ရွှေရောင်အနာဂတ်ဆီသို့ ကြည်ဖြူစွာလှမ်းကြစို့

 

ရွှေရောင်အနာဂတ်ဆီသို့ ကြည်ဖြူစွာလှမ်းကြစို့

 

    မြန်မာနိုင်ငံအတွင်း ရာဂိမုန်တိုင်းနဲ့ ဆက်စပ်ဖြစ်ပွားခဲ့တဲ့  ရေဘေးဒဏ်သင့် ဒေသများမှာ   ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး  လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက်  စေတနာရှင်၊ အလှူရှင်တွေက အလှူငွေပေးအပ်ပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ၌ ကျင်းပ ခဲ့ပါတယ်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  တက်ရောက်ပြီး  အလှူငွေများ လက်ခံကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။ ဒီသတင်းကို ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသလိုက်တဲ့အခါမှာတော့  ရေဘေးဒဏ်သင့်ပြည်သူတွေအတွက် အလွန်ပဲကိုယ်ချင်းစာပြီး  ဝမ်းသာပီတိဖြစ်မိပါတယ်။

အလှူရှင်တွေရဲ့မွန်မြတ်တဲ့စိတ်ထား၊ လူသားချင်းစာနာ ထောက်ထားမှုတွေနဲ့ ပေးလှူတာတွေကို မြင်ရတဲ့အခါ သြော်-ကျွန်တော်တို့  မြန်မာနိုင်ငံမှာ  အရေးအကြောင်းဆို ကူညီနိုင်သူတွေက ကူညီကြပါလားဆိုတဲ့ အတွေးနဲ့   ပီတိဖြစ်ရသလို နိုင်ငံတော်အကြီးအကဲနဲ့ နိုင်ငံတော်အစိုးရရဲ့  လှုပ်ရှားဆောင်ရွက်မှုတွေကလည်း အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ပေးနေတာမို့ ရေဘေးဒဏ်သင့်ပြည်သူတွေ  မကြာခင်မှာ အခြေတကျနဲ့ အနေ လှလှနေရတော့မှာပါလားလို့ တွေးမိပါတယ်။  ဒီကနေ့(စက်တင်ဘာလ ၂၁ ရက်)နေပြည်တော်မြို့တော် ခန်းမမှာ ကျင်းပပြုလုပ်တဲ့ အလှူငွေပေးအပ် လှူဒါန်းပွဲမှာ ငွေကျပ်သန်းပေါင်း ၃၂၂၃ဝ(ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံ)ကျော်   လက်ခံရရှိခဲ့တယ်လို့ သိရှိရပါတယ်။

စိတ်စေတနာ   သဒ္ဓါထက်သန်စွာနဲ့လှူဒါန်းကြတဲ့ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျေးဇူးတင်စကား  ပြန်လည်ပြောကြားခဲ့ရာမှာတော့  ‘‘ဒီနေ့လှူဒါန်းတဲ့ဟာက နိုင်ငံရဲ့ဝန်တစ်ခုကို တစ်စိတ်တစ်ပိုင်း တာဝန်ယူပေးလိုက်တာလည်း    ဖြစ်ပါတယ်၊ ကျွန်တော်မှတ်ထားပါမယ်၊  ဒီဟာနဲ့ ပတ်သက်ပြီးတော့   မှတ်ထားပါမယ်၊  ကျွန်တော်တကယ်မျှော်လင့်တုန်းက   သုံးလေးဘီလီယံလောက်ပဲ  မျှော်လင့်ပါတယ်၊ ထပ်လောင်းပြောရလို့ရှိရင် သဒ္ဓါတရားထက်သန်စွာနဲ့ ဒီနေ့ငွေတွေလာလှူပေးကြတဲ့ အလှူရှင်များ၊  လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးကို ထပ်လောင်းပြီးတော့ ကျေးဇူးတင်ကြောင်း  ထပ်လောင်းပြီးပြောပါရစေ၊ နောင်မှာလည်း  တိုင်းပြည်ရဲ့လိုအပ်ချက်တွေ ရှိလာတဲ့အခါမှာလည်း  ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့အတွက်လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်’’ ဟူ၍ ထည့်သွင်းပြောကြားခဲ့ပါတယ်။

