အင်အားကြီးနိုင်ငံများကြား အပြန်အလှန်ယုံကြည်မှုနဲ့သာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖန်တီးနိုင်မည်

 

အင်အားကြီးနိုင်ငံများကြား အပြန်အလှန်ယုံကြည်မှုနဲ့သာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖန်တီးနိုင်မည်

 

    မြောက်ကိုရီးယားနိုင်ငံက ယူရေနီယံသန့်စင်ရေး နေရာများကို မကြာသေးမီက ထုတ်ဖော်ပြသ လိုက်ပါတယ်။ သူတို့ဆီမှာ နျူကလီးယားလက်နက်ပေါင်း ၆၀ အထိရှိနေပြီလို့ အများက သတ်မှတ်ယူဆ ထားချိန်မှာ အခုလိုမျိုးထုတ်ပြလိုက်တာပါ။ တစ်ချိန် တည်းမှာပဲ ရုရှားကအီရန်နိုင်ငံဆီကို လျှို့ဝှက်သတင်း အချက်အလက်နဲ့ နည်းပညာတွေ မျှဝေပေးနေဖွယ်ရှိ တယ်လို့ အမေရိကန်နဲ့ဗြိတိန်တို့က စိုးရိမ်လာနေပါတယ်။   အဓိကကတော့   အီရန်ရဲ့နျူကလီးယား လက်နက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီများ ပေးနေမလားလို့ စိုးရိမ်လာကြတာပါ။ နောက်တစ်ခု သူတို့စိုးရိမ်နေကြတဲ့ အကြောင်းရင်းတစ်ရပ်က အီရန်နဲ့ မြောက်ကိုရီးယားတို့ကြား ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းက  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူတို့ရဲ့နျူကလီးယား မဟာဗျူဟာကို ပြန်ပြောင်းသတ်မှတ် ရေးဆွဲလိုက်ပါတယ်။  သူတို့အဓိက  ဦးတည်တာက တရုတ်ပေါ့။ တရုတ်နိုင်ငံအနေနဲ့ နျူကလီးယား လက်နက်တွေကို တိုးမြှင့်ထုတ်လုပ်လာနေတယ်လို့ သူတို့ကထင်မြင် ယူဆနေကြတာပါ။ ဒီအချိန်မှာပဲ တရုတ်နိုင်ငံရဲ့နျူကလီးယား ခြိမ်းခြောက်မှုဆိုတဲ့ အမေရိကန်ရဲ့ပြောဆိုမှုကို တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ပယ်ချလိုက်ပါတယ်။

ဒါ့အပြင် အမေရိကန်က  နျူကလီးယားလက်နက် ပြန့်ပွားရေးအပေါ်မှာ "လိုတစ်မျိုး၊  မလိုတစ်မျိုး" စံနှုန်းကိုကျင့်သုံးနေတယ်လို့လည်း တရုတ်အစိုးရက ပြောထားပါသေးတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ အမေရိကန်နဲ့တရုတ် နိုင်ငံတို့ကြား  ဆက်ဆံရေး အခြေအနေ ယိုယွင်းလာတာနဲ့အမျှ အရှေ့အာရှဒေသမှာ နျူကလီးယား လက်နက်အပြိုင်တပ်ဆင်မှုကလည်း မြင့်တက်လာမယ့် အရိပ်အယောင်တွေ မြင်တွေ့နေရပါတယ်။ ဒီအခြေ အနေအထိဖြစ်လာရခြင်းရဲ့ အကြောင်းရင်းက သူတို့ နှစ်နိုင်ငံကြားမှာ ပြေလည်မှုမရခဲ့တဲ့ နျူကလီးယား လက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲများကြောင့်ပါပဲ။

၂၀၁၈ ခုနှစ်နောက်ပိုင်း အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား ပထမဆုံးသော နျူကလီးယားလက်နက် ထိန်းချုပ်ရေးဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်မှာ ကျင်းပပါတယ်။ နိုဝင်ဘာလ ၁၅ ရက်မှာလည်း APEC ထိပ်သီးညီလာခံရဲ့  ဘေးပန်းတွေ့ဆုံမှုမှာ  နှစ်နိုင်ငံသမ္မတများ တွေ့ဆုံပြီးတော့  အဲဒီကိစ္စကို ဆွေးနွေးခဲ့ပြန်ပါတယ်။ ဒါပေမဲ့ ဘယ်လိုဆုံးဖြတ်ချက်၊ သဘောတူညီချက်မျိုးမှ   မထွက်လာတဲ့အပြင် နောက်ထပ်တစ်ကြိမ် ဆွေးနွေးမယ့်ရက်ကိုတောင်မှ မသတ်မှတ်နိုင်ခဲ့ပါဘူး။

