ဉာဏ်အလင်းပညာအရေးသာဖို့ ရင်သွေးများကိုကျောင်းအပ်စို့
နိုင်ငံတစ်နိုင်ငံဘက်စုံဖွံ့ဖြိုးရေးအတွက် ပညာရေးသည် ကဏ္ဍတစ်ခုအနေဖြင့် ထိပ်ဆုံးမှရပ်တည်နေလေ့ရှိသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အောင်မြင်ရေး၊ အဆောက်အအုံနှင့် လမ်းတံတား တည်ဆောက်ရေး၊ အိုင်တီနည်းပညာမြှင့်တင်ရေး၊ စက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ရေး အစရှိသောအရေးပါသည့်နယ်ပယ်အသီးသီးတွင် ပညာ၏ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိရသည်။ ပညာသင်ကြားခြင်းသည် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်း ဖြစ်သည်။ ပညာအရင်းအနှီးဖြင့်ပင် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်နိုင်ခွင့်ရှိခြင်းကြောင့် ပညာကို ကြိုးစားသင်ယူကြရမည်ဖြစ်သည်။
ဘဝအုတ်မြစ်ခိုင်ခံ့အောင် တည်ဆောက်ကြရာတွင် ပညာရေးသည် အခြေခံအကျဆုံးဖြစ်သည်။ ကျောင်းတွင်း ပညာသင်ယူခြင်းကို အစပြု၍ ဘဝကိုပိုမိုတောက်ပအောင် ဆောင်ရွက်ကြရပေသည်။ ပညာအရင်းအနှီး ကြီးမားလှသည်။ သင်ယူနိုင်စွမ်းရှိသလောက် ဦးနှောက်ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေသည်။ ဖြတ်ထိုးဉာဏ်နှင့် ဗဟုသုတအထွေထွေတိုးပွားရရှိစေရန်များစွာ အထောက်အကူပြုပေသည်။ ပညာလိုအိုသည်တိုင် သင်ယူနိုင်စွမ်းရှိသဖြင့် ပညာ၏အရေးပါမှုကို သိရှိကြရသည်။ ပညာရေးကိုဗဟိုပြု၍ အကျင့်စာရိတ္တကို ပြုပြင်ပေးနိုင်သည်။ လောက အကျိုးသယ်ပိုးခြင်း၊ ကိုယ်ချင်းစာတရား လက်ကိုင်ထားခြင်း၊ မျှဝေခြင်းကဲ့သို့ ကောင်းမွန်သော စိတ်စေတနာများ တိုးပွားစေနိုင်သည်။
နိုင်ငံတော်၏ မျှော်မှန်းချက်သည် ကျယ်ဝန်းသည်။ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာ၊ စက်မှုပညာရပ်များကို လွယ်လင့်တကူ သင်ကြားခွင့်ရရှိမှု ဦးတည်ချက်ထက်သာလွန်သော အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ပန်းတိုင်အထိ ရည်မှန်းထားပေသည်။ ပညာသင်ကြားသူတိုင်း အနာဂတ်အလင်းတန်းကို မြင်နိုင်ခွင့်ရှိသည်။ ပညာနှင့်အလုပ်အကိုင်တွဲစပ်ဖော်ဆောင်သည့် ပညာရေးစနစ်တွင် ကျောင်းသား၊ ကျောင်းသူအားလုံး လိုက်ပါရမည်ဖြစ်သည်။ မိမိ နှစ်သက်ရာဘာသာရပ်အလိုက်၊ ဝါသနာအလိုက်ရွေးချယ်ပြီး နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အခန်းကဏ္ဍ၊ စက်မှုနည်းပညာကဏ္ဍသစ်များကို ပီပီပြင်ပြင်ဖွင့်လှစ်နိုင်ပေသည်။ ပညာခေတ်တွင် ပညာဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသည့်အလျောက် မိဘများအနေဖြင့် မိမိရင်သွေးကလေးများကို ပညာအမွေပေး လက်မနှေးသင့်ပေ။
