(၁၁၈)ကြိမ်မြောက်ထုတ်ဝေသည့် ရုရှားနိုင်ငံ၏ နိုင်ငံရေး စာစောင်တစ်ခုဖြစ်သည့် Politics Magazine တွင် ရုရှား- မြန်မာ ချစ်ကြည်ရေး အသင်း၏ဥက္ကဋ္ဌ  Mr.Mikhail Dmitriev ရေးသားဖော်ပြထားသော  ''တောင့်တင်း ခိုင်မာသော တပ်မတော်သည် အမိမြေ ငြိမ်းချမ်းသာယာရေး၏ အာမခံချက်ဖြစ်

(၁၁၈)ကြိမ်မြောက်ထုတ်ဝေသည့် ရုရှားနိုင်ငံ၏ နိုင်ငံရေး စာစောင်တစ်ခုဖြစ်သည့် Politics Magazine တွင် ရုရှား- မြန်မာ ချစ်ကြည်ရေး အသင်း၏ဥက္ကဋ္ဌ  Mr.Mikhail Dmitriev ရေးသားဖော်ပြထားသော  ''တောင့်တင်း ခိုင်မာသော တပ်မတော်သည် အမိမြေ ငြိမ်းချမ်းသာယာရေး၏ အာမခံချက်ဖြစ်သည်''ခေါင်းစဉ်ပါ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကြောင်း ဆောင်းပါးအား ဘာသာပြန်ဆို ရေးသား ဖော်ပြခြင်း

(၁၁၇)ကြိမ်မြောက်ထုတ်ဝေခဲ့သော Politics Magazine တွင် ရေးသားဖော်ပြခဲ့သော  ဆောင်းပါး တစ်ပုဒ် ဖြစ် သည့် ''တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်  အချုပ်အခြာအာဏာ နယ်နိမိတ်တည်တံ့ ခိုင်မြဲရေး အတွက်  အာမခံချက်ဖြစ်သည်'' ခေါင်းစဉ်ပါ ဆောင်းပါးကို မိမိအနေဖြင့် အမှတ်ရနေမိပါသည်။ ထိုဆောင်းပါးသည်  Politics  Magazine ၏ လုပ်ငန်းဦးဆောင်သူတစ်ဦးဖြစ်သည့်    Mrs. Takyiana Grozmani နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ တွေ့ဆုံမေးမြန်းမှု မှတ်တမ်းကိုလေးလေးနက်နက် ပြန်လည် ရေးသား ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ ဆွေးနွေးမှု အချက်အလက်များသည် လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းပြီး မြန်မာနိုင်ငံတွင် ယနေ့ ခေတ်ဖြစ်ပေါ် နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတို့ကို ထဲထဲဝင်ဝင် လေ့လာမှတ်သားခွင့် ရရှိရုံသာမက ဖြစ်ပေါ် လာခဲ့ရသည့် သမိုင်းကြောင်း နောက်ခံများ၊ အမျိုးသားရေး စိတ်ဓာတ်နှင့် ခံယူချက်တို့ကိုပါ အတွင်းကျကျ မြင်တွေ့ ခွင့် ရရှိခဲ့ပါသည်။

ထိုဆောင်းပါးကို စိတ်ပါဝင်စားစွာ ဖတ်ရှုပြီးသည့်နောက် မိမိအနေဖြင့် ထိုဆောင်းပါး၏ အဓိက ဇာတ်ဆောင် တစ်ဦး ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အကြောင်းကို လေးစား ဂုဏ်ယူထိုက်သော၊ နိုင်ငံနှင့် လူမျိုး အပေါ် တာဝန်ကျေပွန်သည့် သူရဲကောင်းတစ်ဦး အဖြစ် မှတ်တမ်းတင်ဂုဏ်ပြု ဆောင်းပါးရေး လိုစိတ်များ ပေါ်ပေါက် လာခဲ့ပါသည်။

