ကြိုဆိုပါသည် သားကောင်းဇာနည်
ကွန်ပျူတာကိုဖွင့်လျက် စာရေးသူ ည ၈ နာရီ သတင်းနားစွင့်နေမိသည်။ ည ၈ နာရီတိုင်း သတင်းနားထောင်လေ့ရှိသည်ကား စာရေးသူ၏အကျင့် သို့မဟုတ် မိမိဘာသာပြဋ္ဌာန်းထားသော တာဝန်တစ်ခုပင်တည်း။ ကွန်ပျူတာကိုဖွင့်ရခြင်း အကြောင်းရင်းကား အထက်ဌာနမှ ပေးအပ်လာသည့်တာဝန်တစ်ခုကို ထမ်းဆောင်ရန် စာစီစာရိုက်ဖို့ဖွင့်ခြင်းပင် ဖြစ်ပါ၏။ ထိုအချိန် သတင်းနားထောင်စဉ် ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်သော သင်တန်းသားများဆီမှ နိုင်ငံတော်ကာကွယ်ရေး၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရေးတို့နှင့် ပတ်သက်၍ ခံယူချက်များအကြောင်း ပြောကြားကြသည့် ရင်ဖွင့်သံ အသီးသီးကိုနားဆင်မိရာမှ လုပ်လက်စအလုပ်ကိုရပ်လျက် ဤစာစုကိုရေးဖြစ်ခဲ့ပါသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲတွင် နုပျိုသစ်လွင်သော သင်တန်းသားများ၏ရင်ဖွင့်သံများကိုကြားရသည့်အခိုက် စာရေးသူ၏အတိတ်ကာလကို သတိရမိလိုက်သည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခု၊ တိတိကျကျဆိုရလျှင် ၂၀၀၄ ခုနှစ်တွင် စာရေးသူသည်လည်း တပ်မတော်အရိပ်သို့ ဝင်ရောက်ခိုလှုံခဲ့သည်။ ထိုစဉ်က စာရေးသူ၏ဖခင်ဖြစ်သူက စာရေးသူအား ဥပဒေဘွဲ့ယူကာ ရှေ့နေတစ်ဦး ဖြစ်စေလိုခဲ့သည်။ ဦးလေးဖြစ်သူကလည်း စာရေးသူကို ရိုးရိုးဘွဲ့တစ်ခုဖြင့် စစ်သားမဟုတ်သော နိုင်ငံ့ဝန်ထမ်းတစ်ဦးလုပ်ဖို့ အကြံပေးခဲ့သည်။ သို့သော် ဖခင်ဖြစ်သူ၏ဆန္ဒနှင့် ဦးလေးတို့၏တိုက်တွန်းချက်များကို လျစ်လျူရှုကာ တပ်မတော်သားဘဝကို စာရေးသူရွေးချယ်ခဲ့သည်။ မှတ်မိနေပါသေးသည်။ ရန်ကုန်တွင် သွားရောက်ဖြေဆိုခဲ့ရသည့် ဗိုလ်လောင်းရွေးချယ်ရေး ကာလတွင် လူတွေ့စစ်ဆေးသည့် တာဝန်ရှိလူကြီးက စာရေးသူအား မည်သည့်အတွက်ကြောင့် စစ်မှုထမ်းလိုသနည်း မေး၏။ ထိုအခါ စာရေးသူက ဝါသနာပါလို့ပါဟု ဖြေလိုက်သည်။ ထိုအဖြေကိုကြားသည့် အရာရှိကြီးက “စစ်ဗိုလ်ဖြစ်ခွင့်ပေးမည်၊ ဒါပေမဲ့ လစာမပေးရင်ရော”ဟု မိမိအဖြေကို ထပ်မံဆန်းစစ်သော မေးခွန်းထုတ်လာသည်။ စာရေးသူလည်း စိတ်ထဲရှိသည့်အတိုင်း တွေဝေမနေဘဲ ဖြေလိုက်သည်။ “ယူနီဖောင်းဝတ်ရလျှင်ပင် ကျေနပ်ပြီ”ဟူ၍။
တကယ်တော့ ထိုသို့မေးလျှင် ထိုသို့ဖြေပါဟူ၍ မည်သူကမှ သင်ကြားပေးခြင်းမရှိခဲ့ပါ။ စာရေးသူစိတ်ထဲ ခံစားမိသည့်အတိုင်း ဖြေခဲ့မိခြင်းပါ။ ယနေ့အထိတိုင်လည်း ထိုအတိုင်းခံယူဆဲဖြစ်ပါသည်။
