လူတို့ကိုအကျိုးပြုနေသည့်ကျွဲများ
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနဲ့ အကျုံးဝင်တဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေကို ခေတ်မီနည်းစနစ်များနဲ့တိုးတက်အောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ လုပ်ဆောင်နေပါတယ်။ စိုက်ပျိုးမွေးမြူရေးလို့ဆိုလိုက်တာနဲ့ အဲဒီလုပ်ငန်းတွေနဲ့ဆက်စပ်နေတာကတော့ ကြက်၊ ဘဲ၊ ဝက်၊ ကျွဲ၊ နွား စတဲ့တိရစ္ဆာန်တွေလည်းပါဝင်ပါတယ်။ စာရေးသူအနေနဲ့ တောဓလေ့၊ တောသဘာဝမှာ လုပ်ကိုင်ဆောင်ရွက် မွေးမြူနေတဲ့ တိရစ္ဆာန်တွေအကြောင်း ရေးသားနေရာမှာ ဒီတစ်ပတ်တော့ ကျွဲမွေးမြူရေး အကြောင်းကို ရေးသားတင်ပြပါ့မယ်။
ကျွဲဆိုတာ အကောင်ကြီးကြီး၊ ချို(ကျွဲချို)ကားကား၊ အသားမည်းမည်း၊ ၀၀တုတ်တုတ်အကောင်ကြီးပါပဲ။ အဆိုတော်မကြည်အောင်ရဲ့ ကျွဲမသီချင်းကို နားထောင်ဖူးရင် တောမှာမနေဘူးပေမယ့် ကျွဲဆိုတာ ဒီလိုပါလားလို့မျက်လုံးထဲမှာမြင်မှာပါ။ ကျွဲနဲ့ပတ်သက်တဲ့စကားပုံတွေကများပါတယ်။ ကျွဲကူးရေပါ၊ ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေစာပင်မခံနိုင်၊ ကျွဲပါးစောင်းတီးတို့ ဖြစ်ပါတယ်။
တကယ်တော့ ကျွဲသတ္တဝါတွေဟာ သနားဖို့အလွန်ကောင်းလှပါတယ်။ နွားနဲ့ကျွဲယှဉ်လိုက်ရင် နွားကကုန်းခြောက်ခြောက်မှာ နေရသလို ကျွဲကတော့ မြေပျော့ပျော့မှာ ရွှံ့နွံလူးနေရပါတယ်။ ဒါကသူတို့ရဲ့ သဘာဝပါပဲ။ တိရစ္ဆာန်ဆိုတာ လူပြုသမျှနုရတဲ့သတ္တဝါတွေ ဖြစ်ပါတယ်။ လူနဲ့တိရစ္ဆာန်ကြားမှာ စကားပြောဆက်သွယ်လို့ မရပေမယ့် မေတ္တာတရားဆိုတာတော့ ရှိပါတယ်။ လူကသူ့ကို ပြုစုမှုကောင်းရင်သူတို့ကလည်း လူတွေကိုသံယောဇဉ်တွယ်ပါတယ်။
တချို့လယ်သမားကြီးတွေက အကြောင်းတစ်စုံတစ်ရာကြောင့် သူတို့အသုံးပြုနေတဲ့ ကျွဲ၊ နွားတွေကိုအခြားသူထံရောင်းလိုက်ရင် သူတို့တွေရဲ့မျက်လုံးအိမ်မှာ မျက်ရည်စတွေဝေ့နေတာ၊ ကျနေတာမြင်ဖူးကြပါလိမ့်မယ်။ မမြင်နိုင်တဲ့သံယောဇဉ်ကြိုးတွေဟာ တကယ်ရှိပါတယ်။