လူတိုင်းက    မိမိတို့နေထိုင်ကြတဲ့ ပတ်ဝန်းကျင်မှာ အကောင်းဆုံးတွေဖြစ်လာဖို့ မျှော်လင့်နေသလို အဆိုးဆုံးတွေကြုံလာရင်လည်း    ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ လူ့သဘာဝကိုက အဆိုးနဲ့အကောင်း ဒွန်တွဲနေတာဖြစ်လို့ အဆိုးတွေ ကွယ်ပျောက်သွားရင်တော့ အကောင်းတွေ ရောက်လာတော့မှာ အမှန်ပါပဲ။ အခုရက်များအတွင်း  မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေဟာမျှော်လင့် မထားဘဲဖြစ်လာတဲ့  သဘာဝဘေး အန္တရာယ်တွေပါပဲ။ မျှော်လင့်မထားဘူးဆိုတာက ဒီလောက်အထိဖြစ်လာလိမ့်မယ်လို့  ထင်မှတ်မထားတာကို ပြောလိုခြင်းပါ။

အခုဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းဟာ အလွန်အင်အားပြင်းထန်တဲ့ မုန်တိုင်းတစ်ခုဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေလည်း အလွန်များပြားခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်း ရာဂိဟာ ဟိုင်နန်ကျွန်းကိုဖြတ်ကျော်ချိန်မှာ ပြင်းထန် ခဲ့ပါတယ်။ နောက်ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်ပါတယ်။ ဗီယက်နမ်မှာလည်း ပြင်းထန်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ မုန်တိုင်းဝင်ပြီး နှစ်ရက်ခန့်အကြာမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းမှာ ပုံမှန်မိုးရွာသွန်းလေ့ရှိပါတယ်။ အခုအခါမှာတော့ ပုံမှန်မိုးရွာသွန်းမှု မဟုတ်ဘဲ မိုးသည်းထန်စွာရွာသွန်းပါတယ်။ တောင်ကျရေတွေ စီးဆင်းပါတယ်။ ချောင်းရေတွေမြင့်တက်လာလို့  ရပ်ကွက်တွေထဲကို ရေတွေဝင်လာပါတယ်။  နေပြည်တော် ပတ်ဝန်းကျင်မှာ စက်တင်ဘာလ ၈ ရက်နေ့က နေရာကျဲကျဲ၊ စက်တင်ဘာလ ၉ ရက်နေ့က နေရာစိပ်စိပ်နဲ့ စက်တင်ဘာလ ၁ဝ ရက်နဲ့ ၁၁ ရက်နေ့တွေမှာတော့ နေရာအနှံ့အပြား မိုးအဆက်မပြတ် ရွာသွန်းခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအရှိန်တွေကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နေပြည်တော် ကောင်စီနယ်မြေနဲ့  တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့ရှိ မြို့နယ်အချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ခဲ့ပါတယ်။ တောင်ကုန်း  တောင်တန်းတွေပေါ်မှ တောင်ကျချောင်းရေတွေ အရှိန်အဟုန်နဲ့ စီးဆင်းခဲ့ပြီး စီးဆင်းရာ လမ်းကြောင်းတစ်လျှောက် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။   အခုကြုံတွေ့ခဲ့ရတဲ့ဒေသတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝ အတွင်း ယခုလို ဆိုးရွားတဲ့ အခြေအနေမကြုံတွေ့ခဲ့ဖူးကြောင်း သိရှိရပါတယ်။ ညအချိန်မိုးရွာသွန်းမှုများပြီး ရုတ်တရက်တောင်ကျရေတွေ အလုံးအရင်းနဲ့  စီးဆင်းလာခဲ့တာဖြစ်လို့ ထိခိုက်မှုများပြားခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါဟာ ထင်မှတ်မထားဘဲဖြစ်လာတဲ့ အခြေအနေတွေပါပဲ။

မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပြည်နယ်နဲ့တိုင်းဒေသကြီး ၉ ခုရှိမြို့နယ် ၅၄ မြို့နယ်မှာ  ရေကြီးရေလျှံမှုဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ရရှိတဲ့စာရင်းတွေအရ လုံးဝပျက်စီးသွားတဲ့ အဆောက်အအုံပေါင်း  ၂၁၄၉  လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့တဲ့အဆောက်အအုံပေါင်း ၃၄၅၅ လုံး၊ ရေဝင်နစ်မြုပ်ခဲ့တဲ့ အဆောက်အအုံပေါင်း  ၁၃၆ဝ၂၃  လုံး စုစုပေါင်း ၁၄၁၆၂၇ လုံးနဲ့ စာသင်ကျောင်းပေါင်း ၅၄၆ ကျောင်း ရေဝင်နစ်မြုပ်ပျက်စီးခဲ့ပါတယ်။ လူဦးရေ ၁၄၈၆၄၃ ဦးရေဘေးဒုက္ခ ရောက်ခဲ့ပြီး ၃၈၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ ကျောင်း ၄၃၅ ကျောင်း၊ လမ်းတံတား ၅၃၃ ခု ရေမျောပျက်စီးခဲ့ပါတယ်။ လျှပ်စစ်မီးတိုင်၂၄၈၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၉၉ ခု၊ တိရစ္ဆာန်သေဆုံးမှု ၁၄၄၉၉၈ကောင်၊  စပါးစိုက်ဧက ၇၃၅၄၆၁ ဧကပျက်စီးခဲ့ပါတယ်။

ဒီလိုမျိုးအခက်အခဲတွေ  ဖြစ်နေတဲ့ အချိန်မှာ  ယခုလိုမျိုး   အလှူငွေများစွာ ထည့်ဝင်ခဲ့တာဟာ ပြည်သူတွေအတွက် ဝမ်းသာကြည်နူးဖွယ်ဖြစ်ရသလို ရေဘေးသင့်သူတွေအတွက်လည်း စိတ်ခွန်အားဖြစ်စေပါတယ်။  သူတို့ရဲ့အနာဂတ် ခရီးဖြောင့်တန်းဖို့၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ မိမိတို့ရဲ့လူမှုစီးပွား ဘဝကိုဖြတ်ကျော်ဖို့ အလှူရှင်၊ စေတနာရှင်တွေရဲ့ လှူဒါန်းပံ့ပိုးမှုတွေဟာ များစွာပဲ အထောက်အကူဖြစ်မှာပါ။ ဖြစ်လည်းဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့လှူချင်၊     တန်းချင်တဲ့စိတ်တွေကြောင့် စေတနာသဒ္ဓါတရား ထက်သန်စွာ   လှူဒါန်းနေကြတာဖြစ်ပါတယ်။

ရေဘေးသင့်ပြည်သူတွေအနေနဲ့ ရေတွေရုတ်တရက်   ဝင်ရောက်စီးဆင်းလာတာဖြစ်လို့  ရရာပစ္စည်းတွေကိုသာ ယူဆောင်လာရတဲ့အတွက် အခက်အခဲများစွာ ရှိနေပါတယ်။