စာရေးသူ ၁၀ တန်းကျောင်းသားဘဝတွင် ထိုစဉ်က စစ်တက္ကသိုလ်ဆင်းစ ကျောင်းဆင်းအရာရှိ ဒုတိယဗိုလ်လေးများကို အားကျမိခဲ့သည်။ ထိုမတိုင်မီက နိုင်ငံ့အကြီးအကဲတစ်ဦး၏ လှုပ်ရှားမှု၊ ဆံပင်ပုံစံများကို သဘောကျခဲ့ကာ တပ်မတော်သားတစ်ဦးဖြစ်လိုခဲ့သည်။
စာရေးသူတို့ ၁၀ တန်းကျောင်းသားဘဝတွင် အထက်တန်းကျောင်းသို့ လုပ်အားပေး လူမှုဝန်ထမ်း တာဝန်လာရောက် ထမ်းဆောင်ကြသော နယ်မြေခံတပ်မှ အရာရှိငယ်လေးများ၏ ဦးဆောင်မှု၊ တက်ကြွမှု၊ တည်ကြည်ခံ့ညားမှုတို့ကို အားကျမိခဲ့ရင်း စစ်ဗိုလ်စစ်သားကြီးဖြစ်ချင်ခဲ့သည်။ ထိုအချိန်ကပင် ကျောင်းစာကြည့်တိုက်မှ ဗိုလ်မှူးကြီးသောင်းဝေဦး၏ စစ်ဝတ္ထုများ၊ အတ္ထုပ္ပတ္တိများကို ဖတ်ခဲ့ရသည်မို့ စစ်သားဘဝကို ပို၍ခုံမင်ခဲ့သည်။ ဤသို့ဖြင့် ၁၀ တန်းအောင်ချိန်တွင် ဘာမှစဉ်းစားမနေတော့ဘဲ စစ်တက္ကသိုလ်တက်ရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ ဗိုလ်လောင်းဘဝသည် မလွယ်ကူလှပေ။ တိတိကျကျ ဆိုရသော် တပ်မတော်သားတစ်ဦး၏ဘဝသည်ကား မလွယ်ကူလှပါချေ။ စာရေးသူတို့ ဗိုလ်လောင်းတက်စဉ်က နည်းပြများနှင့် ရှေ့စီနီယာများပြောလေ့ရှိသော စကားသည်ကား “လူတိုင်းယောက်ျားမဖြစ်နိုင်၊ ယောက်ျားဖြစ်ခဲ့လျှင်လည်း လူတိုင်း စစ်သားမဖြစ်နိုင်”ဟူ၍။ မှန်ပါသည်။ လူ့ဘဝသည်ရခဲလှ၏ဟု မြတ်စွာဘုရားရှင်က ဟောကြားခဲ့၏။ ထိုရခဲလှသော လူ့ဘဝတွင်မှ ယောကျ်ားဘဝကိုရဖို့ပို၍ ခဲယဉ်းပေသည်။ ကံကြမ္မာ၏ မျက်နှာသာပေးချက်အရ စာရေးသူ တပ်မတော်သားတစ်ဦး ဖြစ်ခွင့်ရခဲ့သည်။
ဆယ်ကျော်သက်ကျောင်းသားဘဝတွင် ဖတ်ခဲ့ရသည့် ဗိုလ်မှူးကြီးသောင်းဝေဦး၏ တပ်မတော်သား ဘဝအတွေ့အကြုံ သုတ/ရသ စာပေများ၊ ငယ်စဉ်ကတည်းက ကြည့်ရှုခဲ့ရသည့် ဝေလည်းမွှေးကြွေလည်းမွှေး၊ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ အသက်ကိုနှင်း၍ စသော ဇာတ်ကားများမှသည် ဆရာမြသန်းစံ၊ ဆရာတင်သန်းဦးတို့၏ ဇာတ်ကားများ တေးသီချင်းများကြောင့် တပ်မတော်သားဘဝကို ပိုမိုခုံမင်ခဲ့မိသည်။ လုပ်ငန်းခွင်ဝင်ရောက်ပြီးနောက်ပိုင်း ဖတ်ခဲ့ရသည့် တပ်မတော်သား စာဆိုစစ်သည်များ၏ အတ္ထုပ္ပတ္တိစာပေများသည်လည်း လိုက်နာစောင့်ထိန်း အပ်ဖွယ်ကျင့်ဝတ်ကောင်းများကို လမ်းညွှန်ခဲ့သည်။
