လောကဓံကိုရင်ဆိုင်မည့် စိတ်ဓာတ်ခွန်အား

 

လောကဓံကိုရင်ဆိုင်မည့် စိတ်ဓာတ်ခွန်အား

 

    နေ့စဉ်ဘဝတွင်  ရှုပ်ထွေးသောလောကဓံ၏ ရိုက်ပုတ်မှုဒဏ်ကို အနည်းနှင့်အများ ခံစားကြရပေသည်။ အများအားဖြင့် စိတ်ဓာတ်တောင့်တင်းအောင်၊ ခံနိုင်ရည်ရှိအောင် ကြိုးစားနေထိုင်ကြသည်။ တစ်ဦးနှင့်တစ်ဦး၊  အဖွဲ့တစ်ဖွဲ့နှင့်တစ်ဖွဲ့ အလုပ်ဖိအား၊  အလုပ်တာဝန် ထမ်းဆောင်ကြရာတွင် စိတ်ခံစားချက် ကောင်းမွန်မှုသည် လွန်စွာအရေးပါလှသည်။ အလုပ်၏ ရည်ရွယ်ချက် ပြီးမြောက်မှုကို လိုလားသူနှင့် လိုက်ပါဆောင်ရွက်သူကြားတွင်   အနည်းငယ်မျှ   ကွာဟချက်ရှိသည်။ လူအများစုသည်  စိတ်မြန်ကိုယ်မြန်ရှိသည်။

စိတ်နောက်ကိုယ်ပါ လုပ်ဆောင်နိုင်ရေး ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသရွေ့ ကြိုးစားလုံ့လပြုကြရသည်။

အလုပ်ဖိအားကြောင့် စိတ်ဓာတ်ခွန်အား ကျဆင်းသူသည် လုံ့လ၊ ဝီရိယပါ ကျဆင်းလာသည်ကိုတွေ့ ရှိရသည်။

စိတ်ဓာတ်မကျအောင်  မည်သို့နေထိုင်သွားမည်နည်း။ နည်းလမ်းပေါင်းစုံ၊  စာအုပ်ပေါင်းစုံ၊ အတွေးပေါင်းစုံအောင်  ရှာဖွေလေ့လာကြသည်။ အကောင်းဆုံး နည်းလမ်းအတိုင်း ကျင့်ကြံနေထိုင်ကြသည်။ စိတ်သည် လှုပ်ရှားပြေးလွှားပြီး ဟိုရောက်၊ ဒီရောက်နေလေ့ရှိပေသည်။ စိတ်ပျံ့လွင့်မှု အားကြီးသဖြင့် စိတ်ခွန်အားလျော့ကျစေသည်။ စိတ်အလိုမကျမှုများဖြင့် စဉ်းစားတွေးခေါ်နိုင်စွမ်း လျော့ကျလာမှုကို သတိထားရမည်။ မှန်ကန်သော အဖြေထွက်ရှိရေး စိတ်မြန်နေသည့်တိုင် ခေါင်းအေးအေးဖြင့် စဉ်းစားကြရသည်။  စိတ်တည်ငြိမ်အောင်ကြိုးစား လုပ်ဆောင်နိုင်မှသာ ထွက်ပေါက်ကို တွေ့ရှိရမည်ဖြစ်သည်။ စိတ်မတည်ငြိမ်မှုနှင့် စိတ်အလိုမကျမှုသိရှိလျှင် အကောင်းဆုံး အဖြေတစ်ခု တွက်ချက်နိုင်မည်ဖြစ်သည်။

