မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဒဂုံပေါ့အသင်းနှင့် ISPE အသင်းတို့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်

 

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဒဂုံပေါ့အသင်းနှင့် ISPE အသင်းတို့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်

 

ရန်ကုန်   စက်တင်ဘာ   ၂၂

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၁)အဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ဒဂုံပေါ့အသင်းနှင့် ISPE အသင်းတို့ကစားခဲ့ရာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးပွဲစကတည်းက ခြေစွမ်းပိုင်း ကွာခြားမှုမရှိခဲ့ဘဲ အပြန်အလှန်ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး ဒဂုံပေါ့အသင်းက ဂိုးရရှိနိုင်သည့် အခွင့်အရေးများ ပိုမိုရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း မသေချာမှုများကြောင့်   ပထမပိုင်းတွင်   ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင်လည်း နှစ်သင်းစလုံးအပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ ပွဲချိန် ၇၂မိနစ်တွင် ဒဂုံပေါ့အသင်းမှ စည်သူနိုင် ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့သည့် အတွက် နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသော်လည်း ဒဂုံပေါ့အသင်းက ဖိအားပေးကစားနိုင်ခဲ့ကာ ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိသည့်အတွက် ပွဲပြီးဆုံးချိန်တွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ကာ အဆိုပါပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကို ဒဂုံပေါ့အသင်းမှ ကွင်းလယ်ကစားသမား မျိုးဆက်နိုင်က ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၁) နောက်ဆုံးပွဲစဉ်များအဖြစ် စက်တင်ဘာလ ၂၃ ရက် ညနေ ၃နာရီခွဲတွင် YUSC အားကစားကွင်း၌ ရခိုင်ယူနိုက်တက်အသင်း နှင့် ဟံသာဝတီယူနိုက်တက် အသင်း၊ ညနေ ၄ နာရီ သုဝဏ္ဏအားကစားကွင်း၌ သစ္စာအားမာန်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ အသီးသီး ကစားသွားမည် ဖြစ်ကြောင်း သိရသည်။

Dates: 
Monday, September 23, 2024 - 05:25