ထိုစာပေများ၊ တေးသီချင်းများမှတစ်ဆင့် တပ်မတော်သားကောင်းတို့ လိုက်နာစောင့်ထိန်းအပ်ဖွယ် ကျင့်ဝတ်နီတိများကိုရရှိခဲ့သည်မှာ အမှန်ပင်ဖြစ်ခဲ့သည်။ ဆိုရသော် တပ်မတော်သည် အစဉ်အလာကောင်းများနှင့် ရှင်သန်ပေါက်ဖွား ရပ်တည်ခဲ့သော အဖွဲ့အစည်းတစ်ခုပင်ဖြစ်ကြောင်း အသက်အရွယ် ရလာသည်နှင့်အမျှ သုံးသပ်ဆင်ခြင်နိုင်ခဲ့သည်။
သို့သော် ထိုအဖွဲ့အစည်းအတွင်းတွင် မတစ်ထောင် သားသမီးများ ပါဝင်လာသည်မို့ အဖုအထစ်လေးများလည်း ရှိတတ်ကြပါသည်။ ဤသည်မှာ လောကဓမ္မတာပင်ဖြစ်ပါ၏။ သို့သော် မြန်မာ့တပ်မတော်သည် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ချိန်မှစ၍ တိုင်းပြည်နှင့်လူမျိုး အကျိုးနှင့်ပတ်သက်လာပါလျှင် မိမိတို့၏ ကိုယ်ကျိုးကိုစွန့်လွှတ်ခဲ့ပါ၏။ ကိုယ်ကျိုးနှင့်ယှဉ်လာလျှင် တိုင်းပြည်အကျိုးကိုသာ ရှေ့တန်းတင်ခဲ့ကြပါ၏။ လူငယ်ပီပီပုထုဇဉ်လူသားပီပီ ရံဖန်ရံခါ စိတ်၏ ခေါ်ဆောင်ရာနောက် လိုက်ပါခဲ့တတ်ကြသော်ငြား တိုင်းပြည်အကျိုး၊ လူထုအကျိုးနှင့်ယှဉ်လာလျှင် ဆင်ခြင်တုံတရားအပြည့်ဖြင့် ကိုယ်ကျိုးစွန့်ခဲ့ကြသည်မှာ တပ်မတော်သားများပင်ဖြစ်ကြပါ၏။ ထိုဖြစ်စဉ်များအတွက် သမိုင်းသက်သေကောင်းများသည် မြန်မာ့သမိုင်းစာမျက်နှာထက် အခိုင်အမာမော်ကွန်း ထိုးလျက်ရှိနေကြပါ၏။
စာရေးသူထက် နိုင်ငံချစ်စိတ်၊ တပ်မတော်ချစ်စိတ် ပြင်းပြသော တပ်မတော်သားကြီးများသည် ရှေးယခင် ကာလများမှာကတည်းကရှိခဲ့ပါ၏။ ဆေးတက္ကသိုလ် တက်ခွင့်မီသည့်တိုင် တပ်မတော်သားဘဝကို ရွေးချယ်ခဲ့သော နိုင်ငံ့သားကောင်းများ၊ မိဘဆွေမျိုးသားချင်းများနှင့် ချစ်ခင်သူတို့၏ဆန္ဒကို မျက်ကွယ်ပြုလျက် တပ်မတော်ရင်ငွေ့ ခိုလှုံခဲ့ကြသူများ မြန်မာ့သမိုင်းစဉ်ထက် မနည်းခဲ့ကြပါပြီ။
ထိုသူတို့အား လေးလေးစားစား ဦးထိပ်လက်တင်အလေးပြုမိပါသည်။
ယနေ့လက်ရှိကာလအခြေအနေများတွင် ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး၊ စစ်ရေးအခြေအနေများအရ နိုင်ငံတော်လုံခြုံရေးအတွက် ဆန္ဒအလျောက် စစ်မှုထမ်းဆောင်သော စနစ်အပြင် နိုင်ငံသူ၊ နိုင်ငံသားတိုင်းတွင် ကာကွယ်ရေးအသိပညာ၊ အတတ်ပညာများ တတ်မြောက်ကျွမ်းကျင်ရန် လိုအပ်လာပြီဖြစ်သည့် အတွက် မြန်မာနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလက ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်း ဥပဒေသည် ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည် အသက်ဝင်ခဲ့ပါသည်။ ယခုအခါ နိုင်ငံသားတာဝန်ကျေပွန်သည့် မျိုးဆက်သစ် လူငယ်များ၏ အင်အားနှင့်အတူ ပြည်သူ့စစ်မှုထမ်းသင်တန်းကို အမှတ်စဉ် (၅) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။