စိတ်ခွန်အားတိုးပွားစေရန် စိတ်ခွန်အားဖြစ်စေသည့် စာအုပ်စာပေဖတ်ရှုမှုနှင့် စိတ်ကိုကောင်းစွာ အနားပေးရန်လိုသည်။ အေးချမ်းတိတ်ဆိတ်သည့် နေရာဖြစ်သည့် ဘုရား၊ ကျောင်းကန်များတွင် စိတ်၏ လှုပ်ရှားမှုကို သိရှိနိုင်သည့် သမထပွားမှု၊ ပုတီးစိပ်မှုပြုလုပ်နိုင်ပေသည်။   စိတ်တည်ငြိမ်မှုရရှိသည့် အလျောက်ခက်ခဲသော   အခြေအနေများသည် လွယ်ကူစွာ လုပ်ဆောင်နိုင်သည့် သဘောကိုဆောင်လာသည်။    စိတ်တင်းကျပ်မှု လျော့ပါးလာပြီး သက်သောင့်သက်သာရှိလာသည်။  စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းများ သိသိသာသာ လျော့ပါးလာခြင်းကြောင့် စိတ်သည်လည်း လွတ်လပ်ပေါ့ပါးလာသည်။ လောကဓံကို အကောင်းဆုံး ရင်ဆိုင်မည့် စိတ်ကူးစိတ်သန်းများ၊ ပြတ်သားသော ဆုံးဖြတ်ချက်များ ရရှိလာသည်။

စိတ်ထွက်ပေါက်ပိတ်သူသည် သေသည်နှင့်မခြား  ဘဝကိုပစ်ပယ်ထားမှုဖြစ်သည်။  စိတ်သဘာဝသည် လွန်စွာဆန်းကြယ်ပေသည်။ စိတ်ကျေနပ်မှုရရှိလျှင် အခိုက်အတန့် ပျော်ရွှင်စေသည်။ စိတ်မကျေနပ်လျှင် အခိုက်အတန့် စိတ်ဆင်းရဲစေသည်။ ပျော်ရွှင်သောစိတ်ကို ကြာရှည်အောင် မထိန်းသိမ်းနိုင်သော်လည်း စိတ်ဆင်းရဲမှုသည် တာရှည်သည်။ နာတာရှည်ရောဂါသဖွယ် ကိုယ်ခန္ဓာကိုဒုက္ခပေးနိုင်သည်။ သို့ဖြစ်၍ အကောင်းမြင်စိတ်သည် လိုအပ်ပေသည်။ တစ်ဦးနှင့်တစ်ဦး အကောင်းမြင်စိတ်ထားရန် မလွယ်ကူသော်လည်း တဖြည်းဖြည်း လေ့ကျင့်ရမည်ဖြစ်သည်။ အကောင်းမြင်စိတ်သည် လူ့ပတ်ဝန်းကျင်တစ်ခုလုံးကို အသွင် ပြောင်းစေနိုင်သည်။  တစ်ပါးသူ၏  အပြစ်ကိုရှာဖွေခြင်းထက်  မိမိအပြစ်ကို  ဆင်ခြင်လျက် စိတ်သက်သာရာရစေနိုင်သည်။    မိမိကိုယ်ကိုဆန်းစစ်အဖြေရှာလျက် ပြုပြင်ဆောင်ရွက်မှုသည် နောင်တဟူသော   စိတ်ပူပန်မှုကို  မဖြစ်စေနိုင်ပေ။

လူတိုင်း စိတ်ခွန်အား လျော့ကျချိန်ရှိပေသည်။ စိတ်ခွန်အားလျော့ကျချိန်၊ စိတ်ရှုပ်ထွေးချိန်များတွင်   ကြုံတွေ့ရင်ဆိုင်နေရသည့် လောကဓံကို ဖြေရှင်းတုံ့ပြန်ရန် အားနည်းလေ့ရှိပေသည်။ စိတ်ရှုပ်စရာ အခြေအနေများကို    ကျော်လွှားနိုင်ရန် စိတ်ညစ်ရသည့် အကြောင်းအရာကိုရှာဖွေလျက် တစ်ခုချင်းဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်သည်။