၂၀၃၅ ခုနှစ်အရောက်မှာ တရုတ်နိုင်ငံရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်မှုပမာဏက အမေရိကန်နဲ့ ရုရှားတို့ပိုင်ဆိုင်ထားတဲ့ နျူကလီးယား လက်နက်ပမာဏကို လိုက်မီတော့မယ်လို့ ခန့်မှန်းထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။   ဒါကြောင့် အမေရိကန်က တရုတ်နိုင်ငံအပေါ်မှာ စိုးရိမ်စိတ်ဝင်လာခဲ့တာပါ။

သို့သော်လည်း ဒီလိုတွေဖြစ်လာစေဖို့အတွက် အမေရိကန်ကိုယ်တိုင် ဖန်တီးခဲ့တာလို့ပြောရင် မမှားပါဘူး။

ဥပမာတစ်ခုပြောရရင် ကိုယ့်လမ်းကိုယ်သွားနေတဲ့ လူတစ်ယောက်ဟာ သူ့လမ်းမှာ လာပိတ်နေတဲ့လူကို သူ့အတွက်ရန်သူလို့သတ်မှတ်ပြီး လက်သီးဆုပ်ထားတာက မှားယွင်းတဲ့ လုပ်ရပ်မဟုတ်သလိုပါပဲ။

တရုတ်နိုင်ငံအနေနဲ့  အခုလိုမျိုး  နျူကလီးယား လက်နက်တွေကို ပိုမိုပိုင်ဆိုင်လာနိုင်အောင်   ကြိုးစား နေတာဟာ အမေရိကန်ရဲ့ ရန်စကျူးကျော်မှုပုံစံပေါ်လွင်နေတဲ့ လုပ်ရပ်တွေကြောင့်ပါပဲ။ အဲဒီလုပ်ရပ်တွေထဲမှာ  ဖိလစ်ပိုင်မှာ တာလတ်ပစ်ဒုံးကျည်တွေကို လပေါင်းများစွာကြာ ဖြန့်ကြက်ချထားခြင်း၊ AUKUS အဖွဲ့ကိုဖွဲ့စည်းခြင်းနဲ့ တရုတ်(တိုင်ပေ)ကို စစ်လက်နက်ပစ္စည်းတွေ  ဆက်လက်ရောင်းချပေးနေခြင်းတို့က အဓိကအနေနဲ့ပါဝင်နေပါတယ်။ ဒါ့အပြင် တရုတ် နိုင်ငံရဲ့ ဒေသတွင်း လွှမ်းမိုးမှုကို တုံ့ပြန်ရေးအတွက် အမေရိကန်ရဲ့ ရည်ရွယ်လုပ်ဆောင်ချက်တွေက သူတို့နှစ်နိုင်ငံကြား တင်းမာမှုတွေကို မြင့်တက်လာစေရုံ သာမက သံတမန်ရေးအရ ဖြေရှင်းနိုင်စေမယ့် အခြေအနေကိုလည်း ကျဉ်းမြောင်း လာစေပြန်ပါတယ်။

ဒါနဲ့ဆက်စပ်ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခုက ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပြီး အဲဒီပဋိပက္ခမှာ NATO တပ်ဖွဲ့ရဲ့  ပါဝင်ပတ်သက်မှုက ရုရှားအနေနဲ့ နျူကလီးယားလက်နက်ကို ထုတ်သုံးလာစေမယ့် အခြေအနေအထိ တိုက်တွန်းနေခြင်းဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံကို NATO တပ်ဖွဲ့ဝင်နိုင်ငံများက စစ်လက်နက်ပစ္စည်းများ ပိုမိုထောက်ပံ့ပေးနေခြင်းနဲ့ အခုနောက်ဆုံး ရုရှားနိုင်ငံထဲကိုပင် ပစ်ခတ်နိုင်စေမယ့် တာဝေးပစ်ဒုံးကျည် တွေအသုံးပြုခွင့်ပေးခြင်းတို့က ဒီအခြေအနေကိုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်နေပါတယ်။