ယနေ့ကာလတိုင်အောင်လည်း မျိုးဆက်သစ်လူငယ်များသည် ထိုသို့သောယုံကြည်ချက်၊ ခံယူချက်များရှိသည့်အတွက် စာရေးသူအနေဖြင့် အတိုင်းအတာ မရှိလောက်အောင်လေးစားမိသည်။ တိုင်းပြည်ကာကွယ်ရေးအတွက် ယုံကြည်ချက်၊ ခံယူချက်ကောင်းများရှိသည့် မျိုးဆက်သစ်ပြည်သူ့ စစ်မှုထမ်း တပ်မတော်သားကောင်းများ အတွက် ဂုဏ်ယူလေးစားစိတ်များ တဖွားဖွားဖြစ်ပေါ်မိသည်။ မည်သည့်ခေတ်ကာလ အခြေအနေတွင်မဆို နိုင်ငံ့ရေးရာ
အဖြာဖြာသည် “ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်” ဟူသည့်အတိုင်း ခန့်မှန်းနှိုင်းဆရ ခက်ခဲလှပါသည်။ သို့သော် မည်သို့ပင်ခန့်မှန်းနှိုင်းဆရခက်ခဲပါစေ ကာကွယ်ရန် နည်းလမ်းများရှိစမြဲဖြစ်ပါ၏။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိနေသည့်အတွက် မမျှော်မှန်းနိုင်သော ပြည်တွင်း၊ ပြည်ပစိန်ခေါ်မှုများအတွက် စစ်မှန်သောပြည့်အင်အားကို အခိုင်အမာ တည်ဆောက်ထားနိုင်မည်ဆိုပါလျှင် ဘေးအန္တရာယ်အတားအဆီး မျိုးစုံကို ကျော်ဖြတ်နိုင်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်သိစိတ်ဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို လေးစားလိုက်နာလျက် သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန် တပ်မတော်သို့ ဝင်ရောက်အမှုထမ်းလာကြသော မျိုးဆက်သစ်သားကောင်း ဇာနည်များ၏ စိတ်ဓာတ်နှင့်ခံယူချက်အပေါ် စာရေးသူသည် စီနီယာနောင်တော်တစ်ဦးအနေဖြင့် များစွာဝမ်းမြောက်ဝမ်းသာပီတိ ဖြစ်မိသည်။ လေးစားဂုဏ်ယူမိသည်။ လေးစားဂုဏ်ယူစိတ်နှင့်အတူ အနာဂတ်၏သားကောင်းရတနာများအား အသိအမှတ်ပြုမိသည်။ လှိုက်လှဲဝမ်းသာစွာ ကြိုဆိုမိသည်။ တစ်ဆက်တည်းမှာပဲ သားကောင်းဇာနည်များအဖြစ် နှလုံးသားတွင် မှတ်တမ်းတင်မိသည်။ ထိုမှတ်တမ်းနှင့်အတူ တိုင်းပြည်တာဝန်များအား အပြောမဟုတ် အလုပ်သက်သေတို့ဖြင့် ထမ်းဆောင်နေကြသည့်ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း ညီငယ်များနှင့်တကွ သင်တန်း တက်ရောက်နေဆဲ ညီငယ်များအား သားကောင်းဇာနည်များအဖြစ် ဦးညွှတ်အလေးပြု လိုက်မိပါတော့သည်။ ။