မိမိတို့နှစ်ဦး တွေ့ဆုံရင်းနှီးခွင့်ရရှိသည်မှာ အချိန် ကာလအားဖြင့် မကြာမြင့်သေးပါ။ မိမိအနေဖြင့် ရုရှား- မြန်မာ ချစ်ကြည်ရေး အသင်း၏ ဥက္ကဋ္ဌရာထူးကို စတင်ခန့်အပ်ခြင်းခံရပြီး မကြာမီတွင်ဖြစ်ပါသည်။ အစတွင် မိမိတို့နှစ်ဦး အကြား အပြန်အလှန်နားလည် မှုရရှိနိုင်မည့် အကြောင်းအချက်မှာ စစ်ပညာဖြင့် အသက်မွေး ဝမ်းကျောင်းပြုသူ အချင်းချင်း ထားရှိမည့်   ရဲဘော်ရဲဘက်စိတ်ဟုသာ ထင်မြင်ယူဆ မိခဲ့ပါသည်။ (မိမိသည်လည်း ဆိုဗီယက်ခေတ်က   ကံကောင်း စွာဖြင့် စစ်ပညာကို ကောင်းစွာလေ့လာဆည်းပူးခွင့် ရရှိခဲ့ဖူးပါသည်။) သို့သော် ပထမဆုံး တွေ့ဆုံခွင့် ရရှိချိန်တွင် ယခင်ကရှိခဲ့သည့် အတွေးအမြင်များကို ပြောင်းလဲစေခဲ့သလိုပြောဆိုဆွေးနွေးမှု ရှေ့ဆက်လာသည်နှင့် အမျှ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စစ်ရေးတွင်သာမက  သမိုင်းနှင့်ယှဉ်ကာ သုံးသပ်နိုင်စွမ်း၊ ကမ္ဘာ့သမိုင်းကို တတ်သိ နားလည်မှု တို့အပြင် နိုင်ငံရေးလှည့်ကွက် များအပေါ် မှန်မှန်ကန်ကန်ကြိုတင်တွက် ချက်အဖြေထုတ်ကာ တိုင်းပြည်နှင့် လူမျိုး အကျိုးစီးပွားကိုထိန်းသိမ်းမည့်  အမြော်အမြင်ကြီးသည့်  ခေါင်းဆောင်တစ်ဦးဖြစ် ကြောင်း သိရှိခွင့် ရရှိခဲ့ပါသည်။ ထို့ပြင် ဗိုလ်ချုပ်မှူးကြီး၏ ဘဝဇာတ်ကြောင်းနှင့် ဗဟုသုတပြည့်စုံကြွယ်ဝမှု တို့မှာ ဥပဓိရုပ် တွင်  လာရောက်ထင်ဟပ်နေသည်ကို သတိပြုမိခဲ့သလို မေးခွန်းအားလုံးအတွက် ကျိုးကြောင်း ခိုင်လုံတရား မျှတသော အဖြေကို နှောင့်နှေး မှုအလျဉ်းမရှိ ပေးစွမ်းနိုင်ခြင်းတို့မှာ မိမိကိုပိုမို စိတ်ဝင်စားစေခဲ့သည်မှာ အမှန် ပင်ဖြစ် ပါသည်။ ထိုမျှမက မိမိတို့နှစ်ဦး ဆွေးနွေးနေစဉ်အတွင်း မိမိအနေဖြင့် လွတ်လပ်ပေါ့ပါးစွာဖြင့် ဖိအားပေးမှု တစ်စုံတစ်ရာကို မခံစား ရသလို တစ်ဖက်မှ နိုင်ငံတစ်နိုင်ငံ၏အကြီး အကဲ ခေါင်းဆောင်တစ်ဦးဖြစ်လင့်ကစား မိမိ အပေါ်သို့ နှိမ့်ချဆက်ဆံသည့်အသွင် အပြင်လုံးဝ(လုံးဝ)မရှိခဲ့ပါ။ ထင်ထားသည်နှင့် ဆန့်ကျင်စွာပင် တန်းတူညီတူ သဘောထား ကာ ရုရှားတွင် ဆိုရိုးရှိသလို မျက်နှာချင်းဆိုင် ရေပြင်ညီ စကားပြောခွင့်   ရရှိခဲ့ပါသည်။