ဒီအချိန်မှာ ရုရှားနိုင်ငံက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို အမြင့်ဆုံးအထိ တိုးမြှင့်လိုက်သလို အလက် စကာရေပြင်အနီးမှာလည်း တရုတ်နဲ့ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်လာပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံနဲ့လည်း မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်ပြန်ပါတယ်။ အခုလိုမျိုး တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကြား ပူးပေါင်းဆောင် ရွက်မှုတွေ ပိုမိုခိုင်မာလာခြင်းက အရှေ့အာရှဒေသ အတွင်း အမေရိကန်ရဲ့လွှမ်းမိုးမှုကို တိုက်ရိုက်စိန်ခေါ် လာတဲ့အခြေအနေဖြစ်နေတာကြောင့် သူ့ရဲ့လွှမ်းမိုးမှု အနေအထား မပျက်သွားရေးအတွက် အမေရိကန်က ကြိုးပမ်းလာပြန်ပါတယ်။ ဒီတော့ အခြေအနေတွေ အားလုံးက ဂျာအေးသူ့အမေရိုက် ဆိုသလိုမျိုး မဆုံးနိုင်တဲ့ အနေအထားအထိကိုရောက်လာတာပါ။

ဒါ့အပြင် ဒီအခြေအနေက နျူကလီးယားလက်နက်ကို ဆက်လက်စွဲကိုင် ထားစေဖို့အတွက် အကောင်းဆုံး အကြောင်းပြချက်တွေဖြစ်လာပါတယ်။ အထူးသဖြင့် မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားပိုင်ဆိုင်မှုကို တိုးမြှင့်လာနိုင်သလို   ဘယ်သူ့ဘယ်သူကမှလည်း နျူကလီးယားလက်နက် ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အလျှော့ပေးကြမယ့် ပုံစံမပေါ်ပါဘူး။ တကယ်တမ်းမှာတော့  အရှေ့အာရှအခြေအနေဟာ ထင်ထားသလောက် ရိုးရှင်းလွယ်ကူမှု မရှိတာကိုတွေ့ရပါတယ်။

အရှေ့အာရှဒေသမှာ မြောက်ကိုရီးယား၊ ရုရှားနဲ့ တရုတ်တို့က  တစ်ဖက်မှာ တည်ရှိနေသလို အခြားတစ် ဖက်မှာတော့ ဂျပန်နဲ့တောင်ကိုရီးယားတို့က အမေ ရိကန်နဲ့အတူ ရပ်တည်နေပါတယ်။ ဂျပန်နဲ့တောင်ကိုရီးယားတို့မှာ နျူကလီးယား လက်နက်ပိုင်ဆိုင်မှုမရှိပေမယ့် အမေရိကန်ရဲ့ အကူအညီနဲ့ဆိုရင် အချိန်မရွေး နျူကလီးယားလက်နက်ကို ရရှိနိုင်သော အခြေအနေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ ဂျပန်နိုင်ငံအနေနဲ့ နျူကလီးယား ဟန့်တားနိုင်မှု အတိုင်းအတာကို ပိုမိုတိုးမြှင့်နိုင်စေဖို့အတွက် အမေရိကန်နဲ့ဆွေးနွေးနေပါတယ်။ တစ်ချိန်တည်းဆိုသလိုပဲ တောင်ကိုရီးယား အစိုးရကလည်း  အမေရိကန်နဲ့ အနီးကပ်တည်ရှိပြီး နျူကလီးယား ဆက်ဆံရေးပိုမိုခိုင်မာစေဖို့ ဦးတည်ကြိုးပမ်းနေတာတွေကို တွေ့ရပါတယ်။

ဒါကြောင့် အရှေ့အာရှဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေအနေနဲ့ နျူကလီးယား အဟန့်အတားကို ပိုမိုရရှိပိုင်ဆိုင်နိုင်စေဖို့အတွက် ဦးတည်ကြိုးပမ်းမှုဟာ နိုင်ငံများကြား  တင်းမာမှုတွေကို ပိုမိုဆိုးရွားစေတာတော့ အမှန်ပါပဲ။ ဒါ့အပြင် နျူကလီးယား လက်နက်အပြိုင် တပ်ဆင်မှုဆီ    ဦးတည်စေတယ် ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။