သို့ဖြစ်၍ ပညာခေတ်တွင် ပညာရှာဖွေရမည်ဖြစ်သည်။ ပညာရေးအလှမ်းမဝေးရအောင် အနာဂတ်ရင်သွေး ကလေးများကို ကျောင်းအပ်နှံပေးရမည်ဖြစ်သည်။ကလေးဟူသည် ကစားမက်သည်။ အိမ်ကိုခင်တွယ်သည်။ မိဘအပေါ် သံယောဇဉ်တွယ်တာသည်။ မူကြိုကျောင်းသည် စာသင်ကျောင်းသို့မပို့ဆောင်မီ ကလေးများကျောင်းနေပျော်ရန် လေ့ကျင့်ပို့ဆောင်ရသော ကျောင်းတစ်ကျောင်းဖြစ်သည်။ မိဘများသည် ကလေးငိုယိုနေပါလျှင် ချော့မြှူ၍ကျောင်းကို ပို့ဆောင်ကြရသည်။ ကလေး၏မျက်ရည်သည် တစ်ခဏတာ သနားစရာဖြစ်ပေသည်။ တဒင်္ဂသနားစိတ်ဖြင့် ကျောင်းမပို့လျှင် တစ်ဘဝစာအတွက် နစ်နာနိုင်ပေသည်။ ကလေးသဘာ၀ ကျောင်းနှင့်စိမ်း၍ ဝမ်းနည်းနိုင်သည်။ အသားတကျမဖြစ်သေး၍ ကျောင်းမပျော်စိတ် ကြီးထွားနေနိုင်သည်။ ကျောင်းနေပျော်အောင် မိဘ၊ ဆရာများက ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်သည်။
ယနေ့ခေတ်သည်အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များပေါများ လာစေရေး ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ်သာတူညီမျှ ပညာသင်ယူခွင့်အခွင့်အလမ်းများ ပိုင်ဆိုင်ရရှိနေချိန် ဖြစ်သည်။ နိုင်ငံတော်၏ အထူးပညာရေးမျှော်မှန်းချက်တစ်ရပ်လည်းဖြစ်သည်။ ပညာရေးတွင် ဆုံးခန်းတိုင်ပြီး မြောက်အောင်သင်ယူခြင်းဖြင့် ပိုမိုကောင်းမွန်သော ပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်ပေသည်။
အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ယူတတ်မြောက်ပြီး သက်ဆိုင်ရာ လုပ်ငန်းခွင် အသီးသီးသို့ ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ လမ်းပွင့်လျက်ရှိပေသည်။
ကလေးများအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် ပညာသင်ယူခွင့်ရရှိမှုသည် နိုင်ငံတော်၏ ပညာရည်မြင့်မားရေးကြိုးပမ်းဆောင်ရွက်မှုတစ်ခုဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများ ပညာ သင်ယူခွင့်အခွင့်အလမ်းများ ဆုံးရှုံးနစ်နာမှုမရှိစေရေး မျှော်မှန်းဆောင်ရွက်မှုဖြစ်သည်။ ကလေးများ၏ ပညာအရည်အသွေးမြှင့်တင်ဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသော တိုက်တွန်းသံနှင့်အတူ မိဘများမှရင်သွေးငယ်များကို ကျောင်းအပ်နှံရေးရက်သတ္တပတ် နေ့ရက်များအတွင်း ကျောင်းအပ်နှံပေးရန်လိုပေသည်။ ကျောင်းအပ်နှံရာတွင် ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ အခမဲ့ရယူလျက် ကျောင်းနေပျော်အောင် ကြိုးစားကြရမည်ဖြစ်သည်။ ပညာပြည့်၀ နှလုံးလှသည့် ဆရာ၊ ဆရာမများ၏ကြိုဆိုအပြုံးနှင့်အတူ သင်ကြားပြသမည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာ သင်ယူလျက် အနာဂတ်ပညာခေတ်ကို မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူများအားလုံး၏ပူးပေါင်းစွမ်းအားဖြင့် မြှင့်တင်ကြရမည်ဖြစ်သည်။