ထို့ကြောင့်ပင် မိမိအနေဖြင့် နားလည်လိုက်သည့် အချက်တစ်ချက်မှာ တိုင်းရင်းသား လူမျိုးစုပေါင်းများစွာ စုပေါင်း နေထိုင်ကြသော နိုင်ငံတွင်  မိမိကိုယ်ကို နှိမ့်ချဆက်ဆံပေး တတ်သော လူသားဆန်သည့် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် အားလုံး၏ ချစ်ခင် လေးစားမှုကို ရရှိနေသည်မှာ မဆန်းပါ။ ဤနေရာတွင် Politics Magazine စာဖတ်သူ ပရိသတ် အတွက် မြန်မာနိုင်ငံ၏ ဖွဲ့စည်းဖြစ်တည်မှု နှင့်ပတ်သက်၍ အနည်းငယ် အသေးစိတ် ရှင်းလင်း ရေးသား ပေးလိုပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (၁၉၈၉ ခုနှစ်အထိ ဗမာနိုင်ငံဟု လူသိများခဲ့ပြီး ၂ဝ၁၁ ခုနှစ်နောက်ပိုင်းမှ မြန်မာ ပြည် ဟု သိရှိလာခဲ့ကြသည့် နိုင်ငံ)သည် အရှေ့တောင်အာရှတွင် တည်ရှိပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံ၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊  လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပါသည်။ ထိုနိုင်ငံသည် ယနေ့အချိန်တွင် ရုရှားတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူလူထုအကြား စိတ်ဝင် စားမှု ထင်သလောက် မရရှိသေးသော်လည်း ၎င်းတို့၏စိတ်ဝင်စားမှုမှာ နှစ်စဉ်နှင့်အမျှ တိုးပွားလာလျက် ရှိနေပါ သည်။ ယခင်က ဗမာနိုင်ငံဟု အမည် တွင်ခဲ့ပါသည်။  ယခင်ရာစုနှစ်များဆီက  လွန်စွာကြီးမားပြီး သြဇာ အာဏာ ရှိသည့်  ဗမာအင်ပါယာကြီးအဖြစ် ရပ်တည်ခဲ့ဖူးပါ သည်။  သို့သော်  (၁၉)ရာစုတွင် ဗမာနိုင်ငံသည်   ဗြိတိသျှ- အိန္ဒိယလက်အောက်ခံ ကိုလိုနီနိုင်ငံအဖြစ် စာရင်းဝင်ခဲ့ပြီးနောက် သီးခြားကိုလိုနီနိုင်ငံအဖြစ် ခွဲထုတ်ခြင်း ခံခဲ့ ရပါသည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်းတွင် မြန်မာနိုင်ငံသည် ဖက်ဆစ်ဂျပန်တို့၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီး     အိန္ဒိယသို့  ဆက်လက် တိုက်ခိုက်ရာတွင် စစ်တလင်းပြင် အဖြစ်    အသုံးချခြင်းကိုခံခဲ့ရပါသည်။

ထို့နောက် လွတ်လပ်ရေးကြိုးပမ်းမှုများ တက်ကြွစွာစတင်လာခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် လွတ်လပ်သော  အချုပ် အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ပြန်လည်ရပ်တည် လာနိုင်ခဲ့ပါသည်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံ၏ နယ်နိ မိတ် အကျယ်အဝန်းမှာ ၆၇၆၅၇၈  စတုရန်းကီလိုမီတာရှိပြီး လူဦးရေ ၅၄ သန်းခန့် နေထိုင်လျက်ရှိပါသည်။ ၎င်းတို့အနက်မှ ၆၈ ရာခိုင်နှုန်းသည် ဗမာလူမျိုးများ ဖြစ်ပြီး ရှမ်းလူမျိုး  ၉  ရာခိုင်နှုန်း၊ ကရင်လူမျိုး  ၇ ရာခိုင်နှုန်း၊ ရခိုင် လူမျိုး ၃ ဒသမ ၅ ရာခိုင်နှုန်း၊ မွန်လူမျိုး ၂ ရာခိုင်နှုန်း၊ ကချင်လူမျိုး၁ ဒသမ ၅ ရာခိုင်နှုန်း၊ ကယားလူမျိုး သုညဒသမ  ၇၅  ရာခိုင်နှုန်း၊  တရုတ်လူမျိုး  ၂ ဒသမ ၅ ရာခိုင်နှုန်း၊ ဟိန္ဒူလူမျိုး ၁ ဒသမ ၂၅ ရာခိုင်နှုန်းတို့အပြင် အခြား တိုင်းရင်းသား လူမျိုးပေါင်းများစွာသည်လည်း မြန်မာနိုင်ငံ အတွင်း နေရာဒေသအနှံ့အပြား၌ ဖြန့်ကြက် နေထိုင်လျက်ရှိကြပါသည်။  စုစုပေါင်းအနေဖြင့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစုပေါင်း ၁၃၅ မျိုးစုပေါင်း နေထိုင် လျက်ရှိ ကြပါသည်။ မြန်မာနိုင်ငံတွင် တရုတ်နှင့် အိန္ဒိယ   လူမှုအဖွဲ့အစည်းကြီးများ ဖွဲ့စည်း တည်ရှိ လျက်ရှိသည်။ နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံမှာ အသက်  ၁၄  နှစ်အောက် လူငယ်များဖြစ်ကြပြီး နှစ်စဉ်လူဦးရေ တိုးနှုန်း သည် ၁ရာခိုင်နှုန်း နီးပါးခန့် လျော့နည်း လျက်ရှိနေပါသည်။ သို့သော် မိမိအမြင်အရ အရေးပါသည့် အချက်မှာ WHO မှပညာရှင် တို့၏သုံးသပ်ချက်များအရ မြန်မာနိုင်ငံ၏ Literacy Rate (ပညာတတ် ဦးရေ အချိုး ကိန်း)မှာ  ၉၁  ဒသမ ၉ ရာခိုင်နှုန်း ရှိသည့် အချက်ပင်ဖြစ်ပါသည်။