ယခုမုန်တိုင်းကြောင့်  ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့သင်ခန်းစာ တစ်ခုဖြစ်ပါတယ်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊   တိုင်းဒေသကြီးနဲ့ပြည်နယ် အစိုးရအဖွဲ့တွေ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)နဲ့  တိုင်းစစ်ဌာနချုပ်တွေ၊ ပရဟိတအသင်းအဖွဲ့တွေ အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြလို့သာ ပြည်သူတွေ ဘေးလွတ်ရာကို အချိန်မီရောက်ရှိခဲ့တာဖြစ်ပါတယ်။ ကူညီကယ်ဆယ်ပေးကြသူ အပေါင်းရဲ့ ဆောင်ရွက်ချက်ကြောင့် ရေဘေးသင့်ပြည်သူတွေ   အသက်အန္တရာယ်ကနေ ကင်းလွတ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အကြီးအကဲ အနေနဲ့ ကူညီကယ်ဆယ်ရေး စခန်းများရှိ ပြည်သူများအား ၎င်းတို့ရဲ့နေရပ်များမှာ အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးဖို့၊ ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ ပျက်စီးမှု အနည်းအများအလိုက် ဦးစားပေးအဆင့် သတ်မှတ်ပြီး အမြန်ဆုံးပြီးစီးရန်နဲ့  အချိန်အကြာဆုံး ၆ လတာကာလအတွင်း ပြီးစီးစေရေးဆောင်ရွက်ဖို့၊ ပိတ်ထားရတဲ့ကျောင်းတွေ  အမြန်ဆုံး ဖွင့်လှစ်ပေးနိုင်ရေး၊    ဖွင့်လှစ်ချိန်မှာ သင်ခန်းစာများ  လစ်ဟင်းမှုမရှိစေရေး အချိန်ပိုသင်ကြားပေးဖို့၊ ကျောင်းပိတ်ရက် အလွန်များနေမယ် ဆိုပါက နွေရာသီတွင်ပြန်လည် သင်ကြားပေးနိုင်ဖို့စတဲ့ အချက်တွေ လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့  ရေဘေးကူညီကယ်ဆယ်ရေးနှင့်   ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ငွေကျပ် ဘီလီယံ ၃ဝ သုံးစွဲရန် လျာထားပါတယ်။ အခုလှူဒါန်းတဲ့  စေတနာရှင်၊ အလှူရှင်တွေရဲ့ အလှူငွေများဖြင့်လည်း  ရေဘေးသင့်ပြည်သူတွေရဲ့ အနာဂတ်ရွှေရောင်ကဲ့သို့ လင်းလက်တောက်ပအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်လို့လည်းရေဘေးသင့်ဒေသများရှိ ပိတ်ထားရတဲ့ စာသင်ကျောင်းတွေ  ပြန်လည်ဖွင့်လှစ် နိုင်ဖို့ကိုလည်း နိုင်ငံတော် အကြီးအကဲအနေဖြင့် စီမံဆောင်ရွက်နေပါတယ်။

ကျောင်းသားများအားလုံး   အတန်းနဲ့လျော်ညီတဲ့ စာတတ်မြောက်ရေး ဆောင်ရွက်ပေးရမှာဖြစ်လို့ ကျောင်းနဲ့ပတ်သက်၍ ကူညီဆောင်ရွက်လိုပါက ကူညီဆောင်ရွက်နိုင်ပါတယ်။ ပညာရေးနဲ့ ပတ်သက်လို့ထိခိုက်ပျက်စီးခဲ့တ ဲ့အဆောက်အအုံတွေကို နိုင်ငံတော်အစိုးရမှ အမြန်ဆုံးပြင်ဆင် တည်ဆောက်ပေးနိုင်ရေး ဆောင်ရွက်နေပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ လိုအပ်တဲ့ စာအုပ်တွေနဲ့စာရေးကိရိယာတွေကိုလည်း လှူဒါန်းနိုင်ပါတယ်။ စုပေါင်းအားနဲ့ကျော်လွှားရမှာဖြစ်လို့  ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော် လှူဒါန်းတဲ့ အလှူရှင်များအပါအဝင်  နိုင်ငံတစ်ဝန်းလုံးမှာ လှူဒါန်းနေကြတဲ့  အလှူရှင်တွေကိုလည်း   နိုင်ငံတော်အစိုးရနဲ့  ပြည်သူတစ်ရပ်လုံးက   ကျေးဇူးတင်လျက်ရှိပါတယ်။

ကျွန်တော်တို့   ပြည်သူတွေအနေနဲ့ အနာဂတ်မှာ ဒီလိုအဖြစ်မျိုး မကြုံတွေ့ရအောင်    အသိတရားနဲ့သတိထား လုပ်ဆောင်ကြရတော့မှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတွေ  အခုလိုမျိုး ရေဘေးသင့်ဒုက္ခနဲ့ ကြုံတွေ့ရတာကို ဘယ်သူကမှ     စိတ်မချမ်းသာပါဘူး။

