင်း တစ်သိန်းသုံးသောင်းကျော် အသက်ဆုံးရှုံးခဲ့ရသည်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉ ဘီလီယံကျော် ခဲ့ရပါသည်။ ၂၀၂၃ ခုနှစ် မေလတွင်လည်း အလွန့်အလွန် အားကောင်းသော မိုခါ(MOCHA)မုန်တိုင်းကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။
မိုခါမုန်တိုင်းသတင်းကို သိရှိရသဖြင့် မေလ ၆ ရက်နေ့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့မှ သတင်းများ ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် သက်ဆိုင်ရာဌာန အသီးသီးတို့မှ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ အသင့်ပြင်ဆင်မှုများအား မုန်တိုင်းမဖြစ်ပေါ်မီ ၉ ရက် ကြိုတင်၍ စနစ်တကျအသေးစိတ် စီစဉ်ခဲ့သည်။ မေလ ၆ ရက်နေ့မှစ၍ မုန်တိုင်းသတင်းကို ရုပ်မြင်သံကြားများမှ နေ့စဉ်ဖော်ပြခဲ့သလို မုန်တိုင်း နီးကပ်လာသည့် မေလ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်တို့တွင် သတိပေးချက်များကို ဆက်တိုက်ထုတ်ပြန်ခဲ့ပြီး မေလ ၁၁ ရက်၌ မုန်တိုင်းဒီရေ အထူးသတိပေးချက် ထုတ်ပြန်ခဲ့ပြီး ရေလွှမ်းမိုးနိုင်မည့် နေရာများအား တိကျစွာဖော်ပြပေးခဲ့သည်။ ပြည်သူများအား နိုင်ငံတော်အစိုးရနှင့် တပ်မတော်ကယ်ဆယ်ရေး တပ်ဖွဲ့များမှ ကူညီဆောင်ရွက်ပေးသောကြောင့် အချိန်မီ ရွှေ့ပြောင်းပေးနိုင်သဖြင့် မုန်တိုင်းတိုက်ခတ်မှု ခံခဲ့ရချိန်တွင် မတော်တဆမှုကြောင့်သာ အနည်းငယ် အသက်သေဆုံးခဲ့ရပါသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း တောင်တရုတ် ပင်လယ်ပြင်၌ ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂိ၏ အရှိန်ဖြင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ နေရာအနှံ့အပြား မိုးအဆက်မပြတ် ရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်အချို့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တို့မှ မြို့နယ်အချို့တို့တွင် ရုတ်တရက်ရေကြီး ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်းကို နိုင်ငံတော်အကြီးအကဲမှ အချိန်နှင့်တစ်ပြေးညီ လိုက်လံကြည့်ရှု စစ်ဆေးပြီး ကယ်ဆယ်ရေး လုပ်ငန်းများ၊ တံတားလမ်းများ ပြုပြင်ခြင်းလုပ်ငန်းများ စသည်တို့ကို အမြန်ဆုံးဆောင်ရွက်ရန် လမ်းညွှန်မှုပေးခဲ့ပါသည်။ အဆိုပါရေကြီးရေလျှံခြင်းကို နိုင်ငံတော်အစိုးရ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့်အတူ မြန်မာနိုင်ငံအနှံ့ရှိ အလွှာအသီးသီးမှ လူတန်းစား အမျိုးမျိုးကလည်း ပူးပေါင်းပါဝင်ကူညီခဲ့ကြသည်။
ရေကြီးရေလျှံမှုများကို ကြံ့ကြံ့ခံနိုင်ရန်အတွက် လမ်းတံတားများ တည်ဆောက်ရာတွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးကိုပါ ထည့်သွင်းတွက်ချက် တည်ဆောက်ခြင်း၊ ရေလွတ်နိုင်သည့် ခြေတံရှည်အိမ်အမြင့်များ တည်ဆောက်ခြင်း၊ မြို့ရွာအတွင်း ရေစီးရေလာကောင်းအောင် ဆောင်ရွက်ခြင်း၊ မြို့ရွာများတွင် ရေဘေးကာကွယ်ရေး တာတမံများ တည်ဆောက်ခြင်း၊ ခိုင်ခံ့အောင်မြှင့်တင်ခြင်း စသည့်ရေရှည်အစီအမံများ ဆောင်ရွက်ခြင်းဖြင့် နှစ်စဉ်ကြုံတွေ့ကြရဖွယ်ရှိသော ရေကြီးရေလျှံရေလွှမ်းမိုးမှု အန္တရာယ်ကို ရင်ဆိုင်ကျော်လွှား ကြရပါမည်ဖြစ်ပါသည်။
နှစ်စဉ်လိုလိုကြုံတွေ့ရသည့် ရေဘေးကြောင့် လမ်းတံတားများ၊ လယ်ယာမြေများ၊ လူနေအိမ်ခြေယာခြေများ အပါအဝင် ထိခိုက်ဆုံးရှုံးရသည့် ပမာဏမှာ လွန်စွာကြီးမားသဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ရှေ့သို့တက်လှမ်းရမည့်အစား ပြန်လည်ထူထောင်ရေး၊ ပြန်လည် တည်ဆောက်ရေးတို့ကို မဖြစ်မနေ ဆောင်ရွက်ရခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုတို့ တန့်သွားရသည်။ ထို့ကြောင့် ရေလွှမ်းမိုးမှု အန္တရာယ်ကို နားလည်သဘောပေါက်ပြီး ကြိုတင်ကာကွယ်ရေး အစီအမံများ လုပ်ဆောင်ပါက ရေလွှမ်းမိုးမှု၏ သက်ရောက်မှုများကို လျော့ပါးသက်သာစေပြီး အသက်၊ ပိုင်ဆိုင်မှုနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နိုင်ပါကြောင်းကို ရေးသား လိုက်ရပါသည်။ ။