ကျွဲအမျိုးအစားတွေကို လေ့လာကြည့်တဲ့အခါ နှစ်မျိုးတွေ့ ရပါတယ်။ အဲဒါတွေကတော့ ခိုင်းကျွဲနဲ့ နို့စားကျွဲတို့ဖြစ်ပါတယ်။ ခိုင်းကျွဲက ရွှံ့နွံလူးတဲ့ကျွဲ အမျိုးအစားဖြစ်ပြီး နို့စားကျွဲကတော့ ရေစိမ်ကျွဲမျိုး ဖြစ်ပါတယ်။ လယ်ကွင်းထဲမှာ ရေတွေပြည့်လျှံနေတဲ့ အချိန်မျိုး၊ လယ်ကွင်းထဲမှာရေမရှိရင် ချောင်းရိုးအစပ်တွေမှာ ရေစိမ်နေတာမျိုးတွေ့ဖူးပါတယ်။ ရွှံ့လူးကျွဲကျတော့ ရွှံ့ထဲမှာ ဘယ်ညာလူး နေတတ်ပါတယ်။
ကျွဲ..ကျွဲ..ဘာလို့လူး ဖြုတ်ကိုက်လို့လူး ဆိုတာကြားဖူးကြမှာပါ။ ဖြုတ်ဆိုတာ ကိုက်တတ်တဲ့ သေးငယ်တဲ့ယင်တစ်မျိုးပါပဲ။ ဘယ်လိုမှရှောင်လို့မရတဲ့အခါကျတော့ ကျွဲတွေက ရွှံ့ထဲမှာလူးနေလိုက်တာပါပဲ။
ရွှံ့လူးတဲ့ကျွဲဟာ ခန္ဓာကိုယ်ကြီးမားတောင့်တင်းပါတယ်။ အလျားတိုပါတယ်။ ဝမ်းဗိုက်ကြီးမားပြီး ဖောင်းကားနေပါတယ်။ နဖူးပြားပြီးမျက်လုံးအိမ်ထင်ရှားပေါ်လွင်ပါတယ်။ မျက်နှာတိုပြီး နှာပေါက် ကျယ်ပါတယ်။ လည်တံရှည်ပြီး ဘို့စောင်းဟာထင်ရှား ပေါ်လွင်ပါတယ်။ ခြေလက်တွေတိုပြီး သွယ်ပါတယ်။ အထီးနဲ့အမ ပုံသဏ္ဌာန်ခြားနားခြင်းမရှိလှပါဘူး။ ဦးချိုဖျားများပါရှိ၍ ဦးခေါင်းမှအပေါ်ဘေးသို့ ကားပြီး အလယ်ကိုပြန်ပြီးကွေးဝင်နေပါတယ်။ ကျွဲထီးနဲ့ကျွဲမတွေဟာ ဝန်ဆောင်မှုပေးနိုင်တဲ့အရာမှာတူညီပါတယ်။
ရေစိမ်ကျွဲမျိုးကတော့ ကိုယ်ထည်နဲ့မျက်နှာရှည်လျားပြီး ရင်အုပ်သေးပါတယ်။ ခြေထောက်ရှည်ပြီး တုတ်ခိုင်ပါတယ်။ တင်ပါးနဲ့ မြီးညောင်းရိုး ပိုမိုထင်ပေါ်ပါတယ်။ အထီးက အမထက် နဖူးမောက်၍ မျက်နှာ ကျယ်ပါတယ်။ ဦးချိုကတိုပြီးလိမ်နေပါတယ်။ ဒီလောက်ဆိုရင်တော့ ကျွဲနှစ်မျိုးရဲ့ ပုံသဏ္ဌာန်အချိုးအစားတွေကို သိလောက်ပါပြီ။ ဟိုတုန်းကတော့ ကျေးလက်ဒေသတွေမှာ ကျွဲ၊ နွားတွေကို လွယ်လွယ်ကူကူပဲမွေးကြပါတယ်။ မွေးမြူတဲ့နည်းစနစ်တွေကလည်း သိပ်ပြီးမကျယ်ပြန့်သေးပါဘူး။ ခေတ်မီတိုးတက်လာခြင်းနဲ့အတူ အရာရာတိုင်းမှာနည်းစနစ်တွေ ထွန်းကားလာပါပြီ။ နည်းစနစ်မသိရင် ဘာလုပ်လုပ်အောင်မြင်ဖို့ ခက်ခဲပါလိမ့်မယ်။