ဒါ့ကြောင့် ရေဘေးကယ်ဆယ်ရေး လှူဒါန်းမှုတွေနေ့စဉ်နဲ့အမျှ  လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ရေဘေးမှာ သက်စွန့်ဆံဖျား သွားရောက်  ကယ်ဆယ်ခဲ့ကြတဲ့၊ ကယ်ဆယ်နေဆဲဖြစ်တဲ့   တပ်မတော်သားတွေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့  လူမှုရေးအသင်းအဖွဲ့တွေ၊ စေတနာရှင်တွေဟာလည်း တကယ့်ကို လေးစားဂုဏ်ယူထိုက်ပါတယ်။ ရေဘေးကယ်ဆယ်ရေး  ဆောင်ရွက်ရင်း အသက်ဆုံးရှုံးခဲ့သူတွေအတွက်လည်း လွန်စွာဝမ်းနည်းမိပါတယ်။

နိုင်ငံတော်အကြီးအကဲအနေနဲ့လည်း ရေဘေးသင့်ဒေသတွေ၊ နေရာတွေကို အချိန်နဲ့တစ်ပြေးညီ   သွားရောက်ပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးနေတာတွေ   တွေ့မြင်နေရပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့မှာဆိုရင် မနက်ပိုင်းမှာ တပ်ကုန်းမြို့နယ်ကိုသွားတယ်။ အဲဒီက အပြန်မှာ ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းကို သွားပါတယ်။ ရေဘေးရှောင် ပြည်သူတွေကို အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေနဲ့ စားသောက်ဖွယ်ရာပစ္စည်းတွေ ပေးခဲ့ပါတယ်။  နိုင်ငံတော်အကြီးအကဲကိုယ်တိုင်လာရောက်အားပေးတာမို့   ပြည်သူတွေအနေနဲ့ အားရဝမ်းသာဖြစ်နေကြပါတယ်။  အဲဒီတွေ့ဆုံပွဲမှာ နိုင်ငံတော်အကြီးအကဲရဲ့ ရင်ထဲကစကားသံကိုလည်း  ပြည်သူတွေ  ကြားသိပြီးဖြစ်ပါတယ်။  ပျက်စီးဆုံးရှုံးခဲ့တဲ့ နေရာတွေကိုပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက်  နိုင်ငံတော်က ဦးဆောင်ပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာလည်း ဆောင်ရွက် နေတာဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က   ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူတွေကို တွေ့ဆုံအားပေးစကား ပြောကြားရာမှာတော့ ‘‘သဘာဝဘေးအန္တရာယ်ဆိုတာက ရှောင်ရှားလို့မရဘူးပေါ့ဗျာ၊  တကယ်တော့    စိတ်မကောင်းဘူးပေါ့လေ၊ နိုင်ငံတော်ရဲ့   ဆုံးရှုံးမှုဆိုတဲ့ ဟာထဲမှာလည်း ခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှုများပါသလို၊ နိုင်ငံတော်က   တည်ဆောက်ထားတဲ့ လမ်းတို့၊ တံတားတို့ အဆောက်အဦတွေ၊  စက်ရုံအလုပ်ရုံတွေ၊ လျှပ်စစ်ဓာတ်ပေးဝေရေး လုပ်ငန်းတွေ၊  ဆက်သွယ်ရေး လုပ်ငန်း၊   ဒါတွေလည်း နိုင်ငံတော်ရဲ့ ဆုံးရှုံးသွားတာပဲ၊  ခင်ဗျားတို့လည်း ခင်ဗျားတို့ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားတာပဲ၊ ခုနက ကျွန်တော်မေးတယ်၊ ဘာတွေရခဲ့လဲဆိုတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုတည်းလို့ ဖြေတဲ့သူလည်းပါတယ်၊

