၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၀
၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏပိုက်ကျော်ခြင်းရုံ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဧည့်သည်တော်များက သင်္ဃန်းကျွန်းခရိုင်နှင့် မင်္ဂလာဒုံခရိုင်အသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးသည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အမျိုးသား၊ အမျိုးသမီးနှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိကြသည့် အသင်းများအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အမျိုးသား၊ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိကြသည့် အသင်းများအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
၂ဝ၂၄ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အားကစား ပွဲတော် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို စက်တင်ဘာလ ၁၅ ရက်မှ ၂၀ ရက်အထိကျင်းပခဲ့ရာ ခရိုင် ၁၄ ခရိုင်မှ အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲဝင်အသင်း ၂၈ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။