အဆိုပါ လုပ်ဆောင်ချက်သည် စိတ်ဓာတ်ကို ဦးမော့လာစေသည်။ စဉ်းစားတွေးခေါ်မှုသည် ဉာဏ်ပညာကိုဖြစ်စေပြီး အမှားအယွင်းနည်းစေသည်။ ဉာဏ်ပညာသည် အတွေးလွန်မှုကို အားမပေးပေ။ အတွေးလွန်မှုသည်     တွန့်ဆုတ်မှုဖြစ်စေသည်။ တွန့်ဆုတ်မှုမှတစ်ဆင့် စိုးထိတ်မှုဖြစ်စေနိုင်သဖြင့် အတွေးအာရုံမှ ရုန်းထွက်နိုင်အောင်ကြိုးစားရပေမည်။ လုပ်သင့်သည့်အလုပ်ကို အချိန်ဆွဲဆောင်ရွက်ခြင်းသည် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။ လျစ်လျူရှုစရာ ကိစ္စများကို  ခေါင်းထဲမှဖယ်ထုတ်၍ လုပ်သင့်သည့် ဦးစားပေးအလုပ်ကို   ပြတ်သားစွာ လုပ်ဆောင်ရမည်ဖြစ်သည်။

လူသည် ရဲရင့်သည်။ ဉာဏ်ပညာရှိပြီး အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်သူဖြစ်သည်။

အတွေ့အကြုံသည်ဘဝ သင်ခန်းစာကောင်းသဖွယ်ဖြစ်သည်။ နေ့သစ်တိုင်းအတွက် ကြိုတင်ပြင်ဆင်ခြင်း၊    သတိပြုခြင်းများကို ဖြစ်စေနိုင်သည်။

လူတိုင်း ဘဝရည်မှန်းချက် ကိုယ်စီရှိကြပေသည်။ ရည်မှန်းချက်ကြောင့် အောင်မြင်မှုရသူများရှိသည်။ အောင်မြင်သင့်သလောက် မအောင်မြင်ကြသူများလည်း ရှိသည်။ အထွတ်အထိပ်ရောက် အောင်မြင်သူများသည် မဆုတ်မနစ်ကြိုးစားခဲ့သော စိတ်ဓာတ်ခွန်အားကြောင့် ဘဝရည်မှန်းချက် ပြည့်ဝခြင်းဖြစ်သည်။

အောင်မြင်သူတိုင်း၏  ဘဝနေ့ရက်များသည် အချိန်ကိုက်ဆောင်ရွက်ရမည့် အလုပ်များနှင့်ပြည့်နှက်နေလေ့ရှိသည်။

ပြတ်သားသော ဆုံးဖြတ်ချက် ချမှတ်နိုင်မှုနောက်ကွယ်တွင် စိတ်ဓာတ်ခွန်အားများစွာ ပါရှိနေသည်။ အားကိုးရှာသော စိတ်ဓာတ်မျိုးမဟုတ်ဘဲ လှေခွက်ချည်းကျန် အလံမလှဲသည့်  စိတ်ဓာတ်သာဖြစ်သည်။ ဘုရားအလောင်း မဟာဇနက မင်းသားသည် ပင်လယ်ပြင်တွင်   ရဲဝံ့စွာ   ဖြတ်သန်းရဲသော စိတ်ဓာတ်ခွန်အားရှိသည်။ ယောကျ်ားတို့လုံ့လသေခါမှ လျှော့မည့်စိတ်ဓာတ်ခွန်အားဖြစ်သည်။ 

တွေဝေခြင်းသည် သေခြင်းနှင့်မခြားရှိပေသည်။ မြန်မာ့သမိုင်းတွင်   နယ်ချဲ့အင်္ဂလိပ် ကျူးကျော်စစ် ခေါင်းငုံ့ခံ တွေဝေခဲ့လျှင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင် နိုင်ငံဘဝမှ  ဝေးရမည်ဖြစ်သည်။  အရေးဟူသမျှ ကဏ္ဍခွဲခြား မဆောင်ရွက်လျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီး နောက်ကျကျန်မည်ဖြစ်သည်။