တချို့လည်းရတဲ့ဟာတွေ ကောက်ဆွဲလာရတာတွေပါတယ်၊  တချို့လည်း နောက်ဆုံးတော့ သွားနေကျစျေးခြင်းလေး ပါလာတယ်၊ ဘာပစ္စည်းမှမပါဘူး၊ လူကအဲ့အချိန်မှာ  ထူပူနေကြပြီကိုး၊  ဆွဲမိဆွဲရာဆွဲလာတာပေါ့၊ တော်သေးတယ်၊ ကလေးတွေပါလာလို့၊ ကျွန်တော်တို့ ဟိုဘက်မှာဆို ကလေးတွေပါသွားတာရှိပါတယ်၊ စိတ်လည်းမကောင်းပါဘူး၊  အတတ်နိုင်ဆုံးခင်ဗျားတို့  မူလအခြေအနေအတိုင်း ဖြစ်အောင်တော့ ကျွန်တော်တို့   ကူညီပေးပါမယ်’’လို့ နိုင်ငံတော်အကြီးအကဲက အားပေးစကားပြောကြားခဲ့ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ သေဆုံးမှုအတွက်လည်း  လျော်ကြေးငွေ ပေးနေပါတယ်။  နောက်ဒဏ်ရာရတဲ့သူတွေကို နောက်တစ်ခါ   ဆေးကုသမှုအတွက် ထောက်ပံ့ကြေးတွေ ပေးသလို ပျက်စီးသွားတဲ့   အဆောက်အအုံတွေအတွက်လည်း ထောက်ပံ့ပေးဖို့ တွက်ချက်လျက်ရှိပါတယ်။  လုံးဝပျက်သွားတဲ့အိမ်ဆိုရင် ဘယ်လိုပေးမယ်၊   ရိုးရိုးအိမ်ဆိုရင် ဘယ်လောက်ပေးမယ်၊ တစ်ထပ်အိမ်ဆိုရင် ဘယ်လောက်ပေးမယ်၊ နှစ်ထပ်အိမ် ဆိုရင် ဘယ်လောက်ပေးမယ်ဆိုတဲ့ အစီအစဉ်တွေလည်း ရှိထားပြီးဖြစ်ပါတယ်။

နိုင်ငံတော်ကဆောင်ရွက်ပေးမယ့် အစီအမံတွေအတွက် ရေဘေးသင့်ပြည်သူတွေ ဝမ်းသာနေကြပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့   အားပေးစကားက ပြည်သူတွေကို အားတက်စေပါတယ်။ ယခု(စက်တင်ဘာလ ၂၁ ရက်နေ့)အလှူငွေပေးအပ်ပွဲကလည်း ရေဘေးသင့်ပြည်သူတွေ ဘဝကို မြင့်မားစေမှာဖြစ်ပါတယ်။နိုင်ငံတော်အစိုးရ အနေဖြင့် သဘာဝဘေး အန္တရာယ်ကြောင့် သေဆုံးသွားသူတွေကို တစ်ဦးလျှင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ် ၅ သိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှငွေကျပ် ၃ သိန်း စုစုပေါင်းငွေကျပ် ၈ သိန်းကို   ကျန်ရစ်သူမိသားစုတွေထံ ထောက်ပံ့ပေးအပ်နေပါတယ်။ ထို့ပြင်သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များကလည်း   သီးခြားထပ်ဆောင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း     အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားပါတယ်။  ထိုသို့ထိခိုက်ဒဏ်ရာ ရခံစားခဲ့ရမှုအခြေအနေနဲ့  အိုးအိမ်ပျက်စီးဆုံးရှုံးမှု အခြေအနေတွေအပေါ်မူတည်ပြီး နိုင်ငံတော်အစိုးရက လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ    ဆက်လက် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

