“ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါတုံ့ပြန် ကာကွယ်ဆေး (OCV) တိုက်ကျွေးခြင်း လုပ်ငန်းစတင် ဆောင်ရွက်ခြင်း” အခမ်းအနား ကျင်းပ
နေပြည်တော် စက်တင်ဘာ ၂၂
“ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးခြင်း လုပ်ငန်းစတင်ဆောင်ရွက်ခြင်း” အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ကနောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ (NITAG) အဖွဲ့ဝင်များ၊ UNICEF WHO IFRC MSF (Switzerland နှင့် Holland)၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ခရိုင်နှင့်မြို့ နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ရောဂါကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းသည် အခြားရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် အတူ ထိရောက်သော ရောဂါကာကွယ် ထိန်းချုပ်တုံ့ပြန်ရေး လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှတစ်ဆင့် International Coordinating Group ထံအဆိုပြုလွှာ တင်သွင်းခဲ့ရာ အမေရိကန်ဒေါ်လာ ၄ သန်းကျော် တန်ဖိုးရှိ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေး ၂၄၅၁၈၆၇ doses ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်က လက်ခံရရှိပြီးဖြစ်ကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများသော မြို့နယ် ၃၅ မြို့နယ်မှ ရောဂါဖြစ်ပွားနိုင်ခြေရှိသော နေရာများတွင် နေထိုင်လျက်ရှိသည့် အသက်တစ်နှစ်အထက် ပြည်သူလူထုအား တိုက်ကျွေး သွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနိုင်ခြေရှိသည့် အခြားတိုင်းဒေသကြီး ပြည်နယ်များရှိ ပြည်သူလူထုအား တိုက်ကျွေးနိုင်ရန် အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ရန်ကုန်တိုင်းဒေသကြီးအတွင်း စတင်ဆောင်ရွက်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါတုံ့ပြန်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို သတ်မှတ်ရက်အတွင်း စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လှိုင်သာယာမြို့နယ် စက်မှုဇုန်(၂)မှ ပြည်သူများအား ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေး (OCV) တိုက်ကျွေး၍ အမှတ်တရလက်ဆောင်များ ပေးအပ်ကြပြီး ရန်ကင်းမြို့နယ်ရှိ မိုးကောင်းဆုတောင်းပြည့် စေတီဓမ္မာရုံနှင့် ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကရုံးတို့၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေး တိုက်ကျွေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။