ရဲရင့်ပြတ်သားသောစိတ်ဖြင့် ဘဝကို ထူထောင်ကြပေသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်လျှင် မဆုတ်မနစ်ကြိုးစား ဆောင်ရွက်လိုစိတ်ကြောင့် ဖြစ်ရသည်ကို မည်သူမျှမငြင်းနိုင်ပေ။ တစ်ဦးချင်းစိတ်ဓာတ်မှ အစပြု၍ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အကောင်းဆုံးကြိုးစား ဆောင်ရွက်လိုစိတ် ထားရမည်ဖြစ်သည်။   အလုပ်တစ်ခုသည် မစတင်ခင် လွန်စွာခက်ခဲသည်။  တတ်ကျွမ်းလျှင် လွန်စွာလွယ်ကူသည်။ ရဲရင့်စွာ ကြိုးစားဆောင်ရွက်မှသာ အရာရာ အောင်မြင်မှုရရှိနိုင်သည်။  မရဲရင့်မှုသည် အောင်မြင်မှုနှင့်  ဝေးကွာစေသည်။ အောင်စိတ်နှင့်ကင်းကွာနေသော  အတွေးဆိုးကို ဖယ်ဖျောက်နိုင်မှသာ   စိတ်ဓာတ်ခွန်အား တိုးတက်မည်ဖြစ်သည်။

အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချရာတွင် စိတ်ပိုင်းဖြတ်မှုသည် အရေးကြီးသည်။ အခွင့်အရေးဟူသမျှ လက်လွှတ်ရမှုသည် အတွေးဆိုးကြောင့် ဖြစ်ပေသည်။ အတွေးဇဝေဇဝါဖြစ်မှုက စိတ်ဓာတ်တက်ကြွမှုကို  ဖျက်ဆီးသည်။  လုပ်ငန်းခွင်ကို ချစ်မြတ်နိုးရပေမည်။ လက်တွေ့ကျကျ အောင်မြင်မှုရအောင် ကြိုးစားဆောင်ရွက်လိုစိတ်ကို မြှင့်တင်ကြရမည်ဖြစ်သည်။ လက်မှိုင်ချစိတ်သည် အခွင့်အရေးဆုံးရှုံးရန် လမ်းစဖြစ်ပြီး အဆိုးဝါးဆုံးစိတ်ဓာတ် ဖြစ်သည်။ အောင်မြင်မှုလမ်းခုလတ်တွင် ကျရှုံးစေမည့် အတွေးဆိုးဖြစ်သဖြင့် လက်သင့်မခံသင့်ပါပေ။

မပြိုင်ခင်က အရှုံးမပေးသင့်ပေ။ စစ်မရောက်ခင် မြားကုန်သည့်အရေးမဖြစ်အောင် ကြိုတင်ပြင်ဆင်မှုသည် ရဲဝံ့သော ဘဝနေထိုင်မှုပုံစံဖြစ်ပေသည်။

လူတိုင်း ဘက်ပေါင်းစုံမှ  ထိုးနှက်လာသည့် လောကဓံကို  မလွဲမသွေ  ရင်ဆိုင်ကြရမည်ဖြစ်သည်။ ပြိုလဲသူ အရှုံးဖြစ်သည်။ လောကဓံ၏ အထုအထောင်းကို   တွန်းလှန်တိုက်ထုတ်နိုင်သရွေ့ အမြင့်ဆုံးစိတ်ဓာတ်ခွန်အားဖြင့် တိုက်ထုတ်ရမည်ဖြစ်သည်။  ဘဝသမိုင်း မရိုင်းစေရန်  လောကဓံကို အကောင်းဆုံးအနိုင်ယူနိုင်မည့် နည်းလမ်းများကို ရှာဖွေရမည်ဖြစ်သည်။ ရာခိုင်နှုန်းပြည့် အောင်မြင်လိုလျှင် ရာခိုင်နှုန်းပြည့် ကြိုးစားရမည်ဖြစ်သည်။ ပြိုင်ပွဲဟူသမျှ အရှုံးနှင့်စလျှင် စိတ်ဓာတ်ကျစရာ အခက်အခဲများနှင့်သာ ရင်ဆိုင်ရမည်ဖြစ်သောကြောင့် ပြိုင်ပွဲသည် အနိုင်နွှဲစရာ လက်တစ်ကမ်းက အခွင့်အလမ်းဖြစ်သည်ဟု နှလုံးသွင်းလျှင် အောင်စိတ်ဖြင့်  စိတ်ဓာတ် တက်ကြွစေနိုင်မည်ဖြစ်ကြောင်း အတွေးအမြင်ဖြင့် ရေးသား တင်ပြလိုက်ရပါသည်။   ။