ကူညီကယ်ဆယ်ရေးတွေအနေနဲ့ နယ်မြေခံတပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ ပရဟိတအသင်းအဖွဲ့တွေက   ကူညီကယ်ဆယ်ရေးတွေ၊  လှူဒါန်းမှုတွေ   ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုတွေနဲ့ စေတနာရှင်ပြည်သူတွေကလည်း စဉ်ဆက်မပြတ် လှူဒါန်းမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။ ရေဘေးရှောင်ပြည်သူတွေအတွက် ကျောက်မျက်ကုမ္ပဏီတွေ၊ စိန်ရွှေရတနာဆိုင်တွေ၊  ဘဏ်တွေ၊  တစ်သီးပုဂ္ဂလအလှူရှင်တွေ၊   အသင်းအဖွဲ့အလိုက်အလှူရှင်တွေကလည်း   အားတက်သရော လှူဒါန်းမှုတွေ   ပြုနေကြပါတယ်။

တိုင်းစစ်ဌာနတွေအလိုက်   နယ်မြေခံ တပ်မတော်သားများနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကလည်း စားသောက်ဖွယ်ရာတွေ လှူဒါန်းမှုတွေ မြင်တွေ့နေရပါတယ်။  ရေတွေပြန်လည် ကျဆင်းသွားတဲ့ အချိန်မှာလည်း  တပ်မတော်သားတွေအနေနဲ့ လမ်းတွေ၊ အဆောက်အအုံတွေမှာ  တင်ကျန်ခဲ့တဲ့နုန်းနဲ့ အမှိုက်တွေ  ရှင်းလင်းခြင်းတွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ရေဘေးသင့်   ပြည်သူတွေအတွက် ပြည်တွင်းက အလှူရှင်တွေက စေတနာသဒ္ဓါတရား ထက်သန်စွာ လှူဒါန်းမှုပြုနေကြတဲ့ သတင်းတွေဟာ အားရဖွယ်ကောင်းလှပါတယ်။ သြော်-တို့မြန်မာတွေဟာ သဒ္ဓါမချို့တဲ့သူတွေပါလားလို့ တွေးမြင်ပြီးလှူဒါန်းမှု အစုစုအတွက် သာဓုခေါ်ဆိုမိပါတယ်။အခုဆိုရင်  ပြည်တွင်းသာမက ပြည်ပကအလှူရှင်တွေလည်း  စတင်လို့လာရောက် လှူဒါန်းနေကြပါပြီ။  မြန်မာနိုင်ငံရေဘေးဒဏ်သင့် ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရမှပေးပို့သည့်  အကူအညီ ပစ္စည်းများနဲ့ အာဆီယံသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်း စာနာမှုအကူအညီပေးရေး ညှိနှိုင်းမှုဌာန(AHA Centre)က ပေးပို့တဲ့  အကူအညီပစ္စည်းတွေကို စက်တင်ဘာလ ၁၇ ရက်နေ့မှာ လက်ခံရရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ရေဘေးဒဏ်သင့်ပြည်သူတွေအတွက် အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို မည်သူတစ်ဦးတစ်ယောက်မျှ  မကျန်ရှိစေရေး‘‘မူ’’နဲ့  ဆောင်ရွက်လျက်ရှိတာမို့ ကူညီကယ်ဆယ်ပေးသူများ၊ လှူဒါန်းမှု ပြုသူများအားလုံးအတွက်  ကြည်နူးပီတိ ဝမ်းသာဂုဏ်ပြုမှုဖြစ်ရပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်နေပါစေ နိုင်ငံတော် အစိုးရ၊  ပြည်သူနဲ့ တပ်မတော်အနေနဲ့

ကတော့   ရေဘေးသင့်ပြည်သူတွေရဲ့ အနာဂတ်ကို အကောင်းဆုံး ဖန်တီးပုံဖော်ပေးလျက် ရှိပါတယ်။ မကြာမီအချိန်ကာလ အတွင်းမှာတော့ ရေဘေးသင့်ဒေသနဲ့ ပြည်သူတွေရဲ့ အနာဂတ်ဟာ အကောင်းဆုံး ဖြစ်လာတော့မှာပါ။ ဒါ့ကြောင့်မို့ ရွှေရောင်အနာဂတ်ဆီသို့ ကြည်ဖြူစွာလှမ်းကြစို့လို့ တိုက်တွန်း အားပေးလိုက်ပါတယ်။   ။