ဤနေရာတွင် စဉ်းစားရမည့်အချက်မှာ ထိုကဲ့သို့ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ပြီး အသိပညာ၊ အတတ်ပညာ အရလည်း အရည်အချင်းပြည့်ဝနေသည့် ပြည်သူလူထုကို အတူတကွ ပေါင်းစည်း ထိန်းချုပ်ရန်မှာ လွန်စွာ ခက်ခဲသည့်အပြင် တိုင်းပြည်၏ သမိုင်းတွင်လည်း သဘောထားအမြင် ကွဲလွဲမှုများစွာ ရှိခဲ့ကြသည့်အချက်ကို လည်း ထည့်သွင်း စဉ်းစားကြရ ဦးမည်ဖြစ်ပါသည်။ ထိုအကြောင်းအရာကို အသေးစိတ် ရှင်းလင်းရမည်ဆိုလျှင်  နိုင်ငံ၏ကိုးကွယ်သည့် ဘာသာက  စရမည် ဖြစ်သည်။  မြန်မာနိုင်ငံ၏ကိုးကွယ်မှုမှာ  ထေရဝါဒဗုဒ္ဓဘာသာ ဖြစ်ပြီး   လူဦးရေ၏ ၈၉  ဒသမ  ၉  ရာခိုင်နှုန်းက  ယုံကြည် ကိုးကွယ်လျက်ရှိပြီး ခရစ်ယာန်ဘာသာ(ရိုမန်ကက်သလစ်၊ အော်သို ဒေါ့က်စ်၊ ပရိုတက် စတင့်)ကို ယုံကြည်ကိုးကွယ်သူ ၆ ဒသမ ၃ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာယုံကြည် ကိုးကွယ်သူ ၂ ဒသမ ၃ ရာခိုင်နှုန်း၊ ရိုးရာနတ်ကိုးကွယ်သူ သုည ဒသမ ၈ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာ ယုံကြည်ကိုးကွယ်သူ  သုည ဒသမ  ၅  ရာခိုင်နှုန်းရှိပါသည်။ ယခုလို ခွဲခြမ်းစိတ်ဖြာမှုမျိုးသည်   လက်ရှိရုရှား နိုင်ငံ အတွက်ပင် မဆိုထားနှင့်  ဆိုဗီယက် ပြည်ထောင်စု ခေတ်ကပင် နားလည်နိုင်ရန် မခက်ခဲခဲ့ပါ။ ထို့ကြောင့်ပင် မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုပြီး သံတမန်ရေးရာ ဆက်သွယ်မှုများကို စတင်ဆောင် ရွက်ခဲ့သည့်    နိုင်ငံများထဲတွင်  ဆိုဗီယက် ပြည်ထောင်စုလည်း ပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်