ကျွဲတွေကို ခြံလှောင်စနစ်နဲ့မွေးမြူခြင်း၊ လွှတ်ကျောင်းစနစ်နဲ့မွေးမြူခြင်းနဲ့ သင့်လျော်ရာနည်းနဲ့ မွေးမြူခြင်းတို့နဲ့ မွေးမြူနိုင်ပါတယ်။ လေဒဏ်၊ မိုးဒဏ်၊ သဘာဝဒဏ်ကို ခံနိုင်တဲ့ တိရစ္ဆာန်တွေဖြစ်လို့ အခုပြောခဲ့တဲ့ မွေးမြူနိုင်တဲ့ နည်းသုံးနည်းနဲ့ မွေးမြူနိုင်ပါတယ်။ ဒါပေမဲ့ တစ်နိုင်တစ်ပိုင်မကဘဲ ကျွဲတွေအများကြီး မွေးမြူတော့မယ်ဆိုရင်တော့ တိရစ္ဆာန်တွေ အလေအလွင့်မရှိအောင် ဂရုတစိုက် မွေးမြူရပါမယ်။ အရေးကြီးတာက မြေနေရာရွေးချယ်ခြင်းနဲ့ အဆောက်အအုံ ဆောက်လုပ်ခြင်းပါပဲ။
ရေဝပ်၊ ရေကြီးခြင်းမရှိတဲ့ ကုန်းမြင့်ဒေသဖြစ်ဖို့နဲ့ သောက်သုံးရေလုံလောက်စွာရနိုင်တဲ့နေရာ ဖြစ်ရပါမယ်။ အဆောက်အအုံဆောက်လုပ်တဲ့အခါမှာ ဒေသထွက်ပစ္စည်းတွေနဲ့ဆောက်လို့ရပါတယ်။ အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းစေဖို့အတွက် အမိုးကိုထပ်ဆင့်အမှီပြုလုပ်ပေးနိုင်ပါတယ်။ ကြမ်းခင်းကိုတော့ အလယ်မှတံစက်မြိတ်ဘက်ကို နိမ့်လျှောထားရပါမယ်။ နိမ့်လျှောထားမှသာ အညစ်အကြေးတွေ အပြင်ဘက်ကို အလွယ်တကူ ဆေးကြောထုတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။
ကျွဲတွေမှာထူးခြားတာတစ်ခုကတော့ သားပေါက်တဲ့ရာသီပဲ ဖြစ်ပါတယ်။ ကျွဲတွေသားပေါက်ရာသီက သြဂုတ်လကနေ အောက်တိုဘာလအတွင်းဖြစ်တယ်လို့ သိရပါတယ်။ ကျွဲငယ်လေးတွေ သန်ကောင်ရောဂါကြောင့် သေပျောက်နှုန်းမြင့်မားတတ်တဲ့အတွက် ကျွဲမများအား သားမစပ်မီ သန်ချဆေးကျွေးမွေးဖို့ လိုအပ်ပါတယ်။ ဒါက အထူးသတိပြုသင့်တဲ့ အချက်တစ်ချက်ပါပဲ။ ကျွဲငယ်တွေပေါက်ဖွားလာလို့ ၁၅ ရက်သားမှာတစ်ကြိမ်၊ ၄၅ ရက်သားမှာတစ်ကြိမ် သန်ချသင့်ပါတယ်။
နို့စားကျွဲတွေကို နို့ညှစ်ရာမှာ ကျွဲငယ်တွေအတွက် နို့ကိုလုံလောက်အောင်ချန်ထားရပါမယ်။ ဒါမှကျွဲငယ်လေးတွေ အတွက် နို့၀၀လင်လင်ရှိနေမှာပါ။ ခိုင်းကျွဲတွေမှာတော့ ကျွဲငယ်တွေဟာ မိခင်ကျွဲမကြီးနဲ့အတူ လွှတ်ကျောင်းထားရှိတဲ့အတွက် နို့ကိုလုံလုံလောက်လောက်ရရှိပါတယ်။ ကျွဲငယ်တွေကိုအစာကျွေး တဲ့အခါမှာ ပြောင်းဝါ၊ ဆန်ကွဲ၊ ပဲဖတ်/နှမ်းဖတ်ဒါတွေ ကျွေးရပါမယ်။ အချိုးအစားအနေနဲ့ဆိုရင် ပြောင်းဝါက ၆၀ ရာခိုင်နှုန်း၊ ဆန်ကွဲက ၂၀ ရာခိုင်နှုန်း၊ ပဲဖတ်/နှမ်းဖတ်က ၂၀ ရာခိုင်နှုန်း စုစုပေါင်း ၁၀၀ ရာခိုင်နှုန်းအပြည့်ကျွေးရမှာ ဖြစ်ပါတယ်။
