မိခင်နှင့်ကလေးငယ်တစ်ဦးအတွက် လိုအပ်သည့် အာဟာရဓာတ်ဖွံ့ဖြိုးမှု

မိခင်နှင့်ကလေးငယ်တစ်ဦးအတွက် လိုအပ်သည့် အာဟာရဓာတ်ဖွံ့ဖြိုးမှု

ကလေးငယ်တစ်ဦးအတွက် အာဟာရဖွံ့ဖြိုးမှုက အရေးကြီးဆုံးအခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ကလေးငယ်စဉ် ကတည်းက အာဟာရဓာတ် ပြည့်ပြည့်၀၀ရခဲ့ရင်  ဆက်လက်ကြီးထွားမှု အဆင့်ဆင့်တို့    ပုံမှန်အတိုင်း ကြီးထွားလာနိုင်ပါတယ်။  ဒါကြောင့်ကိုယ်ဝန်ဆောင်ကာလမှသည် ကျောင်းနေအရွယ်ထိ အာဟာရဓာတ် ပြည့်ဝသင့်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်အတွက် အာဟာရဓာတ်ပြည့်၀ဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ အမျိုး သမီးတို့ စတင်ချင်ခြင်းတတ်တဲ့   အစားအသောက်က မိခင်ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက   မွေး လာမယ့်ရင်သွေးငယ်အတွက်ကိုလည်း    အကျိုးရှိဖို့ အာဟာရဓာတ်ပြည့်ဝစွာ စားသုံးရမှာကို သတိပြုသင့် ပါတယ်။  ကျန်းမာသန်စွမ်းတဲ့ မိခင်ကသာ  ကျန်းမာသန်စွမ်းတဲ့ ရင်သွေးကို မွေးဖွားနိုင်မှာ ဖြစ်ပါတယ်။

သန္ဓေသားကြီးထွားပုံကိုကြည့်ရင်လည်း သန္ဓေသားနဲ့အချင်းကို   မိခင်ဆီကရလာတဲ့အာဟာရနဲ့    တည်ဆောက်ရပါတယ်။  ဒါကြောင့် ကိုယ်အလေးချိန်ပုံမှန်တိုးလို့ ကျန်းမာတဲ့မိခင်က လစေ့ပြီးအလေးချိန်ပြည့်၀ တဲ့ရင်သွေးငယ်ကို လွယ်ကူစွာ  မွေးဖွားနိုင်ပါတယ်။သန္ဓေသားရဲ့ အသွေးအသားတွေ တည်ဆောက်ရတာကြောင့် လည်းကောင်း၊ မီးတွင်းမှာကုန်ဆုံးမယ့် သွေးအတွက်လည်းကောင်း ကိုယ်ဝန်ဆောင်မိခင်က သွေးအားကောင်းဖို့ လိုပါတယ်။  သွေးအားကောင်းစေမယ့် အစားအစာတွေကို ရွေးချယ်စားသောက်သင့်တယ်။

 ကိုယ်ဝန်ဆောင် မိခင်တိုင်းအတွက်    မျှတတဲ့ အာဟာရဓာတ်ပါဝင်တဲ့ အစားအစာတွေက အင်အားဖြစ်စေတဲ့ အစားအစာ၊     ခန္ဓာကိုယ်ကြီးထွားစေတဲ့  အစားအစာနဲ့   ရောဂါကာကွယ်တဲ့ အစားအစာဆိုပြီး ပါဝင်ပါတယ်။

အင်အားဖြစ်စေတဲ့ အစားအစာတွေထဲကမှ ကစီဓာတ်များတဲ့ အစာတွေမှာ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ သကြား၊ ထန်းလျက်၊ ပျားရည်တို့ပါဝင်ပါတယ်။   အဆီဓာတ်ပေါတဲ့အစာတွေမှာ   မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ ပါဝင်တယ်။

ခန္ဓာကိုယ်ကြီးထွားစေတဲ့  အစားအစာတွေထဲမှာအသား၊ ငါး၊ ပုစွန်၊ နို့၊ ဥအမျိုးမျိုး၊  ပဲအမျိုးမျိုး စတာ တွေပါဝင်တယ်။

ရောဂါကာကွယ်စေတဲ့အစားအစာတွေမှာ ဟင်းရွက်တွေထဲမှ ကန်စွန်းရွက်၊ ဒန့်သလွန်ရွက်၊ ဟင်းနုနွယ် ရွက်၊ မြင်းခွာရွက်၊ ဘူးညွန့်၊ ပဲညွန့်၊ မုန်ညင်းတို့ပါဝင်ပါတယ်။ အသီးအနှံတွေထဲမှာ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ဘူးသီးစတာတွေပါဝင်တယ်။ သစ်သီးတွေထဲမှာ ငှက်ပျောသီး၊ သရက်သီး၊ သင်္ဘောသီး၊ ပိန္နဲသီး၊ နာနတ်သီး၊ မာလကာသီးတို့ပါဝင်တယ်။