ပညာသည် အကောင်းဆုံးဥစ္စာဖြစ်သည်။ မျက်မှောက်ဘဝကောင်းကျိုး စွမ်းဆောင်နိုင်သကဲ့သို့ သံသရာတစ်ဖက်ကမ်းတက်လှမ်းရာတွင် အထောက်အပံ့ကောင်းသဖွယ်ဖြစ်သည်။ ပညာအတိမ်အနက်ဖြင့် စိတ်ပိုင်းဖြတ်နိုင်သည့် အလုပ်များစွာရှိပေသည်။ သို့ဖြစ်၍ ပညာကို အပတ်တကုတ်လေ့လာ အားထုတ်ကြရမည် ဖြစ်သည်။ ပုံမှန်ကြိုးစား၍ တစ်နှစ်တစ်တန်းအောင် လိုသူများရှိကြသကဲ့သို့ ထူးချွန်စွာ အောင်မြင်လိုသူများရှိပေသည်။ ထူးချွန်စွာအောင်မြင်လိုသူတိုင်း ကျောင်းစာဘက်တွင် အချိန်ပေးလေ့ရှိသည်။ အချိန်ကိုစနစ်တကျစီမံခန့်ခွဲပြီး ဘာသာရပ်အလိုက် သင်ယူမှတ်သား လေ့ကျင့်ကြသည်။ စာကြိုးစားသူအတွက် အချိန်ပိုလေ့မရှိပေ။ အချိန်နှင့်ဒီရေသည် လူကိုမစောင့် ဆိုစကားအတိုင်းကုန်ဆုံးသွားသောအချိန်သည် ပြန်လည်အစားထိုး၍မရနိုင်ပေ။
မိဘ၊ ဆွေမျိုးနှင့် မိမိပတ်ဝန်းကျင်ကို အစဉ်အမြဲကိုယ်စားပြုနေမည့် ပညာသင်ကြားမှုဖြစ်စဉ်တွင် ကျောင်းသား၊ ကျောင်းသူများသည် အဓိကဇာတ်လိုက်များဖြစ်သည်။ ဇာတ်ကောင်စရိုက်ပီပြင်စွာ ကျောင်းသွားရမည်။ စာကိုကြိုးစား သင်ကြားကြရမည်။ ကျောင်းနေပျော်၍စာတော်သော ကျောင်းသား ကလေးများ ဖြစ်ကြရမည်။ ပညာသင်ကြားရခြင်း၏ အနှစ်ချုပ်ကို လေ့လာမည်ဆိုပါက မိမိနောင်ရေး ကောင်းစားရေးအတွက်သာဖြစ်သည်။ ပညာရွှေအိုး လူမခိုးနိုင်ပေ။ မိမိသင်ကြားတတ်မြောက်သည့် ပညာဥစ္စာဖြင့် ရေရှည်အကျိုးစီးပွားကို ဖန်တီးနိုင်ပေသည်။ ပညာခေတ်တွင် ကျယ်ပြန့်သော အတွေးအမြင်များစွာဖြင့် ဝါသနာအလိုက် ကြိုးစားရယူနိုင်မည့် အခွင့်အလမ်းများစွာ ပေါ်ပေါက်လာသည်။ အဆိုပါအခွင့်အရေး လက်လွှတ်မခံဘဲ အမိအရ ဖမ်းဆုပ်သွားကြရမည်ဖြစ်သည်။
ပညာသည် ကြီးစွာသောအရင်းအနှီးဖြစ်သည်။ ပညာဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ရှာဖွေလုပ်ကိုင်သည်။ ပညာရည်မြင့်မားမှုအလိုက် ပိုမိုကောင်းမွန်သည့် မိမိ၏အနာဂတ်ဘဝအလှကို ဖန်တီးနိုင်ပေသည်။ သို့ဖြစ်၍ မိဘများသည် သားသမီးများပညာသင်ကြားရေးကို အားပေးရမည်ဖြစ်သည်။ ပညာလိုလားသူတိုင်း ပညာရေးမှရရှိသည့် အသိဉာဏ်ပညာကိုရရှိနိုင်ပြီး ကိုယ်ပွားတစ်ခုပမာ အခက်အခဲပြဿနာများကို ကောင်းစွာဖြေရှင်းနိုင်ရေး လမ်းညွှန်ပေးစွမ်းနိုင်သည်။ ပညာရေးသည် နည်းပေးလမ်းပြပြုရာတွင် လွန်စွာလွယ်ကူသဖြင့် ပညာသင်ကြားရမည်ဖြစ်သည်။
အသိပညာ၊ အတတ်ပညာဖြင့်သာ လူ့အရည်အချင်း ပြောင်လက်အောင် စွမ်းဆောင်နိုင်ပေသည်။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးရေသောက်မြစ်ဖြစ်သည်။ နိုင်ငံ၏အနာဂတ် ပိုမိုကောင်းမွန်စေရေး ပညာရေးဖြင့် မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် ပြောင်မြောက်သော ပညာရေး၏အရေးပါမှုကို တွေ့ရှိရပေသည်။ ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်စွမ်းရှိသည့် ပညာသင်ကြားမှု ဖြစ်စဉ်များကို ရပ်တန့်မပစ်ဘဲ ဆက်လက်လျှောက်လှမ်းသွားကြရမည်ဖြစ်သည်။ မိဘအားလုံး ကလေးပညာရေး ကောင်းမွန်ရေး၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းပြင်ပမရောက်ရှိရေး အဓိကရည်မှန်းချက်များဖြင့် အနာဂတ် ခေါင်းဆောင်လောင်းများ ဖြစ်သည့် သားသမီးရတနာကလေးများကို ကျောင်းအပ်နှံပေးကြရန် ဆန္ဒမွန်ဖြင့် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
ထက်ဝေအောင်(စစ်ကိုင်း)