ဒီအချိန်မှာ အဖြစ်သင့်ဆုံး အခြေအနေက အရှေ့အာရှဒေသတွင်းရှိ အင်အားပြိုင်ဆိုင်နေကြတဲ့ နိုင်ငံတွေအနေနဲ့ သံတမန်ဆက်ဆံရေး တည်ဆောက်မှုကို ပိုမိုတိုးမြှင့်ပြီး တစ်ဦးနဲ့တစ်ဦးကြားမှာ ယုံကြည်မှုတွေ ပိုလို့တိုးပွားရရှိအောင် လုပ်ဆောင်သင့်ပါတယ်။ အဓိကကတော့ အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့ကြား မှာ အပြန်အလှန် ယုံကြည်မှုတွေ ရရှိလာစေဖို့ဆိုတာ အရေးအကြီးဆုံးပါ။

ဒါပေမဲ့လည်း လက်ရှိဖြစ်ပွားနေတဲ့ လုံခြုံရေးအရ အခြေအနေက သူတို့ကြားမှာ စေ့စပ်ဆွေးနွေးမှုလုပ်ဆောင်နိုင်ဖို့အတွက် အခွင့်အရေးအလွန်နည်းပါးနေ စေပါတယ်။ အထူးသဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခနဲ့ အမေရိကန်နိုင်ငံအတွင်း ကျင်းပတော့မယ့် သမ္မတ ရွေးကောက်ပွဲ အခြေအနေများကြောင့် သူတို့ကြားမှာ စေ့စပ်ညှိနှိုင်းဆွေးနွေးမ ှုလုပ်နိုင်မယ့်အနေအထားက လုံးဝရှိမနေပါဘူး။

ဒေသတွင်းအင်အားကြီးနိုင်ငံတွေအနေနဲ့ စိတ်ချယုံကြည်ထားလောက်တဲ့ နျူကလီးယားလက်နက် အဟန့်အတားကိုသာ ပိုင်ဆိုင်မထားဘူးဆိုရင် သူတို့အနေနဲ့ တိုက်ခိုက်မှုတွေ ပိုမိုခံစားရတော့မယ်လို့ စိတ်ထဲမှာ တွေးထင်ထားကြမှာအမှန်ပါပဲ။ ဒီအတွေးတွေကြောင့်ပဲ ပဋိပက္ခဝဲဩဃထဲမှာ နစ်ဆင်းသွားစေမယ့် အခြေအနေဆိုးကြီးတွေကို  ဖန်တီးမိစေပါတယ်။

သေချာတာကတော့ ဒီအခြေအနေဆိုးဟာ လက်ရှိဖြစ်ပေါ်နေတဲ့ တင်းမာမှုထက် ပိုဆိုးမယ်ဆိုတာပါပဲ။

တကယ်တမ်းမှာ အရှေ့အာရှဒေသဆိုတာ တစ်ဦးနဲ့တစ်ဦး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့သာ ဆိုရင်ကမ္ဘာပေါ်မှာ အင်မတန်ဖွံ့ဖြိုး တိုးတက်မယ့် ဒေသတစ်ခုဖြစ်လာမှာပါ။ ဒီလိုမျိုး ဖြစ်လာဖို့ဆိုတာကလည်း အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့အနေနဲ့ အနည်းဆုံးတော့ တစ်ကြိမ်လောက် ရလဒ်ကောင်း ထွက်ရှိစေမယ့် ညှိနှိုင်းဆွေးနွေးမှုတွေကို  မဖြစ်မနေ လုပ်မှသာရပါလိမ့်မယ်။

ဒါဆိုရင် နျူကလီးယားလက်နက် ပြန့်ပွားရေးကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်သလို၊ တစ်ဖက်မှာလည်း နျူကလီးယား အဟန့်အတားအတွက် ကြိုးပမ်းအား ထုတ်မှုတွေကို ထိန်းသိမ်းနိုင်မှာဖြစ်လို့ တင်းမာမှုတွေ လျော့ကျစေမယ့် အခြေအနေကို ဖန်တီးနိုင်လာမှာကတော့အမှန်ပါပဲ။

ယနေ့ကမ္ဘာကြီးနဲ့လူသားတွေက လုံးဝကိုအထိ အခိုက်မခံနိုင်တော့တဲ့ အနေအထားအထိ ရောက်လာနေပါပြီ။  တစ်နည်းပြောရရင် ဘယ်အချိန်မှာ နျူကလီးယားစစ်ပွဲ ထဖြစ်မလဲဆိုတဲ့  ကြောက်ရွံ့စိတ်နဲ့ ရှင်သန်နေရမှုကို ဒီထက်ပိုပြီး မကြီးထွားစေလိုတော့ပါဘူး။ ဒါကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အနေနဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်းက အရေးအပါဆုံးသော ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်မှုပင်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။     ။