အဆိုပါ   အဓိကအစာအုပ်စုကြီးသုံးစုမှ  အစားအစာတစ်မျိုးစီကို   နေ့စဉ်စားသုံးရာမှာပါဝင်အောင် ရွေးချယ်စားသောက်ရမှာ ဖြစ်ပါတယ်။ တစ်ကြိမ်တည်းနဲ့ များများမစားနိုင်ရင်  မကြာခဏစားသုံးပေးသင့်ပါ တယ်။    ထမင်းတစ်နပ်နဲ့တစ်နပ်ကြားချိန်တွေမှာ  အာဟာရဓာတ်ကြွယ်ဝတဲ့   မုန့်ပဲသရေစာစားသင့်ပါတယ်။

သွေးအားကောင်းစေဖို့အတွက် ဘဲသွေး၊ အမဲသွေး၊ ဝက်သွေးခဲ၊  အသည်းအမြစ်ဟင်းတွေနဲ့   ဟင်းသီးဟင်းရွက်တွေကို  ကိုယ်ဝန်ဆောင်မိခင်တွေ စားသုံးသင့်ပါတယ်။  နွားနို့၊   နို့ခဲ၊  နှမ်းဖတ်၊  ဟင်းရွက်တွေနဲ့ အရိုးပါဝါးစားလို့ရတဲ့  ငါးကလေးချက်၊  ငါးကလေး ခြောက်တို့က သန္ဓေသားအတွက်  အရိုးနုနဲ့သွားတွေကို တည်ဆောက်ရာမှာ အားပေးတာကြောင့်ပိုပြီး စားသုံးသင့်ပါတယ်။  သာမန်နို့တိုက် မိခင်တစ်ဦးက ကလေးကို တစ်ရက်မှာမိခင်နို့(၄၀-၅၀)ကျပ်သားအထိ တိုက်ကျွေးသင့်တယ်။  အဆိုပါနို့တွေမှာ  ပါဝင်တဲ့ အာဟာရဓာတ်တွေကို    မိခင်ရဲ့ခန္ဓာကိုယ်မှလည်း ကောင်း၊   မိခင်စားသုံးတဲ့    အာဟာရဓာတ်မှလည်း ကောင်း ရယူနိုင်တာကြောင့် နို့တိုက်မိခင်က အာဟာရ ဓာတ်ပြည့်ဝဖို့ ပိုမိုလိုအပ်ပါတယ်။ မိခင်နဲ့ကလေးနှစ်ဦး အတွက် အာဟာရဓာတ်က နှစ်ဆပိုပြီး လိုအပ်ပါတယ်။

နို့တိုက်စဉ်မှာ မိခင်ရော၊ ကလေးပါအာဟာရဓာတ် ပြည့်ဝကျန်းမာလာစေဖို့ နေ့စဉ်စားသောက်တဲ့အစား အစာတွေကို  အစာအုပ်စုသုံးစုစလုံးပါဝင်ဖို့   ရွေးချယ်စားသောက်ကြရမှာ ဖြစ်ပါတယ်။   တစ်နေ့တာ အစားအစာတွေကို  နို့တိုက်မိခင်တစ်ဦးက  ပုံမှန်စား နေကျထက်ပိုမိုစားသောက်သင့်ပါတယ်။ ဟင်းချိုရည်၊ ဖျော်ရည်နဲ့  နို့တို့ကို ပုံမှန်ထက် ပိုမိုသောက်သုံးပေးရမှာ ဖြစ်ပါတယ်။

အာဟာရဓာတ်ဆုံးရှုံးမှုနည်းတဲ့ချက်ပြုတ်နည်းကို အသုံးပြုသင့်ပါတယ်။ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက် တွေက သွားတွေကိုခိုင်ခံ့စေတယ်။ မျက်စိအားကောင်း စေတယ်။ အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ရာမှာ လည်း ပါဝင်တဲ့အာဟာရဓာတ်တွေ မပျက်ပြယ်စေဖို့ ချက်ပြုတ်ကျွေးမွေးသင့်ပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် တွေကိုသာ စားသုံးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို  ဦးစွာရင့်ရော်တဲ့အပိုင်း၊  ညှိုးနွမ်းတဲ့အပိုင်းတွေကို ဖယ်ပစ်သင့်တယ်။ ရေနဲ့သန့်စင်စွာ ဆေးကြောပြီး  ကလေးငယ်တွေအတွက် ဝါးမျိုရာမှာ လွယ်ကူစေဖို့  သေးသေးနုပ်နုပ်စဉ်းကာ  ချက်ကျွေး နိုင်ပါတယ်။  ဟင်းသီးဟင်းရွက်တွေကို  ကြာရှည် မပြုတ်သင့်ပါဘူး။  နေ့စဉ်စားသုံးတဲ့  အစားအသောက် တွေထဲမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်သင့်ပါတယ်။  ဟင်းသီးဟင်းရွက်ကို  အသား၊  ပဲ၊ ဥအမျိုးမျိုးနဲ့ရောချက်ရင်     ဟင်းကျက်ခါနီးမှသာ ထည့်သင့်ပါတယ်။