ကျွဲတွေကို လူတွေက ခိုင်းစားနေသလို ကျွဲတွေ စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ အလုပ်လုပ်ချင်လာအောင်လည်း လူတွေကပြုစုစောင့်ရှောက်ရပါတယ်။
ခိုင်းကျွဲတစ်ကောင်အတွက် တစ်နှစ်စာပျမ်းမျှ အစာစိမ်း၁၀ တန်၊ ကောက်ရိုး ၂ တန်၊ အစာနု ၁ တန်လိုအပ်တယ်လို့ သုတေသီတွေပြောပါတယ်။ ကျွဲတွေကို အလွန်ခိုင်းထားပြီး အလုပ်ပင်ပန်းတဲ့ အခါမှာတော့ မြေပဲဖတ်၊ နှမ်းဖတ်ကို အဓိကထားကျွေးဖို့ လိုအပ်ပါတယ်။ ခိုင်းကျွဲထီးတွေကို အသက် ၃-၄ နှစ်အရွယ်မှာ အခိုင်း
လေ့ကျင့်ပေးရပါမယ်။ အရွယ်ရောက်တဲ့အခါ သင်းကွပ်ပေးရပါတယ်။
နို့စားကျွဲတွေကိုပြုစုစောင့်ရှောက်ဖို့အတွက် စပ်စာတွေကို ဂရုစိုက် ကျွေးရပါမယ်။ ပြောင်းအချိုးအစား ၁ ချိုးဆိုရင် ပဲစင်းငုံအခွံက ၄ ချိုး၊ ဂျုံဖွဲ ဒါမှမဟုတ်ကုလားပဲ ၂ ချိုးနဲ့ နှမ်းဖတ် ၃ ချိုးရောစပ်ရပါတယ်။
ဒါကနို့စားကျွဲတစ်ကောင် တစ်ရက်မှာ နို့ ၅ ပိဿာထွက်ရှိဖို့အတွက် စပ်စာဖြစ်ပါတယ်။ နို့ထွက် တစ်ပိဿာတိုးရင် အစာ ၆၀ ကျပ်သားနှုန်း တိုးကျွေးရပါမယ်။ ကျွဲတွေမှာ ကောင်းမွန်တဲ့ စားကျက်မရှိလို့ ရှိရင် ဖြည့်စွက်အစာကျွေးပေးရပါတယ်။ ဖြည့်စွက်အစာတွေကတော့ ယူရီးယားသကာတုံး၊ နွားစာချဉ်ဖတ်တွေကျွေးမွေးနိုင်ပါတယ်။
သက်ရှိသတ္တဝါတိုင်းဟာ ဖျားခြင်း၊ နာခြင်းစတဲ့ရောဂါတွေ ရနိုင်တာမို့ ကျွဲတွေမှာလည်း ဒီအတိုင်းပါပဲ။ ရောဂါတွေ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ များသောအားဖြင့် ကူးစက်ရောဂါပါပဲ။ ကျွဲ၊ နွားကူးစက်ရောဂါ တွေအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်အရ အချိန်မှန်မှန်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ကျွဲရောဂါကာကွယ်ဆေးတွေအနေနဲ့ ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေး၊ ထောင့်သန်းရောဂါ ကာကွယ်ဆေး၊ ခွာနာလျှာနာရောဂါကာကွယ်ဆေး၊ လည်ချောင်းကွဲရောဂါကာကွယ်ဆေးတွေကို ထိုးနှံပေးထားရပါမယ်။ ဒါမှလည်း ရောဂါကင်းပြီး သန်မာဖျတ်လတ်တဲ့ကျွဲတွေဖြစ်နေမှာပါ။
ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုထိရောက်တဲ့နည်းစနစ်ဖြစ်ပါတယ်။ သင့်မွေးမြူရေးခြံမှာ ကျွဲ၊ နွားတွေ ခွာနာလျှာနာကင်းဝေးစေဖို့ဆိုရင် ကာကွယ်ဆေးမှန်မှန်ထိုးရပါတယ်။ ရာသီဥတုအကူးအပြောင်းတွေမှာ ခွာနာလျှာနာရောဂါကူးစက်ဖြစ်ပွားတတ်ပါတယ်။ အဖျားတက်ခြင်း၊ သွားလာလှုပ်ရှားရာတွင် တုံ့ဆိုင်းခြင်း၊ ပါးစပ်မှအကျိအချွဲများကျလာခြင်း(တံတွေးများစီးယိုခြင်း)၊ ရေသောက်နည်းလာခြင်း၊ မောပန်းခြင်း၊ ခံတွင်းပျက်ခြင်း(အစာမစား၊ စားမြုံ့မပြန်ခြင်း)၊ အနာဖြစ်ပေါ်မည့်ခြေထောက်မှာ ကြာကြာမထောက်ဘဲ ပိုးရှိတဲ့ ခြေထောက်နောက်သို့ ကန်နေတတ်ခြင်းတွေဟာ ရောဂါလက္ခဏာတွေဖြစ်ပါတယ်။ ခွာနာလျှာနာဖြစ်နေတဲ့ ကျွဲတွေကို သီးခြားခွဲထားရပါမယ်။ တိုင်းရင်းဆေးနဲ့ ကုသမယ်ဆိုရင်တော့ ရခိုင်ငှက်ပျောသီးအား ပျားရည်သုတ်လိမ်း၍ ကျွေးပေးခြင်းဖြင့် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ ကျွဲမတွေရဲ့မျိုးပွားမှုနဲ့ပတ်သက်လို့ ဗဟုသုတအနေနဲ့ပြောရရင် ကျွဲမတွေအရွယ်ရောက် ချိန်ဟာ ခိုင်းကျွဲဆိုရင် ၄ နှစ်၊ နို့စားကျွဲဆိုရင် ၃ နှစ်ဖြစ်ပါတယ်။ ကျွဲမတွေ ကိုယ်ဝန်ဆောင်တဲ့ကာလကတော့ ရက်ပေါင်း ၂၉၉ ရက်မှ ၃၂၅ ရက်ဖြစ်ပါတယ်။ သားပေါက်ပြီး ကျွဲမတစ်ကောင်ဟာ သားမွေးပြီး ၄၂ ရက်မှ ၅၁ ရက်အတွင်းမှာ မြိုင်ပေါ်ပါတယ်။
သူတို့တွေ(ကျွဲတွေ)ကျန်းမာသန်စွမ်းနေမယ်ဆိုရင် လူတွေစီးပွားရေးအတွက် လှည်းဆွဲတဲ့အခါ၊ သစ်ဆွဲတဲ့အခါ၊ ကုန်ပစ္စည်းတင်တဲ့အခါ၊ လယ်ယာလုပ်ငန်းခွင်မှာအသုံးပြုတဲ့အခါ ဒါမှမဟုတ် အခြားတစ် နည်းနည်းနဲ့ ခိုင်းစေတဲ့အခါတွေမှာ စိတ်ဆင်းရဲခြင်းကင်းစွာနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီကနေ့အချိန် အခါကာလဟာ နည်းပညာတွေ အလွန်တိုးတက်နေတဲ့ကာလဖြစ်နေတာမို့ တောင်သူလယ်သမား ဦးကြီးများနဲ့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ တိရစ္ဆာန်နဲ့ပတ်သက်လို့ မိမိတို့ မဖြေရှင်းနိုင်တဲ့ကိစ္စတွေ ပေါ်လာခဲ့ရင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကို ဆက်သွယ်ဆောင်ရွက်ကြဖို့ အကြံပြုရင်း ဆောင်းပါးကို နိဂုံးချုပ်ပါတယ်။ ။
အာကာမောင်မောင်