အသား၊  ငါးချက်ပြုတ်ရာမှာ   လတ်ဆတ်တဲ့အသား၊ ငါးကိုသာအသုံးပြုသင့်ပါတယ်။ လတ်ဆတ်တဲ့ အသားငါးတွေမှာ ပါးဟပ်နီခြင်း၊ မျက်သားကြည်ခြင်း စတဲ့ ဝိသေသလက္ခဏာတွေ ရှိပါတယ်။

ထမင်းရေခန်းချက်သင့်ပါတယ်။ ဆန်ကိုရေဆေးတဲ့အခါ မပွတ်တိုက်ဘဲ ညင်သာစွာနှစ်ကြိမ် ဆေးသင့် ပါတယ်။  ဆန်ကြိတ်စဉ်၊  ဆန်ထောင်းစဉ်၊   ဆန် ဆေးစဉ်အချိန်တွေမှာ ဗီတာမင်ဘီအုပ်စု ပျောက်ဆုံးသွားပါတယ်။  ထမင်းရည်ငှဲ့ချက်တာက  ဗီတာမင်ဘီအုပ်စုကို ထမင်းချက်စဉ် ရေမှာရုတ်တရက်ပျော်ဝင်ပြီး ထမင်းရည်နဲ့ ပါသွားတတ်တယ်။ ဗီတာမင်ဘီအုပ်စုကို  တတ်နိုင်သရွေ့မဆုံးရှုံးဘဲ   အစာအာဟာရမှာ ပါဝင်စေဖို့ ထမင်းရေခန်းချက်စားသင့်ပါတယ်။ ထမင်းရေခန်းချက်လိုက်လို့  ဗီတာမင်ဘီအုပ်စုတို့   ရေမှာပျော်ဝင်တာ ထမင်းရည်မှာ ပါမသွားတော့ဘဲ  ထမင်းထဲမှာ ရောနှောကျန်နေခဲ့ပါတယ်။

ဗီတာမင်ဘီအုပ်စုကိုရရှိလို့  အညောင်းအညာ၊ နောက်ကျောတတ်၊ ထုံနာကျင်နာတို့ကို ကင်းဝေးစေပါတယ်။

နို့စို့ကလေးငယ်တွေ အာဟာရဓာတ်ပြည့်ဝဖို့ လိုအပ်ပါတယ်။ မိခင်နို့ရည်က ခြောက်လအထိကလေးအတွက် အာဟာရပြည့်ဝစေပါတယ်။ သန့်ရှင်းလတ်ဆတ်တယ်။  အစာကြေလွယ်တယ်။ ရောဂါကာကွယ်နိုင်စွမ်းရှိတယ်။

မိခင်နဲ့ကလေး ပိုမိုချစ်ခင်ရင်းနှီးစေပါတယ်။ အမြဲတမ်းအဆင်သင့်ရရှိကာ   အပူအအေးမျှတစေပါတယ်။ ငွေကုန်ကြေးကျသက်သာစေပါတယ်။ ကလေးနို့တိုက် တဲ့မိခင်တွေမှာ    နို့ကင်ဆာဖြစ်ပွားနှုန်း နည်းပါးပါတယ်။ နို့တိုက်တဲ့အချိန်မှာ မီးယပ်မလာဘဲ နေလေ့ရှိလို့   နောက်ကလေးဝေးဖို့ အကြောင်းတစ်ရပ်ဖြစ်တယ်။

အချုပ်အားဖြင့်ဆိုရရင် မိခင်နို့ရည်လုံလောက်စွာ ရရှိစေဖို့  မိခင်ကိုယ်တိုင်က အာဟာရဓာတ်ပြည့်ဝပြီး     ကျန်းမာရေးနဲ့ပြည့်စုံဖို့ လိုပါတယ်။ မိခင်ကိုယ်တိုင်က ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန်မှာ အစားအစာကို မျှတစွာ စားသုံးသင့်ပါတယ်။  မိခင်နို့ရည်အထွက်သန်စေဖို့ ကိုယ်ဝန်ဆောင်ချိန်နဲ့နို့တိုက်ချိန်မှာ အစားအစာ တွေကို   မျှတစွာစားသင့်ပါတယ်။  ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက်မိခင်တွေ စားသုံးသင့်တဲ့ အစားအစာတွေ နဲ့ပတ်သက်လို့   အစာအုပ်စုသုံးစုထဲက   အစားအစာမျိုးစုံကိုမျှတစွာ မှီဝဲစားသုံးဖို့လိုအပ်ပါကြောင်း ရေး သားလိုက် ရပါတယ်။    ။

ဒေါက်တာလွင်သန့်